စက်ရုံစွန့်ပစ်ပစ္စည်းမှ ဒေသတွင်း အလုပ်အကိုင်ရရှိနေသော ကြိုးလုပ်ငန်း

တောင်သာ ၅ မေ

 


မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်  တောင်သာမြို့နယ် ရွှေပြည်တော်အုပ်စု (ထန်းပေါက်ကုန်းအုပ်စု ဒေသအခေါ်) ပေါက်ကံစံပြကျေးရွာရှိ ကြိုးကျစ်လုပ်ငန်းများ ကောင်းမွန်နေပြီး ဒေသတွင်းရှိ ဒေသခံတို့အတွက် အလုပ်အကိုင်များ ဖန်တီးပေးနေကြောင်း အဆိုပါကျေးရွာရှိ ဒေသခံများထံမှ သိရသည်။
ပေါက်ကံစံပြ ကျေးရွာရှိ ကြိုးကျစ်လုပ်ငန်းကို ပလတ်စတစ်ကြိုးနှင့် ချည်ကြိုးဟူ၍ (၂)မျိုး ပြုလုပ်နေပြီး အမျိုးသား အမျိုးသမီးများမှ ပလတ်စတစ်ကြိုးဖြစ်အောင် အလွယ်တကူ ကျစ်လစ်နိုင်သော်လည်း ချည်ကြိုးမှာ အဆင့်ဆင့်လုပ်ကိုင်ရကြောင်း သိရသည်။

 

ိနန

 


ချည်ကြိုးကျစ်လုပ်သည့် ကုန်ကြမ်းကို အထည်စက်ရုံ ချည်စက်ရုံနှင့် ဂွမ်းဖတ်စက်ရုံတို့မှ စွန့်ပစ်ပစ္စည်းများကို ဝယ်ယူ၍ ချည်ထုတ်ယူရသော ဂွမ်းအဖြစ် ကုန်ချောဖြစ်အောင် ဂွမ်းဖတ်ရပြီး ဂွမ်းကို နှစ်ကြိမ်ခန့်ဖတ်ရကြောင်း သိရသည်။ ဂွမ်းဖတ်ထားသော ဂွမ်းချောကို ချည်ဖြစ်အောင် ထုတ်ယူရပြီး ထုတ်ယူရသောချည်ကို ကြိုးဖြစ်အောင် ကျစ်ရကြောင်း သိရလေသည်။ ထိုသို့ ချည်ကြိုးကျစ်ခြင်းကို အဆင့်ဆင့်လုပ်ကိုင်ရ၍ ဒေသခံများကလည်း ချည်ခုတ်သူ ဂွမ်းဖတ်သူ ဗိုင်းငင်သူ ကြိုးကျစ်သူဟူ၍ အလုပ်အကိုင်အသီးသီး  ရရှိနေခြင်းကြောင့် ဝင်ငွေအဆင်ပြေ ကောင်းမွန်နေကြောင်း သိရသည်။

 


ပေါက်ကံစံပြကျေးရွာတွင် ကြိုးကျစ်လုပ်ငန်းကို အိမ်ထောင်စု အတော်များများ လုပ်ကိုင်နေကြပြီး ကြိုးကျစ်လုပ်ငန်းအား တစ်နိုင်တစ်ပိုင် လုပ်ကိုင်သူများရှိသလို ကြီးကြီးမားမား လုပ်ကိုင်သည့် လူဦးရေ (၇)ဦးခန့်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

 

နနမတ

 


ထိုသို့ ကြီးကြီးမားမား လုပ်ကိုင်သော လုပ်ငန်းများတွင် အလုပ်သမား (၁၅)ဦးမှ (၂၀)ဦးအထိ လုပ်ကိုင်နေကြပြီး အလုပ်သမားများမှာ တစ်ရက်ဝင်ငွေ ၄၀ဝ၀ ကျပ်နှင့် ၅၀ဝ၀ ကျပ်အထိ ရရှိကြောင်း၊ ကျေးရွာရှိ ဒေသခံများ ကျေးရွာတွင်း၌ပင် ချည်ခုတ်သူ ဂွမ်းဖတ်သူ ဗိုင်းငင်သူ ကြိုးကျစ်သူဟူ၍ အလုပ်အကိုင်အသီးသီး  ရရှိနေခြင်းကြောင့် ဝင်ငွေအဆင်ပြေ၍ အလုပ်အကိုင်ကောင်းမွန်နေကြောင်း ကြိုးကျစ်နေ့စား လုပ်ကိုင်သူများထံမှ သိရသည်။

 


ကြိုးကျစ်လုပ်ငန်းလုပ်ကိုင်ရာတွင် တစ်နိုင်တစ်ပိုင် လုပ်ကိုင်သူများမှာ တစ်လလျှင် အချိန် ပိဿာ ၅၀ဝ နှင့် ၆၀ဝ ကြားပြီးစီးပြီး ကြီးကြီးမားမား လုပ်ကိုင်ကြသူများမှာမူ တစ်လလျှင် ကြိုးအချိန်ပိဿာ ၂၀ဝ၀ နှင့် ၃၀ဝ၀ ကြားအထိ ပြီးစီးလေ့ရှိကာ မြို့နယ်အသီးသီးမှ မှာယူ၍ လုပ်ကိုင်ရသော ကြိုးများမှာ အမျိုးမျိုးရှိပြီး ကိုင်ကြိုး ရေပုံချည်ကြိုး ထမ်းပိုးကြိုး အဝတ်လှန်းကြိုး ပုခက်ကြိုး စသည်တို့မှာ အများဆုံးလုပ်ကိုင်ရသော ကြိုးများဖြစ်ကြောင်း ကြိုးလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

 


ကျေးရွာထွက် ကြိုးများအား တစ်ပိဿာလျှင် ၂၈၀ဝ ကျပ်ရောင်းချရပြီး အနီရောင် အရောင်ကြိုးများမှာ တစ်ပိဿာလျှင် ၃၇၀ဝ ကျပ်ရောင်းချရကာ ဝါကြောဟုခေါ်သော (ဒေသအခေါ်)အဝါရောင် ကြိုးများကို တစ်ပိဿာ ၃၃၀ဝ ကျပ်၊ ပလတ်စတစ်ကြိုးကို တစ်ပိဿာလျှင် ၃၃၀ဝ ကျပ်ခန့်ဖြင့် ကုန်ဒိုင်သို့သွင်းနေရကြောင်း ဒေသတွင်း ကြိုးဈေးကွက်မှ သိရသည်။

 

နတတလ

 


ပေါက်ကံစံပြကျေးရွာ ကြိုးကျစ်လုပ်ငန်းမှ ရရှိသော ကြိုးများကို မိတ္ထီလာမြို့ ကျောက်ပန်းမြို့ ပျော်ဖွယ်မြို့ ကျောက်ပန်းတောင်းမြို့ နတ်မောက်မြို့ သာစည်မြို့ အစရှိသည့် မြို့နယ်အသီးသီးသို့ ရောင်းချနေရကြောင်း ကြိုးကျစ်လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

 


ပေါက်ကံကျေးရွာရှိ ကြိုးကျစ်လုပ်ငန်းများတွင် လုပ်ကိုင်သမျှ ရောင်းချနေ၍ပြီး ဒေသခံတို့မှာ လုပ်ငန်းလုပ်ကိုင်သူ(အလုပ်ရှင်)/ အလုပ်အကိုင်/ အရောင်းအဝယ်များသာမက ဒေသတွင်းအလုပ်သမားများလည်း အဆင်ပြေနေကြောင်း ကြိုးကျစ်လုပ်ငန်းလုပ်ကိုင်သည့် အလုပ်ရှင်များထံ သိရသည်။

 


ဘိုဘို(မလှိုင်)