စီးဆင်းနေသော သမဝါယမမြစ်တစ်စင်း

mdn

သတင်းဆောင်းပါး - ခိုင်လွမ်းဝေ(ကန္ဒရဝတီ)

 

အတန်ငယ်ငြိမ်သက်နေသော သမဝါယမသည်ကား ကိုဗစ်ကာလအတွင်းမှာ လှုပ်ခတ် လာခဲ့ချေပြီ။ အားလုံး သိကြသည့်အတိုင်းပင် ကိုဗစ်-၁၉ ကြောင့် မြန်မာပြည်၏ စိုက်ကုန် တော်တော်များများ တရုတ်ပြည်သို့ တင်ပို့၍ မရတော့။ ထွက်ရှိလာသော ထွက်ကုန်များကလည်း ဘယ်လိုလုပ်ရမည်မသိ။

 

သည်အတိုင်း ကြည့်နေရုံကတော့ ဘာမှ ဖြစ်လာမည်မဟုတ်။ ပစ္စည်းများကလည်း ရေရှည် အထားမခံသည်လည်း ရှိသည်။ အထားခံတာလည်း ရှိသည်။ ပစ္စည်းများ ရောင်းမထွက်တော့ အချိန်ကုန် ငွေပုပ်ချေပြီ။ သည်အတိုင်းသာဆို နောင်နှစ် ဘယ်လို ပြန်ရင်းရပါ့ဟု တောင်သူများ သောကများနေကြရပြီ။ မိမိတို့ သွေး၊ ချွေးတို့ဖြင့် ရင်းနှီးထားရသော ထွက်ကုန်များ အဟောသိကံ ဖြစ်တာကိုလည်း အဖြစ်မခံနိုင်။ ရှုံးသည်၊ မြတ်သည် အသာထား။ စားသုံးသူလက်ထဲ အကျိုးရှိစွာ ရောက်ရှိသွားမည်ဆိုလျှင် တောင်သူဦးကြီးများ စိတ်ချမ်းမြေ့ကြရမှာ အမှန်။

 

အခုတော့ ကြည့်ပါဦး၊ ရှမ်းပြည်နယ်ထွက် ဂေါ်ဖီထုပ်တွေ မရောင်းနိုင်ဖြစ်နေပြီ။ မကွေးတိုင်း ဒေသကြီး ဆိပ်ဖြူက ကြက်သွန်နီများကလည်း ထိုနည်း လည်းကောင်း၊ ရှမ်းပြည်နယ်မှမဟုတ်၊ စိုက်ပျိုးရေး ထွက်ကုန်ဖြင့် အဓိက အသက်မွေးဝမ်းကျောင်းပြုနေ ကြသော အနယ်နယ်အရပ်ရပ်ရှိ တောင်သူဦးကြီး များလည်း အခက်အခဲရှိကြမည်ဖြစ်သည်။

 

ရှမ်းပြည်နယ်မှ တောင်သူဦးကြီးများ၏ အဆင်မပြေ မှုများ၊ ညည်းညူသံများ ကြားသိနေရသောအခါ ကမ္ဘောဇ ဘဏ်နာယက ဦးအောင်ကိုဝင်းက တောင်သူများ အရင်းအနှီး ပြန်လည်ရစေခြင်းငှာ၊ တောင်သူများထံမှ ဂေါ်ဖီထုပ်များ ဝယ်၍လှူဒါန်းခဲ့သည်ဟု ဆိုပါသည်။ အလားတူ ရှမ်းပြည်နယ် သမဝါယမအသင်းစုချုပ်မှ ကုန်ပစ္စည်းများ လက်ခံဖြန့်ဖြူးပေးနိုင်မည့် တိုင်းဒေသ ကြီး/ ပြည်နယ်သမဝါယမအသင်းစုချုပ်များနှင့် ချိတ်ဆက်၍ ပေးပို့ခဲ့ပါသည်။ ရှမ်းပြည်နယ် သမဝါယမ အသင်းစုချုပ်မှ ပေးပို့လိုက်သည်ဆိုသော်လည်း ကုန် မှာယူထားသော တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ သမဝါယမ အသင်းစုချုပ်များက သယ်ယူစရိတ် ခံယူ ကြရသည်သာ။ ၎င်းတို့မှတစ်ဆင့် သက်ဆိုင်ရာ မြို့နယ် သမဝါယမအသင်းစုများက ကုန်အရေအတွက် အချိန် အလိုက် အချိုးကျကျခံကြရမည် ဖြစ်သည်။

 

ရှုံးသည်၊ မြတ်သည် ပဓာနမထား။ အရေးကြီးက သွေးနီးကြဆိုသလိုပင် သမဝါယမသည် အခက်တွေ့နေ သော တောင်သူဦးကြီးများအတွက် တစ်ဖက်တစ်လမ်းမှ တာဝန်ယူထမ်းရွက်လိုက်ခြင်းပင်။ တောင်သူဦးကြီး များသည် သမဝါယမအသင်းသားများ ဖြစ်ကောင်း ဖြစ်ချင်မှ ဖြစ်မည်။ သည်လို အတိဒုက္ခရောက်နေချိန်တွင် တစ်သွေးတည်း တစ်သားတည်း စိတ်ဓာတ်ဖြင့် သမဝါယ မအသိ စိတ်ဓာတ်ဖြင့် ဖြန့်ဖြူးပေးခြင်းသာဖြစ်သည်။

 

အရောင်မဆိုး၊ အကျိုးမမျှော်ကိုးသည့် သမဝါယမ သည် စားသုံးသူ ပြည်သူများ၊ သမဝါယမ အသင်းသားများ လက်ဝယ်အရောက် စေတနာဖြင့် ဝေငှခြင်းများ ပြုနိုင် ခဲ့သည်။ တစ်နည်းဆိုရသော် အိပ်မောကျနေသော သမဝါယမအသင်းသားများ၏ မှတ်ဉာဏ်ကို လှုပ်ခပ် နှိုးဆွလိုက်ခြင်းပင်။

 

သည့်နောက်တော့ မကွေးတိုင်းဒေသကြီး ဆိပ်ဖြူ က ကြက်သွန်နီများကို ရှမ်းပြည်နယ် သမဝါယမအသင်းစု ချုပ်သို့ လည်းကောင်း၊ ရှမ်းပြည်နယ်ထွက် ကြက်သွန်ဖြူ၊ အာလူးတို့ကို မကွေးတိုင်းဒေသကြီး သမဝါယမအသင်း စုချုပ်သို့ လည်းကောင်း၊ အပြန်အလှန် ကုန်စည်စီးဆင်း ခြင်းဖြင့် သမဝါယမအခန်းကဏ္ဍကို နိုးကြားစေလိုက် သည်။ ဈေးနှုန်းလည်း သက်သာ၊ အချိန်လည်းမှန်သော ကုန်ပစ္စည်းများကို မြန်ဆန်စွာ ဖြန့်ဖြူးနိုင်ရန် အရေးကြီး ပါသည်။ ကုန်ပစ္စည်းများက မိုးထဲလေထဲက ရောက်ရှိ လာသည် မဟုတ်ပါလား။

 

ထို့ကြောင့်လည်း ကုန်ပစ္စည်းများ မရောက်လာခင် ကတည်းက ဝယ်ယူလိုသော အခြေခံသမဝါယမ အသင်း များနှင့် ချိတ်ဆက်ထားပြီးဖြစ်သည်။ အခြေခံသမဝါယမ အသင်းဟုဆိုရာတွင် ရောင်းဝယ်ရေးသမဝါယမ အသင်းသာမဟုတ်၊ ရပ်ကွက်/ ကျေးရွာကိုယ်စားပြု အသင်းများ၊ လက်လုပ် လက်စားငွေစုငွေချေးသမဝါယမ အသင်းများ၊ အသေးစားငွေစုငွေချေးသမဝါယမအသင်း များလည်း ပါဝင်ပေသည်။

 

သည်လို ဝယ်ယူအောင်လည်း အခြေခံအသင်းများကို စည်းရုံးရပါသည်။ အမှန်ဆိုရပါလျှင် အခြေခံသမဝါယမ အသင်း တော်တော်များများသည် ငွေစုငွေချေးသမဝါယမ အသင်းများမှတစ်ပါး အသင်းဆိုင်မြေနေရာငှားရမ်းခြင်း၊ ဆိုင်ခန်းငှားရမ်းခြင်းဖြင့်သာ မျောပါနေကြသည်က များပါ သည်။

အခုလည်း ကြည့်လေ၊ မခင်မွှေးတို့မြို့နယ်က ရောက်ရှိလာသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူးတို့ကို ဆိုင်အရောက်ပို့စနစ်ဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့သည်။

 

သည်တော့လည်း လျင်မြန်၊ မြန်ဆန်စနစ်ဖြင့် အရောက်ပို့လိုက်ခြင်းက ပို၍အကျိုးရှိပေလိမ့်မည်။ ဈေးနှုန်း သက်သာ၊ အချိန်မှန်ကန်စွာ ရောက်ရှိလာသော ကုန်ပစ္စည်း ကို အသင်းသားများ စားသုံးရခြင်းသည် ငြိမ်သက်နေသော သမဝါယမအပေါ် ယုံကြည်အားကိုးမှုများ ရှိလာလိမ့်မည်ဟု မခင်မွှေး တွေးထင်မိပါ၏။ ဤသို့ဆောင်ရွက်ပေးခြင်း အားဖြင့် ကုန်ပစ္စည်းမှာယူလိုသော အသင်းများလည်း ရှိလာသည်။ ထိုသို့ တကူးတက သွားရောက်ပို့ဆောင် ပေးရသည့်အတွက် မြို့နယ်သမဝါယမအသင်းစုအတွက် အရှုံးကာမိစေခြင်းငှာ စရိတ်အနည်းငယ် တင်ခဲ့ရပါသည်။ အခြေခံသမဝါယမအသင်းများသည်လည်း စိတ်ပါဝင်စား လာသည်ဟု ဆိုရပေမည်။ အသင်းများလှုပ်ရှားလာခြင်းသည် ကောင်းမွန်သောလက္ခဏာပင် မဟုတ်ပါလော။ အသင်းများ ပါဝင်လှုပ်ရှားလာခြင်းအားဖြင့် အသင်းသားများလည်း ပါဝင်လာနိုင်ပါသည်။ သမဝါယမအသင်းသား မရှိလျှင် သမဝါယမအသင်းမဖြစ်နိုင်။ သမဝါယမအသင်းမရှိလျှင် သမဝါယမအသင်းစုများလည်း မရှိနိုင်။ သမဝါယမအသင်းစု မရှိလျှင် သမဝါယမအသင်းစုချုပ်လည်း ရှိနိုင်မည်မဟုတ်။ သမဝါယမအသင်းစုချုပ်များ မရှိလျှင် ဗဟိုသမဝါယမ အသင်းသည်လည်း ရှိနိုင်ပါမည်လား။ မခင်မွှေး တွေးမိ တာပါ။

 

အသင်းသားသည် တစ်ဦးတစ်ယောက်မှစ၍ ဖွဲ့စည်း ရပါသည်။ ဤသို့ အသင်းသားများ စိတ်ပါဝင်စားလာအောင် စားသုံးသူများ၏ လိုအပ်ချက်၊ အကျိုးစီးပွားကို ဖြည့်စွမ်း နိုင်မှသာ အသင်းဟူ၍ ရေရှည်တည်တံ့ပါမည်။

 

သမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်းစုဟူသည် ခေါင်းနှင့် ပန်းသဖွယ်ဖြစ်သဖြင့် အတူတကွ ပူးပေါင်း ဆောင်ရွက်ကြမည်။

 

ပထမ ကိုဗစ်ကာလတုန်းက မခင်မွှေးတို့ နေထိုင်ရာ ဝင်းရှိ သက်ဆိုင်ရာလူကြီးများက လကုန်ပေးစနစ်ဖြင့် စားသောက်ကုန်များ ရောင်းချပေးခဲ့ဖူးသည်။ ခိုင်မာသော အလုပ်သမားများ ဖြစ်တာကြောင့် လကုန်သည်နှင့် ကြွေးမြီ များကောက်ခံခဲ့သည်။ သူတို့လည်း အခက်အခဲဖြစ်နေချိန် ဆိုတော့ ဝမ်းသာအားရ အားပေးခဲ့ကြသည်လေ။

 

သည်အတွေ့အကြုံလေးကို မခင်မွှေးက ကျင့်သုံး လိုက်၏။ အမြတ်ကို အဓိကမထား။ စရိတ်စက အတွက်တော့ ထည့်တွက်ရသည်။ သည့်အတွက် အကျိုး အမြတ်ကတော့ မခင်မွှေးအတွက် တစ်လသုံးရန် ကုန်ပစ္စည်းများ လက်ဝယ်ကျန်ရစ်ခဲ့သည်။ သည်တစ်လ အတွက်တော့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူး ဝယ်မစားရတော့ပြီ။ အလုပ်လုပ်သောအကျိုးကို မခင်မွှေး သဘောပေါက်သွားပြီ။ အရင်းအနှီးကလည်း မစိုက်ရ။ မြို့နယ်သမဝါယမအသင်းစုက လကုန်အထိ ဆိုင်းပေးခဲ့ သည့်အတွက် မခင်မွှေးစိုက်ထုတ်လိုက်သည်က ဝါယမသာ ဖြစ်သည်။ သည့်ထက်ပိုရောင်းလျှင် ပိုအမြတ်အစွန်း မကျန်နိုင်ပါပြီကော။ သမဝါယမဟူသည်လည်း အတ္တလည်း မဟုတ်၊ ပရဟိတလည်း မဟုတ်။ အတ္တနှင့်ပရဟိတ ပေါင်းစပ် ထားခြင်းသာ ဖြစ်သည်။ ဆီရောင်းလျှင် ဆီခွက်ထဲ ကျန်သည်ကိုတော့ ပိုင်ဆိုင်ခွင့်ရမည်မှာ အမှန်ပင်။

 

သည်နေရာတွင် မခင်မွှေး အတွေးတစ်ခုဝင်ပါ၏။ မခင်မွှေးသည် အခြေခံစားကုန်ရောင်းချသော အသင်း၏ ဥက္ကဋ္ဌဆိုပါတော့။ မိမိအသင်းတိုးတက်အောင် ဤသို့ မစွမ်းဆောင်သင့်ဘူးလား။ မြို့နယ်သမဝါယမ အသင်းစုမှ အခြေခံဟင်းများကို စားသောက်ကုန်များလက်ကားဈေးဖြင့် ရောင်းချပေးလျှင်ကော။ သို့တည်းမဟုတ် အမှန်တကယ် ရောင်းချလိုသည့် အခြေခံသမဝါယမ အသင်းများအတွက် ချေးငွေများ ပံ့ပိုးပေးမည်ဆိုပါလျှင် အသင်းများ သက်ဝင် လှုပ်ရှားလာပေလိမ့်မည်။ မြို့နယ်သမဝါယမအသင်းစုသည် ငွေချေးပေးရန် အခြေအနေရှိကောင်းရှိချင်မှ ရှိပေလိမ့်မည်။ မြို့နယ်သမဝါယမအသင်းစုမှလည်း တိုင်းသမဝါယမ အသင်းစုချုပ်များသို့ ဆက်လက်တင်ပြပေးမည်ဆိုလျှင် တိုးတက်ရွေ့လျားနိုင်ပါသည်။

 

တိုင်းသမဝါယမအသင်းစုချုပ်များမှလည်း ချေးငွေ ထုတ်ပေးခြင်းသော်လည်းကောင်း၊ အနယ်နယ် အရပ်ရပ်မှ ပေးပို့လာသောကုန်များကို ပွဲရုံသဖွယ် စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်မည်ဆိုပါလျှင် တစ်ဆင့်ခံကုန်သည်များအား အမြတ်ပေးဝယ်ခြင်းမှ ကင်းဝေးသွားပေလိမ့်မည်။ ဤသို့ ဆိုပါလျှင် သမဝါယမအသင်းများအတွက် အမြတ်ပိုကျန် လာမည် ဖြစ်သည်။

 

ယခုဆိုလျှင် သမဝါယမသတင်းနှင့် ပညာပေးရေးမှ သမဝါယမဦးစီးဌာနများအား ဖိတ်ခေါ်ကာ ကုန်စည်များ ချိတ်ဆက်ပေးလျက် ရှိပါသည်။ မကြာသေးမီက ရှမ်း ပြည်နယ်မှ မြေပဲဆန်အနီ နှင့် အဖြူများ ရောင်းချလိုကြောင်း တင်ပြလာခြင်းအပေါ် ချိတ်ဆက်ပေးခဲ့ရာ ညောင်ဦးမြို့နယ် အတွင်း သမဝါယမအသင်းပိုင်ဆီစက်မှ ပိဿာချိန် ၄၀၀၀ ဝယ်ယူနိုင်ခဲ့ပါသည်။ အသင်းပိုင် ဆီစက်မှ မြေပဲဆီစစ်စစ် ရရှိစေပြီး ပြင်ပပေါက်ဈေး တစ်ပိဿာ ကျပ် ၆၀၀၀ ထက် လျှော့၍ ၅၆၀၀ ဈေးဖြင့် ရောင်းချပေးနိုင်ခဲ့ပါသည်။

 

ဤသို့ဆိုပါလျှင် သမဝါယမလုပ်ငန်းများ မအောင်မြင် သလောဟု မေးလာပါက အောင်မြင်နေသော အသင်း များစွာ ရှိနေသည်ဟု ဖြေရပေလိမ့်မည်။ သာဓကပြရလျှင် ရန်ကုန် တိုင်းဒေသကြီး ခရမ်းမြို့နယ်ရှိ ကုန်ပဒေသာဆိုင်၊ မရမ်းကုန်းမြို့နယ်ရှိ စိန်နဂါးစက်မှုလက်မှုကုန်ထုတ် သမဝါယမအသင်းမှ သဘာဝဓာတ်ငွေ့အသုံးပြု၍ မီးခံ အုတ်နှင့် မီးခံမြေမှုန့်များ၊ လျှပ်စစ်သုံး ကြွေသီးမျိုးစုံ ပစ္စည်းများ၊ ဘိုင်အိုဒီဇယ်သုံး ဖန်ပုလင်းများ၊ ဆေးဝါး စက်ရုံသုံး ဆေးပုလင်းများ၊ အလှဆင်ဖန်ထည်ပစ္စည်းများ ထုတ်လုပ်ပြီး နိုင်ငံပိုင် စက်ရုံ၊ အလုပ်ရုံများ၊ ဆေးဝါး စက်ရုံများနှင့် ပုဂ္ဂလိက စက်ရုံများသို့ ဖြန့်ဖြူးရောင်းချခြင်း၊ အင်းစိန်မြို့နယ်ရှိ ဆေးဝါးကျွမ်းကျင်သူများ သမဝါယမ အသင်းက ဆေးဝါးများ ထုတ်လုပ်ရောင်းချပေးခြင်း၊ ကြည့်မြင်တိုင်မြို့နယ်ရှိ သီရိစန္ဒာသမဝါယမအသင်းက ကုန်ကြမ်းပေးအပ်နှံလာသော ပြည်တွင်း ပြည်ပကုမ္ပဏီ အဖွဲ့အစည်းများ၏ အထည်များအား လုပ်ခပေး(CMP) စနစ်ဖြင့် လက်ခံချုပ် လုပ်ပေးခြင်းဖြင့် ပြည်တွင်း ပြည်ပ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ပြည်ပပို့ကုန် တင်ပို့နိုင်ခြင်း ဖြင့် နိုင်ငံခြားဝင်ငွေရအောင် ဆောင်ရွက်ပေးခြင်း၊ သည့်အပြင် ရှမ်းပြည်နယ် လွိုင်လင်ခရိုင်အတွင်းရှိ Green Gold ကော်ဖီစိုက်ပျိုး ထုတ်လုပ်ရေး သမဝါယမအသင်းမှ ပြင်သစ်နိုင်ငံသို့ အရည်အသွေးပြည့်မီ ကော်ဖီ တန်ချိန် ၁၉ ဒသမ ၂ တန် တင်ပို့နိုင်ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိအောင် ဆောင်ရွက် ပေးခြင်း၊ ပြည်တွင်းအနေဖြင့် ကျိုက်ထိုမြို့နယ်သမဝါယမအသင်းစုမှ နှစ်လပ်သီးနှံနှင့် ရာသီပေါ်သီးနှံများ စိုက်ပျိုးခြင်း၊ တနင်္သာရီတိုင်းဒေသကြီးမှ ရေထွက်ပစ္စည်း များကို စားသုံးသူလက်ဝယ်အရောက် ရောင်းချပေး ခြင်း၊ ကန်ကြီးထောင့်မြို့နယ် သမဝါယမအသင်းများမှ ပေါ်ဆန်းမွှေးမျိုးစေ့ ထုတ်လုပ်စိုက်ပျိုးခြင်း၊ မေမြို့မြို့မ ဈေးကြီးမှ ငွေစုငွေချေးလုပ်ငန်း၊ ညောင်ဦးမြို့နယ်ရှိ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ နေပြည်တော်ရှိ သမဝါ ယမအသင်းများက လယ်ယာအထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းများဖြင့် နိုင်ငံတော်၏ လယ်ယာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးလျက် ရှိခြင်း၊ ရပ်စောက်မြို့နယ်မှ ရွှေဂျင်းစိမ်းမျိုးစေ့ထုတ်လုပ် ရောင်းချခြင်း၊ မြောင်းမြမြို့နယ်ရှိ မြမျိုးသန့်မျိုးစေ့ သမဝါယမအသင်းက မျိုးစေ့စပါးများ ထုတ်လုပ်ရောင်းချ ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

 

ဤကဲ့သို့ အောင်မြင်နေသော သမဝါယမပုံရိပ် များကို မြင်တွေ့ကြားသိနေရသောအခါ အလွန်ဝမ်းသာ ပီတိဖြစ်ရပါသည်။ မြန်မာနိုင်ငံအနှံ့အပြားရှိ လက်လုပ် လက်စား သမဝါယမအသင်းများအား ချေးငွေများ ထုတ်ချေးပေးနိုင်ခဲ့သလို မွေးမြူရေးလုပ်ငန်းများကိုလည်း ချေးငွေများ ထုတ်ချေးပေးလျက်ရှိပါသည်။ အမှန်တကယ် လုပ်ဆောင်လျက်ရှိသော သမဝါယမအသင်းများအနေဖြင့် အကျိုးစီးပွား ဖြစ်ထွန်းသည်မှာ အမှန်ပင်။

 

ဥပမာပြရပါလျှင် ရှမ်းပြည်နယ် နောင်ချိုမြို့နယ် အသင်းစုမှ Exim Bank ချေးငွေများ ထုတ်ချေးနိုင်ခြင်းဖြင့် ကိုယ်ပိုင်မြေ အဆောက်အအုံမရှိသော အခြေအနေမှ အသင်းပိုင်မြေနှင့် အဆောက်အအုံဆောက်လုပ်နိုင်ခြင်း များ လုပ်ဆောင်နိုင်ခဲ့ပါသည်။

 

ဤသို့ဆိုလျှင် ဆိုင်ခန်းငှားရမ်းခလေး တစ်ခု တည်းအပေါ် မှီခိုပြီး ဝန်ထမ်းလစာ၊ အမှုဆောင်လစာ များ ရယူနေသော သမဝါယမအသင်းများလည်း ပြောင်းလဲချိန်တန်ပြီဟု ဆိုချင်ပါသည်။

 

နှစ်တစ်နှစ်၏ အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ပြုလုပ်၍ မခင်မွှေးအား ဖိတ်ကြားခံရတိုင်း အချို့သော အသင်းများကို မခင်မွှေး အကြံပြုစကားဆိုလေ့ရှိပါသည်။

 

ဥပမာ- အမှန်တကယ် ဝင်ငွေလိုအပ်နေသော၊ အိမ်နေရင်း ဝင်ငွေရရှိနိုင်သော၊ စက်ချုပ်လုပ်ငန်းကို လုပ်ကိုင်လိုသော အသင်းသားများရှိသည်ဆိုပါတော့၊ ထိုအသင်းသားအား အပ်ချုပ်စက်တစ်လုံးကို အရစ်ကျ စနစ်ဖြင့် ရောင်းချပေးလျှင် မဖြစ်နိုင်ဘူးလား။ ဆိုင်ကယ် ကယ်ရီဆွဲနေသော အသင်းသားတစ်ဦးကို ကိုယ်ပိုင် ဆိုင်ကယ်လေးဖြစ်လာအောင် နေ့သွင်းစနစ်ဖြင့် ဆိုင်ကယ် ဝယ်ပေးလျှင်ကော အသင်းဝင်ငွေ မတိုးနိုင်ပေ ဘူးလား။ ကိုယ်ပိုင်အိမ်ဆိုင်လေး တည်ချင်သော အသင်းသား တစ်ဦးကို ချေးငွေများ အရစ်ကျချေးပေးလျှင် မဖြစ်နိုင်ပေဘူးလား။

 

အဝေးကြီး၊ အကြီးကြီး မစဉ်းစားပါဘဲ၊ တစ်နိုင် တစ်ပိုင်လေး စတင်ရုံဖြင့် အကျိုးအမြတ် စတင်ရရှိလာ နိုင်ပါလိမ့်မည်။ သမဝါယမအသင်းတစ်သင်းမှစ၍ အနယ်နယ်အရပ်ရပ်ရှိ သမဝါယမအသင်းများအထိ သမဝါယမ အသိစိတ်ဓာတ်ဖြင့် စွမ်းဆောင်ကြမည်ဆို လျှင် သမဝါယမရေစီးကြောင်းသည် စဉ်ဆက်မပြတ် စီးဆင်းနေသော မြစ်တစ်စင်းအဖြစ် ရှင်သန်နေပေလိမ့် မည်ဟု မခင်မွှေး ယုံကြည်မိပါကြောင်း။ ။