ဆယ်လီနာဂိုမက်ဇ်ရဲ့ တေးအယ်လ်ဘမ်သစ် Rare

ကျော်ကြားတဲ့ အမေရိကန်ပေါ့ပ်ကြယ်ပွင့် ဆယ်လီနာဂိုမက်ဇ်ရဲ့ တေးအယ်လ်ဘမ်သစ်ဟာ လတ်တလောမှာ ထွက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒီတေးအယ်လ်ဘမ်သစ်မှာ ပါဝင်တဲ့ တေးသီချင်းတွေဟာ ပေါ့ပ်ကြယ်ပွင့်နဲ့ ဂျက်စတင်ဘီဘာတို့ရဲ့ အချစ်ဇာတ်လမ်းအကြောင်း ရေးသားထားတာဖြစ်ကြောင်း တေးအယ်လ်ဘမ်ထွက်ရှိပြီးနောက် ပရိသတ် တွေက ဝေဖန်ခဲ့ကြကြောင်း အီးတီအွန်လိုင်း ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆယ်လီနာဂိုမက်ဇ်က သူ့ရဲ့ တတိယမြောက် စတူရီယိုတေးအယ်လ်ဘမ် Rare ကို ဇန်နဝါရီ ၁၀ ရက်က စတင်ထုတ်လွှင့်ပေးခဲ့တာ ဖြစ်ပါတယ်။ တေးအယ်လ်ဘမ်သစ်မှာ ပါဝင်နေတဲ့ တေးသီချင်းတွေရဲ့ စာသားတွေဟာ ဆယ်လီနာရဲ့ ခံစားချက်တွေဖြစ်ကြောင်းလည်း ပရိသတ်တွေက ထင်ကြေးပေးကြပါတယ်။

ဆယ်လီနာဂိုမက်ဇ်ဟာ အဆိုပါတေး အယ်လ်ဘမ်ကို မထုတ်လွှင့်မီ တေးအယ်လ် ဘမ်မှာပါဝင်တဲ့ တေးသီချင်းနှစ်ပုဒ်ကို ထုတ်လွှင့်ပေးခဲ့ပါတယ်။ “Lose You To Love Me”နဲ့ “Look At Her Now” တေးသီချင်းတွေကို ဦးစွာထုတ်လွှင့်ပေးခဲ့တာဖြစ်ပြီး ဒီတေးသီချင်းတွေဟာ ဂျက်စတင်ဘီဘာနဲ့ သူ့ရဲ့အကြောင်းကို ဖွဲ့သီထားတာပါ။ ဒါ့အပြင် ဂျက်စတင်ဘီဘာနဲ့ပတ်သက်ပြီး အသည်းကွဲခဲ့ရကာ ပြန်လည်ကောင်းမွန်အောင် ကြိုးပမ်းခဲ့ရတဲ့အကြောင်းအရာတွေလည်း ပါဝင်နေပါတယ်။ တေးအယ်လ်ဘမ်တစ်ခုလုံးထုတ်လွှင့်ခဲ့ချိန်မှာ ယင်းအယ်လ်ဘမ်မှာပါဝင်နေတဲ့ တေးသီချင်းတွေဟာ ဆယ်လီနာဂိုမက်ဇ်ရဲ့ ခံစားချက်တွေကို ထပ်မံလှစ်ဟပေးနိုင်ခဲ့ပြီး ဆယ်လီနာအနေနဲ့ ပိုမိုကောင်းမွန်တဲ့ နေရာသစ်တစ်ခုဆီကို ဦးတည်လျှောက်လှမ်းနေကြောင်းလည်း ခံစားသီဆိုထားတာ တွေ့ရပါတယ်။