စိုင်းစိုင်းခမ်းလှိုင်က ပရိသတ်များနှင့်အတူ အသက်ရှူအထောက်အကူပြုကိရိယာကို ရန်ကုန်တိုင်းဒေသကြီးအစိုးရထံ လှူဒါန်း


ကိုလင်း

 

အဆိုတော် စိုင်းစိုင်းခမ်းလှိုင်နှင့် သူ၏ပရိသတ်များ၊ မိတ်ဆွေ လုပ်ငန်းရှင်များ၊ အနုပညာရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် ကျပ်သိန်း ၂၂၀ တန်ဖိုးရှိသော အသက်ရှူ အထောက်အကူပြု ကိရိယာတစ်လုံးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ မေ ၅ ရက်က လှူဒါန်းသည်။


အဆိုပါလှူဒါန်းမှုနှင့် ပတ်သက်၍ စိုင်းစိုင်းခမ်းလှိုင်က “ ဒီနေ့မှာ Birthday Show အလှူငွေထဲကနေ ရန်ကုန်တိုင်းဒေသကြီးအစိုးရကို အသက်ရှူ အထောက်အကူပြု ကိရိယာတစ်လုံး လှူဒါန်းခဲ့ပါတယ်။ ဒီစက်ကို ဖောင်ကြီးဆေးရုံမှာ ထားရှိမှာ ဖြစ်ပါတယ်။ စက်က မူလဈေးနဲ့ ကျပ်သိန်း ၂၂၀ တန်ဖိုး ကျသင့်မှာ ဖြစ်ပေမယ့် ကျွန်တော့်ကို discount ပေးတာရယ်၊ exchange rate ပြောင်းတာ ရယ်ကြောင့် အခုငွေရှင်းတဲ့အချိန်မှာ ကျပ် ၁၉၇၄၀၀၀၀ ပဲ ပေးချေခဲ့ရပါတယ်။ ဒါကြောင့် ကျွန်တော့်ဆီမှာ အလှူငွေ ကျပ် ၅၃၉၈၆၀ နဲ့ အမေရိကန်ဒေါ်လာ ၃၀၀၀ ကျန်ရှိ နေပါသေးတယ်။ နောက်တစ်ခေါက် ထပ်မံလှူဒါန်းပါမယ်ခင်ဗျ။ ဒီအလှူက ကျွန်တော့်ပရိသတ်များ၊ မိတ်ဆွေလုပ်ငန်းရှင်များနဲ့ Birthday Show မှာ ပါဝင်တဲ့ အနုပညာရှင်၊ အတတ်ပညာရှင်များရဲ့ စုပေါင်းအလှူဖြစ်ပါတယ်။ ဒီနေ့အထိ လှူဒါန်းပြီး စုစုပေါင်းက ကျပ် ၇၉၇၄၀၀၀၀ တိတိဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော်နဲ့အတူ ဦးဇော်မင်း (မင်္ဂလာရုပ်ရှင်ရုံ) ကလည်း ကျပ်သိန်း ၁၀၀ တိတိ ထပ်မံလှူဒါန်းခဲ့ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ” ဟု ၎င်း၏ လူမှုကွန်ရက်တွင် မေ ၅ ရက်က ရေးသားထားသည်။