ဆုငွေကျပ်သိန်း တစ်သောင်းငါးထောင် ချီးမြှင့်မည့် ကျပ် ၁၀၀၀ တန် အောင်ဘာလေထီလက်မှတ်များ ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ရောင်းချမည်

နေပြည်တော် ၂ ဇန်နဝါရီ

(၁)ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေထီလက်မှတ်များကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ စတင်ရောင်းချသွားမည်ဖြစ်ပြီး (၂၄)ကြိမ်မြောက် ၅၀၀ ကျပ်တန် အောင်ဘာလေထီလက်မှတ်များကိုလည်း ပူးတွဲရောင်းချ သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

အဆိုပါ ၁၀၀၀ ကျပ်တန် အောင်ဘာလေထီအတွက် အမြင့်ဆုံးဆုမှာ ကျပ်သိန်း ၁၅၀၀၀ (ကျပ်သိန်းတစ်သောင်းငါးထောင်) ချီးမြှင့်မည်ဖြစ်ပြီး ၅၀၀ ကျပ်တန် အောင်ဘာလေထီအတွက် အမြင့်ဆုံးဆု ကျပ်သိန်း ၁၀၀၀၀(ကျပ်သိန်းတစ်သောင်း) ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ ထီစာအုပ် ရောင်းချရငွေအပေါ် ခွဲဝေချီးမြှင့်မည့် ဆုမဲစာရင်းများကို ထီဖွင့်ပွဲမတိုင်မီတွင် ထပ်မံကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အသစ်ထွက်ရှိလာမည့် ငွေကျပ် ၁၀၀၀ တန် အောင်ဘာလေထီလက်မှတ်များမှာ အလျား ၁၃ ဒသမ ၈ စင်တီမီတာ၊ အနံ ၆ ဒသမ ၄ စင်တီမီတာရှိပြီး (၁)ကြိမ်မြောက် ငွေကျပ် ၁၀၀၀ ကျပ်တန်အောင်ဘာလေထီလက်မှတ် နမူနာကိုလည်း ဖော်ပြထားကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။ 

MDN