စိတ်ဓာတ်ကျနေသလား၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ပါ

စိတ်ဓာတ်ကျချိန်မှာ သင့်အနေနဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ်ကိစ္စရပ်တွေကို မလုပ်နိုင်ဘဲ ဖြစ်နေတတ်ပါ တယ်။ လေ့ကျင့်ခန်းလုပ်ဖို့ဆိုရင် ဝေလာဝေးပါပဲ။ ဒါပေမယ့် သုတေသီများဟာ လေ့ကျင့်ခန်း ပုံမှန် လုပ်ခြင်း အားဖြင့် စိတ်ကျခြင်းကို သက်သာစေနိုင်တယ်လို့ဆိုကြပါတယ်။ စိတ်ကျန်းမာရေး ပညာရှင် များကလည်း စိတ်ကျနေသူများကို တတ်နိုင်သလောက် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့ တိုက်တွန်းကြ ပါတယ်။

 

တကယ်တော့ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ရုပ်ပိုင်းရော စိတ်ပိုင်းဆိုင်ရာကိုပါ အထောက်အကူပြုပါတယ်။ စိတ်ဓာတ်ကျချိန်မှာ တုံ့ပြန်မှုကောင်းကောင်းမရှိတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းအချို့ကို လေ့ကျင့်ခန်း လုပ်ခြင်းအားဖြင့် လှုံ့ဆော်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နေရထိုင်ရတာ သက်သောင့် သက်သာဖြစ်စေတဲ့ ဓာတ်ပစ္စည်းတွေ ဦးနှောက်မှ ထွက်ပေါ်စေတယ်လို့ သိရပါတယ်။ ဒါကြောင့် သင်လတ်တလော ရင်ဆိုင်နေရတဲ့ သောကတွေ၊ စိုးရိမ်ပူပန်မှုတွေကနေ အာရုံပြောင်းစေပြီး မိမိကိုယ်ကိုယုံကြည်စိတ် ဖြစ်ပေါ်စေပါတယ်။

 

လေ့ကျင့်ခန်းနှင့် ဦးနှောက်ကြား ဆက်စပ်မှု

 

မိမိလုပ်နေကြအလုပ်ကို စိတ်မပါလက်မပါဖြစ်ခြင်း၊ ဝမ်းနည်းခြင်း စတာတွေဟာ မကြာခဏ ကြုံရနိုင်တဲ့ ကိစ္စရပ်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ကျနေချိန်မှာတော့ တော်ရုံနဲ့ မပျောက်ဘဲ ရှိနေ တတ်ပါတယ်။ ဒီပြဿနာတွေကို ဖြစ်စေနိုင်တဲ့ အကြောင်းခြင်းရာလည်း များစွာရှိပါတယ်။ ဒီအထဲမှာ ဦးနှောက်ရဲ့ ဓာတ်ပြုပြောင်းလဲခြင်းတွေလည်း ပါဝင်နေပါတယ်။ စိတ်ဓာတ်ကျနေသူတွေရဲ့ ဦးနှောက်မှာ ဓာတ်ပြုအလုပ်လုပ်ပုံဟာ ပုံမှန်စိတ်နေစိတ်ထားရှိနေသူတွေနဲ့ ကွာခြားနေတတ်ပါတယ်။ အထူးသဖြင့် လူကို ရွှင်လန်းတက်ကြွမှု ဖြစ်စေတဲ့ ဟော်မုန်းများဟာ စိတ်ဓာတ်ကျနေသူတွေမှာ လျော့ကျ နေတတ်ပါတယ်။

 

ဥပမာပေးရရင် အင်ဒေါ်ဖင်လို့ခေါ်တဲ့ အာရုံကြောလျှပ်ကူးပစ္စည်းဖြစ်ပါတယ်။ အင်ဒေါ်ဖင်ဟာ ဟော်မုန်း တစ်မျိုးလည်း ဖြစ်ပါတယ်။ အင်ဒေါ်ဖင်ဟာ ကိုယ်လက်လှုပ်ရှား တက်ကြွချိန်မှာ ထွက်လာတတ်ပြီး လူကို ရွှင်လန်းတက်ကြွစေတဲ့အပြင် နာကျင်မှု၊ ဖိစီးမှုတွေကနေ သက်သာစေပါတယ်။

 

ကိုယ်လက်လှုပ်ရှားပြုလုပ်ချိန်မှာ အင်ဒေါ်ဖင်သာမကဘဲ ဒိုပါမင်း၊ နော်အပီနက်ဖရင်၊ ဆီရိုတိုနင် စတဲ့ ဟော်မုန်းတွေပါ ထွက်လာတတ်ပါတယ်။ အဆိုပါဟော်မုန်းများဟာ သင့်စိတ်ကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးရာမှာ အရေးပါပါတယ်။

 

ဥပမာ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ဆီရိုတိုနင်မြင့်တက်လာပါတယ်။ ဆီရိုတိုနင်ဟာ သင့်ကို စိတ်ကြည်လင်လန်းဆန်းစေပြီး နေရထိုင်ရကောင်းစေတဲ့ ခံစားချက်ကို ဖြစ်ပေါ်စေပါတယ်။ အစားအသောက် ကောင်းကောင်းစားချင်စိတ်ကိုဖြစ်စေပြီး အိပ်စက်ပုံကိုလည်း မှန်ကန်စေပါတယ်။ နှစ်ခြိုက်စွာ အိပ်မပျော်ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်အောင် မစားခြင်း စတာတွေဟာတွေဟာ စိတ်ကျချိန်မှာ ကြုံတွေ့ရများတဲ့ ကိစ္စရပ်တွေ့ဖြစ်ပါတယ်။

 

လေ့ကျင့်ခန်းပုံမှန်လုပ်ပေးရင် အဒရီနယ်လင်ဟော်မုန်းကို မျှတစေပါတယ်။ အဒရီနယ်လင်ဟာ ခြိမ်းခြောက်မှု၊ စိုးရိမ်မှု တခုခုကြုံလာရင် ကိုယ်ခန္ဓာကနေ တုံ့ပြန်နိုင်အောင် ထုတ်လုပ်ပေးတဲ့ ဟော်မုန်း ဖြစ်ပါတယ်။ ရေတိုအတွက် ကောင်းပေမယ့် ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်လာနိုင်ပါ တယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်ဆောင်ခြင်းအားဖြင့် အဒရီနယ်လင်ကို ထိန်းနိုင်ပါတယ်။

 

ဒါ့အပြင် လေ့ကျင့်ခန်းပြုလုပ်နေချိန်မှာ သင့်အနေနဲ့ ကိုယ်ခန္ဓာလှုပ်ရှားမှုတွေအပေါ် အာရုံစိုက်နေ ဖြစ်တာကြောင့် သင့်ကို အဆိုးမြင်အတွေးတွေ၊ စိတ်ကူးတွေကနေ အပြောင်းအလဲ ဖြစ်စေပါတယ်။ သင့်စိတ်ကို တည်ငြိမ်စေပါလိမ့်မယ်။

 

လူအများနဲ့ စုပေါင်းလုပ်ဆောင်ရင် ပေါင်းသင်းဆက်ဆံရေးအတွက်သာ အကျိုးရှိရုံမကဘဲ သင့်စိတ် အခြေအနေကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ လူအများနဲ့ စုဝေးပြီး လမ်းလျှောက်ခြင်း၊ ယောဂ လုပ်ခြင်း၊ အေရိုးဗစ်ဆော့ကစားခြင်း စတာတွေ လုပ်ဆောင်သင့်ပါတယ်။ သင့်ကို စိတ်ဓာတ်တက်ကြွစေ ရုံသာမကဘဲ အတွေးသစ်အမြင်သစ်တွေကိုပါ ရရှိစေနိုင်ပါတယ်။

 

ဘယ်လိုလုပ်ဆောင်မလဲ

 

လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်ရပါမယ်။ ဒီနေရာမှာ အင်အားကို အလွန်အကျွံ စိုက်ထုတ်သုံးစွဲပြီး လုပ်စရာမလိုပါဘူး။ သွေးလည်ပတ်မှုကောင်းအောင်၊ အသက်ရှူပိုကောင်းအောင် အဓိကထား လုပ်ဆောင်ရပါမယ်။ သွေးလည်ပတ်မှုကောင်းရင် ဦးနှောက်ကို သွေးပိုမိုရောက်ရှိနိုင်ပါတယ်။ အောက်ဆီဂျင် ပိုမိုရရှိပြီး ဦးနှောက်ရဲ့ လုပ်ငန်းတာဝန်တွေကို ပိုမိုလုပ်ဆောင်နိုင်ပါတယ်။

 

အရွယ်ရောက်ပြီးသူများအနေနဲ့ လေ့ကျင့်ခန်းကို တပတ်တာမှာ အနည်းဆုံး မိနစ် ၁၅၀ ခန့် လုပ်ဆောင် သင့်ပါတယ်။ တနေ့ကို နာရီဝက်နှုန်းနဲ့ တပတ်ကို ငါးရက်ခန့် လေ့ကျင့်ခန်းလုပ်သင့်တယ်လို့ သုတေသီများက အကြံပြုပါတယ်။

 

လမ်းလျှောက်ခြင်းဟာ လူတိုင်းနဲ့ သင့်တော်တဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ အထူးသဖြင့် စိတ်ဓာတ်ကျနေချိန်မှာ မိမိချစ်ခင်ရင်းနှီးသူများနဲ့ လမ်းအတူလျှောက်သင့်ပါတယ်။ မိမိကျန်းမာရေး အခြေအနေပေါ် မူတည်ပြီး ပြေးခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း စတာတွေ လုပ်ဆောင်နိုင်ပါတယ်။

 

တချိန်တည်းမှာပဲ အိပ်ရေးဝအောင်အိပ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစားအသောက်များကို စားသောက်သင့်ပါတယ်။ အာဟာရမျှတအောင်စားသောက်ခြင်းဟာ သင့်ဦးနှောက်ကို အကျိုးဖြစ်စေပြီး လေ့ကျင့်ခန်းလုပ်ဆောင်ရာမှာလည်း အထောက်အပံ့ဖြစ်စေပါတယ်။

 

နောက်ဆုံးအကြံပြုလိုတာကတော့ စိတ်ဓာတ်ကျပြီး ဘာမှ မလုပ်ချင်အောင်ဖြစ်နေရင် အနည်းဆုံး ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတော့ ပြုလုပ်ပေးပါ။ မိမိချစ်ခင်သူများနဲ့ အတူလုပ်နိုင်ရင် ကောင်းပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် သင့်ဦးနှောက်ထဲကနေ စိတ်ကြည်လင် လန်းဆန်း စေမယ့်၊ သင့်စိတ်ကို မြှင့်တင်ပေးမယ့် ဟော်မုန်းတွေ ထွက်လာပါလိမ့်မယ်။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn

ရေးသားသူ Dr.Thant Zin