စင်ကာပူနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲ စတင်ပေး

အောက်တိုဘာ ၃ 

၁။ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသည့် စင်ကာပူရောက် မြန်မာနိုင်ငံသားများသည် မြန်မာသံရုံး၊ စင်ကာပူမြို့၌ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ ကြိုတင်ဆန္ဒမဲပေးမှုများ စတင်ပြုလုပ်နေကြကြောင်း သတင်းရရှိသည်။ အောက်တိုဘာ ၁ ရက်နေ့တွင် မဲဆန္ဒရှင် (၈၀၀)ဦး ခန့်နှင့် အောက်တိုဘာ ၂ ရက်နေ့တွင် မဲဆန္ဒရှင် (၁၄၀၀) ဦးခန့် ဆန္ဒမဲလာရောက် ပေးခဲ့ကြကြောင်း သိရှိရပါသည်။

၂။ မဲဆန္ဒရှင်များအနေဖြင့် သံရုံးမှ သတ်မှတ်ပေးထားသည့် လူစုလူဝေး မဖြစ်စေရန် ခပ်ခွာခွာနေထိုင်ခြင်း (Safe Distancing) စည်းကမ်းများနှင့်အညီ တန်းစီစောင့်ဆိုင်းခြင်း၊ အပူချိန်တိုင်းတာခြင်း၊ လက်ဆေးခြင်းများ ပြုလုပ်ကြရပြီး၊ မဲလက်မှတ်များ ထုတ်ယူ၍ ဆန္ဒမဲပေးရကြောင်း သိရှိရသည်။ ကိုဗစ်ကာလအတွင်း လူစုလူဝေးမဖြစ်ပေါ်စေရန်နှင့် မဲဆန္ဒရှင်များ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းရခြင်း မရှိစေရန်အတွက် မိမိဆန္ဒမဲ လာရောက်ပေးလိုသည့် နေ့ရက်နှင့် အချိန်တို့အတွက် သံရုံး၏ ဝက်ဘ်ဆိုဒ်တွင် Online Appointment ကြိုတင်ချိန်းဆို ရယူထားရပြီး၊ မဲပေးသည့်နေ့တွင် အဆိုပါ Appointment Letter ကို ပြသရန်လိုအပ်ကြောင်း၊ မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်သည့် နိုင်ငံကူးလက်မှတ် (သို့မဟုတ်) အိုင်စီကတ်၊ ယာဉ်မောင်းလိုင်စင် စသည့်အထောက်အထား တစ်ခုခုပြသရန်လိုအပ်ကြောင်း သိရှိရသည်။

၃။ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် စင်ကာပူနိုင်ငံမှ ကြိုတင်ဆန္ဒမဲ ပေးခွင့်ရသည့် စင်ကာပူရောက် မြန်မာနိုင်ငံသား (၃၂၀၀၀) ခန့်ရှိကြောင်း သိရှိရပါသည်။ မြန်မာသံရုံး၊ စင်ကာပူမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၈ ရက်နေ့အထိ မဲရုံဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

mdn

 

၄။ အလားတူပင် ကိုရီးယားသမ္မတနိုင်ငံရောက် မြန်မာနိုင်ငံသားများ အနေဖြင့်လည်း မြန်မာသံရုံး၊ ဆိုးလ်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂ ရက်နေ့မှစတင်၍ ကြိုတင်ဆန္ဒမဲပေးမှုများ စတင်ပြုလုပ်လျက်ရှိပါသည်။

၅။ ကိုရီးယားသမ္မတနိုင်ငံ အနှံ့အပြားတွင် ရောက်ရှိနေထိုင် အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသား မဲဆန္ဒရှင် (၁၄၀၀) ကျော်ခန့်သည် ရွေးကောက်ပွဲ ကျင်းပသည့် ပထမနေ့ဖြစ်သည့် အောက်တိုဘာ ၂ ရက်နေ့ တစ်ရက်တည်းတွင်ပင် အနယ်နယ်အရပ်ရပ်မှ အဝေးပြေးကားကြီးများကို စင်းလုံးငှားရမ်း၍ အဖွဲ့လိုက်သော်လည်းကောင်း၊ တစ်ဦးချင်းသော်လည်းကောင်း သံရုံးသို့လာရောက်၍ ပျော်ပျော်ပါးပါး တက်ကြွစွာ ဆန္ဒမဲပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

၆။ ဆိုးလ်မြို့၊ မြန်မာသံရုံးမှလည်း ကြိုတင်မဲ လာရောက်ပေးသူများအား ကိုရီးယား သမ္မတနိုင်ငံမှ ချမှတ်ထားသော စည်းကမ်းများ၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဖြစ်စေရန်အတွက် လက်သန့်ဆေးရည်များ၊ နှာခေါင်းစည်းများနှင့် တစ်ခါသုံး လက်အိတ်များကို ပံ့ပိုးပေးခဲ့ပါသည်။

၇။ ကိုရီးယားသမ္မတနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများမှ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ကြိုတင်ဆန္ဒမဲပေးရန် အတွက် ပုံစံ(၁၅) ဖြည့်စွက်၍ ကြိုတင်ဆန္ဒမဲလက်မှတ် တောင်းခံထားသူ မြန်မာနိုင်ငံသားဦးရေ (၉၈၁၀) ဦး ရှိကြောင်း သိရှိရပြီး၊ ဆိုးလ်မြို့၊ မြန်မာသံရုံးတွင် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂ ရက်နေ့မှ ၁၁ ရက်နေ့အထိ မဲရုံ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

 

Credit> Ministry of Foreign Affairs Myanmar