စင်္ကာပူနိုင်ငံသို့ မြန်မာ့စိန်တလုံးသရက်သီး တင်ပို့မှု ရပ်ဆိုင်း

mdn

မန္တလေး ၁၅ ဇွန်

တံဆိပ်အလွဲသုံးစား ပြုလုပ်မှုများကြောင့် မြန်မာ့စိန်တလုံးသရက်သီးများကို စင်္ကာပူနိုင်ငံသို့ တင်ပို့မှုများအား ယခုလဆန်းပိုင်းမှစတင်ကာ ရပ်ဆိုင်းထားကြောင်း မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း အတွင်း ရေးမှူး ဦးကျော်စိုးနိုင်က ပြောသည်။

စင်ကာပူနိုင်ငံသို့ မြန်မာ့စိန်တလုံး သရက်သီးများအား အရည်အသွေးစစ်ဆေး၍ တင်ပို့ခဲ့သော်လည်း စင်္ကာပူဈေးကွက်တွင် ပြည်လည်ဖြန့်ဖြူးရောင်းချနေသည့် ကုမ္ပဏီအချို့မှ အရည်အသွေးနှင့် မကိုက်ညီသော သရက်သီးများကို အစားထိုးကာ ရောင်းချနေမှုများကြောင့် သရက်သီးတင်ပို့မှုကို ရပ်ဆိုင်းထားခြင်း ဖြစ်ကြောင်း သိရသည်။

“ ဒီက တင်ပို့တဲ့အချိန်က သရက်သီးတွေက အရည်အသွေးစစ်ဆေးပြီးသား။ တံဆိပ်လည်းပါပြီးသား။ ကွာလတီအမြင့်တွေကို တင်ပို့တာ။ စင်္ကာပူမှာကျ ဒီကတင်ပို့တဲ့ အရည်အသွေးမြင့် တံဆိပ်တော့ ဟုတ်တယ်။ ဒါပေမယ့် အထဲမှာတော့ တံဆိပ်မှာပါတဲ့ အရည်အသွေးထက်နိမ့်တဲ့ မြန်မာ့သရက်သီးကိုပဲ အစားထိုး ရောင်းနေတာ။ ဒါကြောင့်ဒီကနေ သရက်သီးတင်ပို့တာကို ရပ်ဆိုင်းထားတာ” ဟု ဦးကျော် စိုးနိုင်က ပြောသည်။

နှစ်စဉ် သရက်သီးရာသီတွင် စင်္ကာပူနိုင်ငံသို့ တစ်ရက်လျှင် သရက်သီး တန်ချိန် ၅ တန်နီးပါး တင်ပို့နေရပြီး တစ်တန်လျှင် ၁၅ သိန်းကျပ် ဝန်းကျင်ထိ ဈေးနှုန်းရရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် တံဆိပ် အလွဲသုံးစားပြုလုပ်သည့် ကုမ္ပဏီနှင့် ညှိုနှိုင်းနေပြီး ပြေလည်မှုမရရှိပါက တရားစွဲရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

စင်္ကာပူနိုင်ငံသို့ သရက်သီးတင်ပို့ခြင်းကို မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းဝင် ကုမ္ပဏီတစ်ခုမှ အဓိကတင်ပို့နေခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် မြေပြန့်ပိုင်းဒေသတွင် စိန်တလုံး သရက်သီး ရာသီပြီးဆုံးတော့မည်ဖြစ်သော်လည်း တောင်ကြီးဒေသနှင့် ကသာဒေသများမှ ထွက်ရှိသည့် စိန်တလုံးသရက်သီးများ ကျန်ရှိနေသေးကြောင်း သိရသည်။

ထက်အောင်(AMIA)/ ဓာတ်ပုံ- ကေဇူး(AMIA)