စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်ရမည့် ရိုးရာယဉ်ကျေးမှု အနုသုခုမပညာများ

 

၂၀၂၂ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို မကြာမီအချိန်ကာလတွင် ခမ်းခမ်းနားနား စည်ကား သိုက်မြိုက်စွာ ကျင်းပသွားနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်နေပြီဖြစ်သည်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များ အရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ရေးနှင့် မျိုးဆက်သစ် လူငယ်များသို့ လက်ဆင့်ကမ်းနိုင်ရေးအတွက် အရေးပါလှသည့် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲကြီး ပြန်လည်ပေါ်ပေါက်လာခြင်းက ဝမ်းမြောက်ဖွယ်ရာပင်ဖြစ်သည်။ အဆို၊ အက၊ ဂီတအနုသုခုမ ပညာရပ်များသည် ဒြပ်မဲ့ယဉ်ကျေးမှုများဖြစ်သည့်အလျောက် မေ့မေ့ပျောက်ပျောက် လျစ်လျူရှုထားလိုက်ပါက မကြာမီမှာပင် ပျောက်ကွယ်သွားလိမ့်မည်ဖြစ်သည်။

 

နိုင်ငံတိုင်း၊ လူမျိုးတိုင်းတွင် မိမိတို့၏ ကိုယ်ပိုင်ဟန်ပန်များဖြင့် အဆို၊ အက၊ ဂီတအနုပညာများ ပိုင်ဆိုင်ထားကြပြီး ယင်းပညာရပ် များကို အများအားဖြင့် ပညာရှင်များ၊ ဝါသနာရှင်များက ထိန်းသိမ်း ထားကြသလို အများပြည်သူတို့ကလည်း လူမျိုး၏ ဝိသေသ လက္ခဏာများအဖြစ် အလေးအနက် တန်ဖိုးထားကြရသည်။ လူငယ်လူရွယ်များအနေဖြင့်မူ ခေတ်ရေစီးကြောင်းအရ ပေါ်ပေါက်လာသော တေးသီချင်း၊ ဂီတနှင့် အကတို့အပေါ်တွင်သာ တိမ်းညွတ်မှုရှိကြပြီး ရိုးရာအက၊ တေးသီချင်းနှင့် ဂီတတို့ကိုမူ အများစုက စိတ်ဝင်စားမှုမရှိသလောက် နည်းပါးကြသည်။ မိမိတို့ နိုင်ငံတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ၁၉၉၃ ခုနှစ်မှ စတင်ကျင်းပခဲ့ရာ ကျင်းပသည့် နှစ်စဉ် နှစ်တိုင်း မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းဒေသကြီး/ပြည်နယ် အဆင့်၊ ဗဟိုအဆင့် စသည်ဖြင့် အဆင့်ဆင့် ယှဉ်ပြိုင်ကြရခြင်း ဖြစ်သည့်အတွက် ရိုးရာအမွေအနှစ် အဆို၊ အက၊ ဂီတတို့ သီဆို၊ တီးမှုတ်၊ ကခုန်မှု အလေ့အကျင့်များ နှစ်စဉ်မပျက်ရှိခဲ့ကြသည်။ ၂၀၀၆ ခုနှစ်တွင် ထိုပြိုင်ပွဲကြီး ရပ်တန့်သွားခဲ့သည့်အခါ “အကျိုး ဆက်အားဖြင့် မျိုးဆက်သစ် လူငယ်လူရွယ်များအကြား မြန်မာ့ ရိုးရာ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များ တိမ်ကောစပြုလာခြင်း၊ ထိန်းသိမ်းပြန့်ပွားနိုင်သည့် ပညာရှင်များ လျော့ပါး လာခြင်း၊ ရိုးရာယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်သည့် လှုပ်ရှားမှု များ ခေါင်းထောင်လာရုံမျှမက ရိုးရာယဉ်ကျေးမှု၏ အမွေအနှစ် အချို့ကို ပညာရှင်ကြီးများ စိတ်မချမ်းမသာဖြစ်ရသည်အထိ ထိပါး သွေးတိုးစမ်းခြင်းများ ရှိလာကြောင်း” (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

 

မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသည် တည်ရှိနေဆဲဖြစ်သည့် ရိုးရာယဉ်ကျေးမှု အနုသုခုမ ပညာရပ်တို့ မတိမ်မြုပ်၊ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့် ရှောက်နေခြင်းဖြစ်သည်။ ပျူခေတ်၊ ပုဂံခေတ်တွင် မည်သို့သီဆို၊ မည်သို့တီးမှုတ်၊ မည်သို့ကခုန်ခဲ့သည်ကို မိမိတို့မသိနိုင်တော့။ အဲချင်း၊ အန်ချင်း၊ အိုင်ချင်းတို့ မည်သို့ဆိုကြသည်ကို မိမိတို့ မကြားနိုင်၊ ကာချင်းဖြင့် မည်သို့သီဆို ကခုန်ကြသည်ကိုလည်း မတွေ့နိုင်တော့။ လက်လှမ်းမမီတော့ပြီဖြစ်သည့်အတွက် နံရံ ဆေးရေး ပန်းချီများနှင့် စာသားများမှတစ်ဆင့်သာ မှန်းဆကြရတော့သည်။ မျက်မှောက်ကာလတွင် လက်လှမ်းတမီရှိနေသေး သည့် အဆို၊ အက၊ အရေး၊ အတီး အနုသုခုမ ယဉ်ကျေးမှုတို့ကို စဉ်ဆက်မပြတ် ထိန်းသိမ်းရန်မှာ အမျိုးသားရေး တာဝန်တစ်ရပ် ပင်ဖြစ်ပါကြောင်း။ ။

 

မြန်မာ့အလင်း