စမတ်ကားပါကင်ကြေးကို အရောင်သုံးမျိုး သတ်မှတ်၍ ခွဲခြားကောက်ခံသွားမည်

ရန်ကုန်  ၂၂  နိုဝင်ဘာ

 

ရန်ကုန်မြို့ Down Town ခြောက်မြို့နယ်တွင် တည်ဆောက်မည့် စမတ်ကားပါကင်အတွက် ပါကင်ကြေးကို အရောင်သုံးမျိုး သတ်မှတ်၍ ခွဲခြားကောက်ခံသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)မှ ဌာနမှူး ဦးလင်းခိုင် က ပြောသည်။

 

"ကားပါကင်ကြေးကို ကျွန်တော်တို့အနေနဲ့ သုံးမျိုးခွဲခြားထားပါတယ်၊ အနီရောင်ရယ် အစိမ်းရောင်ရယ် အဝါရောင်ရယ်ပေါ့၊ တစ်နာရီကို ငွေကျပ် ၅၀ဝ/ ၃၀ဝ/၂၀ဝ သတ်မှတ်ဖို့ စီစဉ်ထားပါတယ်"ဟု ဦးလင်းခိုင် က ပြောသည်။

 

လက်ရှိတွင် စမတ်ကားပါကင်များ တည်ဆောက်ရန် ပုဂ္ဂလိကကုမ္ပဏီများကို  စိတ်ပါဝင်စားမှု ဖော်ပြခြင်း အဆိုပြုလွှာ (EOI)ခေါ်ယူခဲ့ရာ ကုမ္ပဏီ ၂၆ ခု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယင်းအနက် ကုမ္ပဏီ ခြောက်ခုမှာ EOI အောင်မြင်ထားကြောင်း၊ EOI အောင်မြင်ထားသည့် ကုမ္ပဏီ ခြောက်ခုမှာလည်း ယခုလ ၂၉ ရက် နောက်ဆုံးထား၍ တင်ဒါပြန်တင်ရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

 

"စမတ်ကားပါကင်ဆိုတဲ့အတိုင်း Smart ဖြစ်မယ့် နည်းပညာတွေနဲ့ အသုံးပြုပြီးတော့ ကားခ ကောက်ခံသွားမှာဖြစ်ပါတယ်၊ ဘယ်လိုနည်းပညာတွေနဲ့ ဘယ်လိုပြိုင်မလဲဆိုတာကိုတော့ ကျွန်တော်တို့ တင်ဒါအဖွဲ့ကနေပြီးတော့ စီစစ်ရွေးချယ်သွားမှာဖြစ်ပါတယ်"ဟု ဦးလင်းခိုင် က ပြောသည်။

 

အဆိုပါ စမတ်ကားပါကင်ကို ပွင့်လင်းမြင်သာမှုရှိသည့် တင်ဒါစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး အကောင်အထည်ဖော်မည့် စမတ်ကားပါကင်ဧရိယာများကိုလည်း ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း မြို့တော်ဝန် ဦးမောင်မောင်စိုး က ပြောသည်။

 

"စမတ်ကားပါကင်မှာ နံပါတ်တပ်လမ်းတွေ၊ အမည်တပ်လမ်းတွေရှိတယ်၊ ဧရိယာတွေရှိတယ်၊ အဲ့တာတွေကို မီဒီယာတွေကနေတဆင့် ထုတ်ပြောသွားပါမယ်၊ ပွင့်လင်းမြင်သာမှုရှိအောင် ခေါ်တဲ့အခါကျရင်လဲ ပွင့်လင်းမြင်သာတဲ့တင်ဒါကို သွားပါမယ်၊ ကျွန်တော်တို့ လုပ်ချင်တဲ့လူနဲ့ ဆိုတာထက် လုပ်သင့်လုပ်ထိုက်တဲ့သူ လုပ်နိုင်တဲ့လူတွေနဲ့ သွားဖို့အစီစဉ်ရှိပါတယ်"ဟု ဦးမောင်မောင်စိုး က ပြောသည်။

 

အဆိုပါ စမတ်ကားပါကင်ကို ပထမဆုံး ရန်ကုန်မြို့ Down Town ခြောက်မြို့နယ်တွင် စတင်အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ကျန်မြို့နယ်များကိုလည်း ဆက်လက် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်(၅) ဒေါ်မေမေသွယ် က ပြောကြားထားသည်။

 

ယခင်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့်  ကားပါကင်ကြေးကို ကောက်ခံသော်လည်း စနစ်မကျဘဲ လမ်းအလိုက် ပြီးစလွယ် ကန်ထရိုက် သဘောမျိုးဖြင့်ပေးခဲ့ပြီး နောက်ပိုင်း အစိုးရအကူးအပြောင်းကာလတွင် ကားပါကင်ကြေးကို ဖျက်သိမ်းခဲ့သည်။

 

Nyein Nyein