စည်းမျဉ်း၊ စည်းကမ်းနှင့် တရားဥပဒေလျော့နည်းမှု၏ ဆိုးကျိုးရလဒ်

mdn

နေပြည်တော် ၃ ဇူလိုင်

 

ဖားကန့်ရတနာမြေတွင် ဝမ်းနည်းဖွယ်အဖြစ်ဆိုးက ကြောက်ခမန်းလိလိ ဖြစ်ပေါ်ခဲ့ပြန်ပြီဖြစ်သည်။ မြေပြိုကျခြင်း၊ နွံကန်ပေါက်ခြင်း စသည့် ဖြစ်စဉ်များကြောင့် လူသေဆုံးမှုများမှာ ဤဒေသအဖို့ ဖြစ်နေကျဟု ဆိုနိုင်သော်လည်း ယခုဖြစ်စဉ်တွင် ရှာဖွေတွေ့ရှိထားသည့် သေဆုံးသူ အရေအတွက်အရ ငါးနှစ်တာကာလအတွင်း အသေအပျောက် အများဆုံးဖြစ်သည်။

 

ပေပေါင်းထောင်ချီမြင့်သည့် မြေပြိုကျမှုနှင့် ရေလှိုင်းများ အပြန်အလှန် ရိုက်ခတ်မှုတို့ကြောင့် လူအများအပြား နွံအိုင်အတွင်း မျောပါနစ်မြုပ်သေဆုံးကြရသည့်ဖြစ်ရပ်မှ မှတ်တမ်းရုပ်သံဖိုင်များ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့ရာ ဝမ်းနည်းစရာ၊ ထိတ်လန့်စရာဖြစ်ရပ်ကို မျက်ဝါးထင်ထင် မြင်တွေ့ကြရသူတိုင်းက ယင်းဖြစ်ရပ်မျိုး နောက်ထပ်မဖြစ်ပေါ်စေရေးအတွက် ဆုတောင်းဆန္ဒပြုကြသည်။ ဖားကန့်ရတနာမြေတွင် ထောင်နှင့်ချီသော ကျောက်စိမ်းလုပ်ကွက်များ၌ သောင်းနှင့်ချီသော စက်ယန္တရားကြီးများနှင့် တူးဖော်လုပ်ကိုင်လျက်ရှိကြသလို မြန်မာနိုင်ငံတစ်ဝန်းလုံးမှ သိန်းနှင့်ချီသော ရေမဆေးကျောက် ရှာဖွေသူများကလည်း လာရောက်အသက်မွေး ဝမ်းကျောင်းနေကြခြင်းဖြစ်သည်။ အလွန်အကျွံ တူးဖော်မှုများနှင့် ကျောက်တွင်းတူးဖော်ရာမှ ထွက်ပေါ်လာသည့် မြေစာများကို စနစ်တကျ မစွန့်ပစ်မှုများကြောင့် ဖားကန့်၏ သဘာဝပတ်ဝန်းကျင်မှာ ဘေးသင့်သည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလအတွင်းက မြေပြိုမှုတွင် လူပေါင်း ၁၀၀ ကျော် သေဆုံးပြီး လူပေါင်း ၁၀၀ ကျော် ပျောက်ဆုံးခဲ့သည့် ဖြစ်ရပ်အပါအဝင် ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း လူပေါင်း ၅၀၀ ကျော် သေဆုံးခဲ့ရပြီ ဖြစ်ရာ ဖားကန့်ရတနာမြေတွင် တရားဥပဒေစိုးမိုးရေးအတွက် အထူးတလည် ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်သည်ကို ပြဆိုနေခြင်း ပင်ဖြစ်သည်။

 

ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများ၏ လုပ်ကိုင်ဆောင်ရွက် မှုများကြောင့် ဖားကန့်ဒေသတွင် နှစ်စဉ်ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝအပေါ် ဆိုးကျိုးသက်ရောက်မှုများ ဖြစ်ပေါ် နေခြင်းတို့ကြောင့် သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ် ရေးဆွဲ၍ ရတနာနယ်မြေတွင်ကြီးမားသည့် ဘေးအန္တရာယ်များ ကျရောက်နိုင်သည့်အဖြစ်မှ ရှောင်ရှားနိုင်ရန် လွန်ခဲ့သည့် သုံးနှစ်ခန့်ကပင် ဆောင်ရွက်ခဲ့သည်။ ၎င်းအစီအစဉ်အရ မြေပြိုကျမှုများ မဖြစ်စေရေး၊ ကြံ့ခိုင်သည့် မြေပြင်ဖြစ်အောင် ဖန်တီးရေး၊ ရေတိုက်စားခြင်းနှင့် အနည်ကျခြင်းတို့ကို ထိန်းချုပ်ရေး၊ ရေအရင်း အမြစ်များနှင့် ရေလွှမ်းမိုးမှုတို့ကို ကာကွယ်ရေး စသည့်အချက်များ ပါဝင်ခဲ့ရာ လက်တွေ့အကောင်အထည်ဖော်ရာတွင် ကျောက်တွင်း တူးဖော်သည့်ကုမ္ပဏီများက အဓိက ဆောင်ရွက်ကြရမည်ဖြစ်သည်ကို တွေ့ရသည်။ သို့ရာတွင် ကုမ္ပဏီများအနေဖြင့် စည်းမျဉ်း စည်းကမ်းများကို လိုက်နာမှုအားနည်းကြောင်း ဝေဖန်သုံးသပ်မှုများ ရှိနေသည်ကိုလည်း တွေ့ရသည်။

 

အခြားတစ်ဖက်တွင်လည်း ဖားကန့်ကျောက်စိမ်းနယ်မြေသို့ မြန်မာနိုင်ငံ ဒေသအနှံ့အပြားမှ လာရောက် လုပ်ကိုင်နေကြသည့် သုံးသိန်းခန့်ရှိသော ရေမဆေးကျောက် ရှာဖွေသူများအား ကွပ်ကဲထိန်းချုပ်နိုင်ရန် လိုအပ်လျက်ရှိသည်။ မြေစာပုံပြိုကျမှု၊ နွံကန်ပေါက် မှုအပါအဝင် ဘေးအန္တရာယ်ဖြစ်စဉ်များတွင် သက်ဆုံးရှုံး ကြရသူ အများစုမှာ ရေမဆေးကျောက်သမားများဖြစ်ပြီး အများစုမှာ လူငယ် လူရွယ်များဖြစ်ကြသည်။ ၎င်းတို့မှာ မူလနေရင်းဒေသများတွင် အလုပ်အကိုင် အခွင့်အလမ်းနည်းပါးမှုကြောင့် တစ်ကြောင်း၊ ရတနာမြေမှာ ကျောက်အောင်ပါက သူဌေးဖြစ်နိုင်မည်ဟူသော စိတ်ကူးအိပ်မက်ကြောင့်တစ်ကြောင်း ရောက်ရှိလာကြသူများ ဖြစ်သည်။ ရေမဆေးကျောက်သမားဦးရေ အလွန်အကျွံ များပြားနေမှုက စည်းကမ်းထိန်းသိမ်းရေး၊ တရားဥပဒေ စိုးမိုးရေးတို့အတွက် လုပ်ရကိုင်ရခက်စေပြီး ယခုကဲ့သို့ အစုလိုက်အပြုံလိုက် ပျက်စီးမှု များကို ဖြစ်ပေါ်စေခြင်း ဖြစ်ရာ နည်းလမ်းရှာဖွေ ကန့်သတ်သွားရန် လိုအပ်မည်ဖြစ်သည်။

 

ဖားကန့်ရတနာမြေနှင့် စပ်လျဉ်း၍ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုနှင့် လူမှုရေးဆိုင်ရာ ထိခိုက်ဆုံးရှုံးမှုတို့မှာ စည်းမျဉ်း စည်းကမ်းများ လိုက်နာမှုအားနည်းခြင်းနှင့် တရားဥပဒေစိုးမိုးမှု လျော့ရဲခြင်းတို့မှ ထွက်ပေါ်လာသည့် ဆိုးကျိုးရလဒ်များပင်ဖြစ်ရာ နောက်ထပ်ဖြစ်ပေါ်လာနိုင်ဖွယ်ရာသော အနိဋ္ဌာရုံများကို ရှောင်ရှား နိုင်ရေးအတွက် ပြုအပ်ရာရာတို့ကို မနှေးမြန်စွာ ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။

 

မြန်မာ့အလင်း