စလင်းမြို့နယ်အတွင်းရှိ ကျေးရွာ(၂)ရွာအား မြို့ပေါ်ရပ်ကွက်အဖြစ် ပြင်ဆင်ဖွဲ့စည်း

စလင်း ၂ ဇန်နဝါရီ 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ယနေ့ မွန်းလွဲ ၁ နာရီက မြေမိကုန်းကျေးရွာနှင့် စာစီကျောင်း ကျေးရွာတို့အား ကျေးရွာစာရင်းမှ ပယ်ဖျက်၍ မြေမိကုန်းရပ်ကွက်နှင့် စာစီကျောင်းရပ်ကွက်ဟူ၍ မြို့ပေါ်ရပ်ကွက်အဖြစ် တိုးချဲ့ခြင်းအခမ်းအနားကို ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းဆက်တို့မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြိုနယ် လယ်ယာမြေ စီမံခန့်ခွဲရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်တင်မှ မြေတိုင်းတာရေး လုပ်ငန်းစဉ်များနှင့် မြေဂရမ်ရရှိရေးအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင် ဦးအေးကိုမှ မြို့ပေါ်ရပ်ကွက်အဖြစ် တိုးမြင့်လာခြင်းကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြောင်း၊ မြို့နယ်အင်္ဂါရပ်နှင့်အညီ လိုအပ်သည်များကို လုပ်ကိုင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဆယ်အိမ်မှူးများ အနေဖြင့်လည်း လိုအပ်သော ကူညီပံ့ပိုးမှုများ လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

စလင်းမြို့နယ်တွင် ယခင်က မြို့ပေါ်(၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၀၉)အုပ်စု၊ ရွာပေါင်း (၄၂၀) ရှိသည့်အနက် မြေမိကုန်းကျေးရွာနှင့် စာစီကျောင်းကျေးရွာတို့အား မြို့ပေါ်ရပ်ကွက်အဖြစ် ပြင်ဆင်ဖွဲ့စည်းခြင်းဖြစ်ရာ မြေမိကုန်းရပ်ကွက်တွင် အိမ်ထောင်စုပေါင်း ၃၁၇ စု၊ အိမ်ခြေ ၃၁၇၊ လူဦးရေ ၁၃၇၁ ဦး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၀၅၄ ဦးနှင့် စာစီကျောင်းကျေးရွာတွင် အိမ်ထောင်စု ၁၈၅ စု၊ အိမ်ခြေ ၁၈၅၊ လူဦးရေ ၇၉၆ ဦး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၅၈၂ ဦးရှိကြောင်း သိရသည်။ 

မြေမိကုန်းကျေးရွာရှိ မြေဧရိယာ (၇၁)ဧကကို မြေမိကုန်း ရပ်ကွက်အဖြစ် တိုးချဲ့ဖွဲ့စည်းပြီး ကျန်ရှိသည့် မြေဧရိယာ (၉၉၁) ဧကကို ကြက်သကိုင်အုပ်စုအတွင်း ထည့်သွင်းဖွဲ့စည်း၍ မြေမိကုန်းကျေးရွာ အုပ်စု(၁)အုပ်စုနှင့် မြေမိကုန်းကျေးရွာ တစ်ရွာအား ပယ်ဖျက်ခြင်း၊ ကူဖြူကျေးရွာ အုပ်စုအတွင်းရှိ စာစီကျောင်း ကျေးရွာကို စာစီကျောင်းရပ်ကွက်အဖြစ် တိုးချဲ့ဖွဲ့စည်းပြီး စာစီကျောင်းကျေးရွာ တစ်ရွာအား ပယ်ဖျက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)