စိတ်ခံစားမှုကင်း မှန်ကန်မှုဖြင့်အကဲဖြတ်

နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ ဒီဇင်ဘာလ ၁၁ ရက်နေ့က ပြုလုပ်သည့် မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာ နိုင်ငံက တင်သွင်းသည့်ကိစ္စအပေါ်နှုတ်ဖြင့် လျှောက်လဲ ခြင်း ဒုတိယနေ့ အစီအစဉ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် နိုင်ငံတော်၏ ကိုယ်စားလှယ်အနေဖြင့် တက်ရောက်ရှင်းလင်းပြောကြားခဲ့သည်။

 

ယခုကိစ္စတွင် လက်ရှိ နိုင်ငံတကာစာချုပ်စာတမ်းများ၏ အခြေခံအကျ ဆုံး စာချုပ်စာတမ်းများမှ တစ်ခုဖြစ်သည့် လူမျိုးပြုန်းတီးစေမှုတားဆီး ရေးဆိုင်ရာ ၁၉၄၈ ခုနှစ် ကွန်ဗင်းရှင်းကိုရည်ညွှန်း၍ ဂမ်ဘီယာနိုင်ငံကလျှောက်ထားလာခြင်းဖြစ်သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ရုံးတော် တွင် လူမျိုးပြုန်းတီးမှုဆိုင်ရာ ကမ္ဘာ့သမိုင်းအထောက်အထား အချက် အလက်များကို ထင်ဟပ်ဖော်ပြကာ ရခိုင်ပြည်နယ်အရေးကိစ္စအပေါ် မှန်မှန် ကန်ကန် အကဲဖြတ်သုံးသပ်နိုင်ရန် ရှင်းလင်းပြောကြားခဲ့ပြီး လူမျိုးပြုန်းတီးမှု ဆိုင်ရာ နိုင်ငံတကာအထောက်အထားများကို အသိပေးချပြခဲ့သည်။

 

လူမျိုးပြုန်းတီးစေမှုတားဆီးရေးဆိုင်ရာ ၁၉၄၈ ကွန်ဗင်းရှင်းသည် ဒုတိယကမ္ဘာစစ်အတွင်းက ဥရောပတိုက်ရှိ ဂျူးလူမျိုး ခြောက်သန်းကျော်ကို စနစ်တကျစီစဉ်အကွက်ချ သတ်ဖြတ်မှုများ ကျူးလွန်ခဲ့ပြီးနောက် ပေါ်ပေါက်လာသည့် ကွန်ဗင်းရှင်းတစ်ရပ်ဖြစ်သည်။ လူမျိုးပြုန်းသတ်ဖြတ်မှု ဆိုင်ရာ စွပ်စွဲအတည်ပြုခံရသည့် နိုင်ငံတကာဖြစ်စဉ်များတွင် ရဝမ်ဒါဖြစ်စဉ်သည်သာ အထင်အရှား ရှိခဲ့သည်။ လူမျိုးပြုန်းတီးစေသည့် ရာဇဝတ်မှုမျိုး ရဝမ်ဒါ နိုင်ငံရှိ လူမျိုးစုနှစ်စုဖြစ်ပွားခဲ့သည်။ ရဝမ်ဒါရှိ တွတ်စီလူမျိုးစုအားလုံး၏ ၇၀ ရာခိုင်နှုန်း သတ်ဖြတ်ခံခဲ့ရသည်။ ယင်းကိုတုံ့ပြန်ရန် ရဝမ်ဒါနိုင်ငံဆိုင်ရာ နိုင်ငံတကာရာဇဝတ်ခုံရုံးမှ စီရင်ခဲ့သည့်ကိစ္စမျိုး ရှိခဲ့ဖူးသည်။

 

၁၉၉၉ ခုနှစ် ကိုဆိုဗိုအရေးတွင် ဒေသခံပြည်သူ တစ်သန်းခန့် နေရပ် စွန့်ခွာမှုဖြစ်ပေါ်ချိန်၌ ယခင် ယူဂိုဆလားဗီးယားနိုင်ငံဆိုင်ရာ နိုင်ငံတကာ ရာဇဝတ်ခုံရုံးက လူမျိုးပြုန်းတီးစေမှုဟူ၍ အမည် တပ်ခြင်းမရှိခဲ့ပေ။ အလားတူ ၁၉၉၅ ခုနှစ်ကာလက ခရိုအေးရှားနိုင်ငံမှ ဆားဗီးယားလူမျိုးစုဝင် အားလုံးနီးပါး အလုံးအရင်းဖြင့် နေရပ်စွန့်ခွာမှုဖြစ်စဉ်များတွင်လည်း မည်သည့် ရာဇဝတ်ခုံရုံး၊ မည်သည့်တရားရုံးမှလူမျိုးပြုန်းတီးစေမှုဟူ၍ အမည်တပ်ခြင်း မရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ပစ်မှတ်ထားသည့် အုပ်စုတစ်စုလုံး သို့မဟုတ် ၎င်းအုပ်စု၏ တစ်စိတ်တစ်ပိုင်းကို ရုပ်ပိုင်းဆိုင်ရာအရ ဖျက်ဆီး ချေမှုန်းပစ်လိုသော ရည်ရွယ်ချက်ရှိသည်ဟူသည့် လိုအပ်ချက်မျိုး မတွေ့ရှိ သောကြောင့် ကိုဆိုဗိုအရေးနှင့်ခရိုအေးရှားအရေးတို့တွင် နိုင်ငံတကာ တရားရုံးများအနေဖြင့် ဥပဒေကြောင်းအရ သတ်မှတ်ချက်ထဲမှ အပြင်းထန် ဆုံးဖြစ်သည့် အသုံးအနှုန်းကို အသုံးပြုရန်ငြင်းဆန်ခဲ့သည်။

 

အဆိုပါ လူမျိုးပြုန်းတီးစေမှုဆိုင်ရာ နိုင်ငံတကာဖြစ်စဉ် အခြေအနေ များအား အပြည်ပြည်ဆိုင်ရာ တရားရုံးမှ တရားသူကြီးများ ထည့်သွင်းစဉ်းစား ပေးနိုင်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အလေးအနက်ထား ပြောကြားခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် လူမျိုးပြုန်းတီးစေမှုတို့နှင့် သက်ဆိုင် သည်ဟု ထင်မြင်ယူဆရသော အနည်းငယ်သောကိစ္စကိုပင် အလေးအနက်ထား ဆောင်ရွက် လျက်ရှိပြီး ရခိုင်ပြည်နယ်တွင် သိသာထင်ရှားသည့် လက်တွေ့ ကျသည့်လုပ်ငန်းစဉ်များ ဆောင်ရွက် ပေးနေချိန်၌ လူမျိုးပြုန်းတီးစေမည့် လုပ်ရပ်များ ဖြစ်ပေါ်နိုင်ခြင်းရှိ၊ မရှိ ဆန်းစစ်လေ့လာကြည့်လျှင် သိနိုင်ပေ သည်။ နိုင်ငံတကာဥပဒေသည် တစ်ကမ္ဘာလုံးတန်ဖိုးထားသော တစ်ခုတည်းသော စနစ်ဖြစ်သည်။ နိုင်ငံတကာတရားစီရင်ရေးစနစ်သည် ဘုံတန်ဖိုးထားမှုများကို အတည်ပြုထားသော ကျင့်ထုံးဖြစ်သည်။ ရခိုင်ပြည်နယ်အရေးကိစ္စတွင် အသိုင်းအဝိုင်းနှစ်ခုကွဲပြားမှု အလွန်အကျွံ ဆိုးရွား သွားစေမည့်မီးလောင်ရာလေပင့်မှုများသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့်သဟဇာတဖြစ်ရေးကို ထိခိုက်စေသည်။ အလွန်အကျွံကွဲပြားသည့် အသုံးအနှုန်းပြောဆိုချက်များ သည် အမုန်းတရားကိုသာ သက်ရောက်စေသည်။

 

သို့ဖြစ်ရာ နိုင်ငံတကာတရားရုံးအနေဖြင့် လူမျိုးပြုန်းတီးစေမှုဖြစ်ခြင်း ရှိ၊ မရှိ အခြားနိုင်ငံများ၏ ဖြစ်စဉ်များကို ချိန်ထိုးကြည့်၍ ရခိုင်ပြည်နယ်၏ မြေပြင်အနေအထားများကို စိတ်ခံစားမှု ကင်းရှင်းစွာဖြင့် တိကျမှန်ကန်စွာ အကဲဖြတ်နိုင်ရေးကို အလေးထားဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။

 

ုည