စွန့်ပစ်ပစ္စည်းများအား လက်မှုအနုပညာဖြင့် တန်ဖိုးမြင့်စေသူ

သီသီမင်း

မြန်မာနိုင်ငံ၏ ပင်မအသက်သွေးကြော မြစ်ကြီးဧရာဝတီ၊ မြန်မာနိုင်ငံမြေပုံတို့နှင့်အတူ မင်္ဂလာပါ၊ Firefly Myanmar စသည့် စကားလုံးများအား အရောင်အသွေးစုံလင်စွာ ပုံဖော်ထားသော အမြင့် ကိုးပေ၊ လုံးပတ် ၁၇ ပေခန့်ရှိ စက္ကူအလှ ပန်းအိုးကြီးတစ်လုံးက မြင်ရသူတိုင်း အံ့ဩ ငေးမောသွားစေမည်ဖြစ်သည်။

သတင်းစာ၊ ဂျာနယ်စက္ကူ အဟောင်းများဖြင့် ဖန်တီး ပြုလုပ်ထားသော ထိုအလှပန်းအိုးကြီးနံဘေးတွင် စက္ကူ ဖြတ်စ အလိပ်ကလေးများကို အသုံးပြုကာ လက်မှုအနုပညာပစ္စည်းတစ်ခုကို စိတ်ပါလက်ပါ အနုစိတ် ဖန်တီးနေသည့် အမျိုးသားတစ်ဦး။

ထိုသူကား ကြီးမားလှပ သေသပ်သည့် အဆိုပါ စက္ကူပန်းအိုးကြီးကို နှစ်လကျော်သုံးလနီးပါးကြာ အချိန်ယူ ဖန်တီးခဲ့သူ Firefly Myanmar Recycal (Network)မှ ဦးအေးလွင်ဆိုသူပင်ဖြစ်သည်။


“ကိုဗစ်ကာလမှာ အလုပ်တွေကလည်းပါးတဲ့အခါကျ တော့ ဒီလိုအလုပ်နားနေရတဲ့အချိန်မှာ ကိုယ်ကျွမ်းကျင်တဲ့ ပညာနဲ့တစ်ခုခုတော့ အမှတ်တရဖြစ်အောင်လုပ်မယ်ဆိုပြီး မတ်လလောက်ကစပြီး လုပ်ခဲ့တာပါ” ဟု ဦးအေးလွင်က ပြောပြသည်။

စုဆောင်းရယူခဲ့ရ

ထိုသို့ လုပ်ဆောင်ရန် စက္ကူပိသာအချိန် ၁၀ နီးပါး၊ ကော်ကပ်ရန် ကော်ဘူး ၂၀၀ကျော်အသုံးပြုခဲ့ရပြီး လိုအပ် သည့် သတင်းစာ၊ ဂျာနယ် အဟောင်းများကို နီးစပ်ရာဆိုင်များ၊ အသိမိတ်ဆွေများထံမှ စုဆောင်းရယူခဲ့ရသည်ဟု ဦးအေးလွင်က ပြောသည်။

“ဒီလောက်ကြီးတဲ့ ပန်းအိုးကြီးကို ကျွန်တော် တစ်ယောက်တည်းလုပ်ဖို့ မလွယ်ဘူး၊ စက္ကူဝိုင်းလိပ်တဲ့သူ ကလိပ်၊ ကော်ကပ်တဲ့သူကကပ်နဲ့ ငါးယောက်လောက် ဝိုင်းကူလုပ်ခဲ့ကြတယ်။ ဒီပန်းအိုးကြီးကို ပြခန်းတွေမှာ ပြသဖို့ ဖိတ်ခေါ်မယ်ဆိုလဲ ပြသသွားမှာပါ။ လေ့လာချင်တဲ့ သူတွေလဲ လာလေ့လာလို့ရပါတယ်” ဟု ဦးအေးလွင်က ပြောသည်။
Firefly Recycle(Network)ဆိုသည့် ဆိုင်းဘုတ် အောက်တွင်တည်ရှိနေသည့် ဦးအေးလွင်၏ အိမ်ဂေဟာ သည် စွန့်ပစ်ပစ္စည်းများကို တန်ဖိုးတစ်ခု ပြန်ပြောင်း သတ်မှတ်နိုင်သည်အထိ ဖန်တီးထုတ်လုပ်ရာ ဂေဟာတစ်ခု ဟုဆိုလျှင် မှားမည်မထင်ပါ။

အိမ်အတွင်းတွင်လည်း သတင်းစာ၊ ဂျာနယ်စက္ကူဟောင်း အမျိုးမျိုးတို့ဖြင့် ဖန်တီးထားသည့် ကြီးမားလှသည့် စက္ကူအလှပန်းအိုးများ၊ ပုလင်းခွံ၊ ကားတာရာ၊ စက်ဘီး တာရာ၊ သစ်သားအတိုအစများကို သေသပ်လှပစွာ ပြုလုပ် ထားသည့် လူမှုအသုံးအဆောင်ပစ္စည်းများက အိမ်၏ဘေးဘယ်ညာတစ်ဖက် တစ်ချက်စီတွင်သာမက နေရာအနှံ့ လှပတင့်တယ်စွာ နေရာယူထားကြသည်။
“လွန်ခဲ့တဲ့ ရှစ်နှစ်လောက်ကစပြီး စွန့်ပစ်ပစ္စည်းလေး တွေကို ပြန်ပြီးအသုံးပြုတဲ့ ဒီ Recycle လုပ်ငန်းကို လုပ်ခဲ့ တာ။ လူမှုဘဝမြှင့်တင်ရေး လုပ်ငန်းတွေလုပ်နေတဲ့ နော်ဝေ နိုင်ငံသူ တစ်ယောက်နဲ့တွေ့ရာကနေ သူ့အကူအညီနဲ့ စခဲ့တာဟာ ခုချိန်ထိပဲ’’ ဟု Firefly Recycle(Network) အဖွဲ့မှ ဦးအေးလွင်ကပြောပြသည်။

ကိုယ်တိုင်ကြိုးစားသင်ယူခဲ့

၎င်းအနေဖြင့် စွန့်ပစ်ပစ္စည်းများဖြင့် လက်ရာမြောက် သော လက်မှုပစ္စည်းများ ဖန်တီးထုတ်လုပ်နိုင်ရန် လိုအပ် သည့် ဒီဇိုင်းပုံစံများအား Internet စာမျက်နှာများမှတစ်ဆင့် ရှာဖွေကာ ကိုယ်တိုင်ကိုယ်ကျ ကြိုးစားလေ့ကျင့် သင်ယူခဲ့ ရပြီး အခက်အခဲများစွာ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

“ပထမဆုံး စလုပ်ချိန်က စက္ကူတွေ မှိုတက်တယ်၊ မည်းတယ်၊ ကော်မကောင်းလို့ အကုန်ပြုတ်ထွက်လိုက်၊ ပြန်လုပ်လိုက်နဲ့ အခက်အခဲတွေက အများကြီး။ တစ်ခုလဲ အောင်မြင်သွားရော နောက်အရာတွေ အေးဆေးပါပဲ” ဟု ၎င်း၏အတွေ့အကြုံကို ပြောပြသည်။

Recycle လုပ်ငန်းသည် လူမှုပတ်ဝန်းကျင်နှင့် သဘာဝ ပတ်ဝန်းကျင်ကိုများစွာ အကျိုးပြုသည့် လုပ်ငန်းဖြစ်ပြီး ငွေအရင်းအနှီးများစွာ မလိုအပ်ဘဲ မိမိပတ်ဝန်းကျင်ရှိ စွန့်ပစ်ပစ္စည်းများကို အနုပညာမြောက်စွာ ဖန်တီးထုတ်လုပ်နိုင်ခြင်း သည်သာ အဓိကဖြစ်သည်။

ကမ္ဘာ့နိုင်ငံအသီးသီးတွင် စွန့်ပစ်ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် ပစ္စည်းများအား တန်ဖိုးထား သုံးစွဲလာကြသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံမှ စွန့်ပစ်ပစ္စည်းများစွာကို အသုံးပြု၍ ပြုလုပ်ထားသည့် ပစ္စည်းများအား ပြပွဲများ၊ ဆိုင်ခန်းများတွင် ခင်းကျင်းပြသရောင်းချရာတွင် နိုင်ငံခြားသားများ အထူးနှစ်ခြိုက်စွာ ဝယ်ယူလာကြကြောင်း ဦးအေးလွင်ထံမှ သိရသည်။

ပိုကောင်းအောင်ဖန်တီးဖို့လို

“အမှိုက်ကနေ ရွှေဖြစ်တယ်ဆိုတာ ဒါမျိုးပေါ့၊ ကိုယ့်နိုင်ငံက Recycle ပစ္စည်းလေးတွေကို နိုင်ငံခြားသားတွေ ဈေးကောင်းပေးဝယ်ကြတယ်၊ ဘာကြောင့်လဲ။ အဖြေက ကိုယ်တွေရဲ့ လက်မှုပညာက သေသပ်လှပလို့ပေါ့၊ ဒါဂုဏ်ယူ စရာပဲ၊ ဒီထက်ပိုကောင်းအောင် ဖန်တီးဖို့လိုတယ်” ဟု ဦးအေးလွင်ကပြောသည်။

ထို့ပြင် ၎င်း အသက်မွေးဝမ်းကျောင်းပြုရာ Recycle လုပ်ငန်းမှရရှိသည့် ငွေကြေးများဖြင့် ပရဟိတ ဘုန်းတော်ကြီး ကျောင်းများ၊ မိဘမဲ့ဂေဟာများသို့ လှူဒါန်းမှုများပြုလုပ်နေပြီး တက္ကသိုလ်များမှ စာတမ်းပြုစုလိုသူများ၊ Recycle လုပ်ငန်း စိတ်ဝင်စားသူများကိုလည်း ပညာရပ်များ ဖြန့်ဝေပေးလျက်ရှိသည်။
လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကာလအတွင်း Recycle လုပ်ငန်းနှင့်ပတ်သက်၍ စိတ်ဝင်စားသူ၊ ကိုယ်တိုင် စိတ်ကူး စိတ်သန်းအသစ်များကို အကောင်အထည်ဖော် ဆန်းသစ်တီထွင်လုပ်ကိုင်ချင်သူများအား အခမဲ့ပညာဒါန ပို့ချပေးမည်ဖြစ်ကြောင်း ဦးအေးလွင်ထံမှ သိရသည်။

မြင်တတ်ရမယ်

''ဒီအလုပ်က အမျိုးသမီးဖြစ်ဖြစ်၊ အမျိုးသားဖြစ်ဖြစ် အိမ်နေရင်း လက်မှုလုပ်ငန်း ကိုယ်ပိုင်လုပ်ငန်းလုပ်လို့ရ တယ်။ ကျွန်တော့်ဆီမှာ စကားလုံးတစ်လုံးက LOOK ပဲ၊ မြန်မာလိုက ကြည့်ပါပေါ့။ ကြည့်ပြီး မြင်တတ်ဖို့လည်း လိုပါတယ်၊ ဘယ်လို ပြန်ဖန်တီးရင်ရမလဲဆိုတာ မြင်တတ် ရမယ်။ ဒါဆိုရပြီ”ဟု ဦးအေးလွင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ၅၂ ရပ်ကွက်၊ အောင်သပြေလမ်းမကြီးအနီးရှိ ဦးအေးလွင်၏ အိမ်သို့ သွားရောက်လေ့လာသင်ယူမည်ဆိုပါက အိမ်ခြံရှေ့ မျက်နှာစာတွင် ရေသန့်ဘူးခွံ၊ ပုလင်းအဖုံးခွံများကို အသုံး ပြုကာ စိုက်ပျိုးထားသော ပန်းပင်ငယ်လေးများဖြင့် စိမ်းစိုလှပနေသည့် Recycle ပန်းအိုးများ၏ မြင်ကွင်းက စောင့်ကြိုနေမည်သာ။