Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူငွေများ ပေးအပ်လှူဒါန်း

mdn

နေပြည်တော် ၂၆ အောက်တိုဘာ

 

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပရာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီထံအတွင်းရေးမှူး() ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ခံသည်။

 

ရှေးဦးစွာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက လှူဒါန်းရသည့် အကြောင်းရင်းကို ပြောကြားရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးဌာနဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် စေတနာရှင်များ စုပေါင်းလှူဒါန်းသည့် အလှူငွေကျပ်သိန်း (၂၅၀) ကို မိမိတို့ ဝန်ထမ်းများအနေဖြင့် စေတနာသဒ္ဓါတရားရှိသည့်အလျောက် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းမှုမျှမပါဘဲ တတ်အားသမျှ ဝိုင်းဝန်းစုပေါင်းလှူဒါန်းခဲ့ခြင်း ဖြစ်ပါကြောင်း၊ မိမိဌာန ဝန်ထမ်းတစ်ဦးချင်းစီ၏ စိတ်စေတနာမှ ဖြစ်ပေါ်လာသော အလှူဒါနဖြစ်သောကြောင့် မိမိဝန်ထမ်းများအတွက် များစွာဂုဏ်ယူပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာကျောင်းများ၊ နည်းပညာနှင့် သက်မွေးကျောင်း/သိပ္ပံများ၊ တက္ကသိုလ်များ၊ ဦးစီးဌာနများနှင့် ဝန်ကြီးဌာနမိသားစုများက စေတနာသဒ္ဒါတရား ထက်သန်စွာဖြင့် ငွေလှူဒါန်းခြင်း၊ နည်းပညာဆိုင်ရာပစ္စည်း Robot Trolley, Drone with Speaker, Thermometer, Hand Spray စသည်နှင့် အကူအညီပေးအပ်ခြင်း၊ Volunteer လုပ်အားဒါနပေးခြင်း စသည့်နည်းလမ်းမျိုးစုံဖြင့် ပါဝင်ကူညီ လှူဒါန်းပေးလျက်ရှိပါကြောင်း၊ ယနေ့တွင်လည်း ဝန်ကြီးရုံးနှင့် ဦးစီးဌာနများ၏ စေတနာအလျောက် လှူဒါန်းငွေကျပ် (၁၆၇) သိန်းကို လှူဒါန်းခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားပြောကြားရာတွင် ယခုကဲ့သို့ ဝန်ထမ်းများက မည်သူတစ်ဦးတစ်ယောက်မျှ တိုက်တွန်းခြင်းမရှိဘဲ မိမိတို့၏စေတနာအလျောက် လှူဒါန်းခြင်းသည် မွန်မြတ်လှပြီး မိမိအနေဖြင့် ကိုဗစ်-၁၉ နှင့် ပတ်သက်၍ ရှေ့တန်းမှဆောင်ရွက်နေသော ဆရာဝန်၊ သူနာပြု၊ ပညာရှင်များနှင့် စေတနာ့ဝန်ထမ်းများအားလုံး၏ ကိုယ်စားလက်ခံခြင်းဖြစ်ပြီး ကျေးဇူးတင်ရှိပါကြောင်း၊ ဤလှူဒါန်းမှုအပြင် ကိုဗစ်-၁၉ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ လက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဘက်စုံပံ့ပိုးမှုများသည် ရောဂါကူးစက်မှုများကို ထိန်းချုပ်သွားနိုင်ရန်အတွက် အဓိကကဏ္ဍမှ ပါဝင်သည် ဆိုသည့်အချက်ကို သိရှိစေလိုပါကြောင်း။

 

သို့ဖြစ်၍ လက်ကိုင်အသံချဲ့စက်များအသုံးပြုကာ ကျန်းမာရေးအသိပညာပေးနှိုးဆော် ပြောကြားရာတွင် ဈေးများ၌ ဈေးရောင်းသူများမှ လည်းကောင်း၊ စက်ရုံ/ အလုပ်ရုံများ၌ စက်ရုံအလုပ်သမားများက လည်းကောင်း၊ ရပ်ကွက်/ ကျေးရွာများ၌ ရပ်ကွက်/ကျေးရွာ လူကြီးများနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးများမှ လည်းကောင်း၊ ဘုန်းကြီးကျောင်းများ၌ ဘုန်းတော်ကြီးများကလည်းကောင်း အစရှိသည်ဖြင့် ကိုယ်တိုင်ပါဝင်ပြောကြားပါက ပိုမိုထိရောက်ကာ လိုက်နာဆောင်ရွက်ကြမည်ဟု ထင်မြင်ပါကြောင်း၊ ပြောကြားရန် အချက်များကိုလည်း ဝန်ကြီးဌာနမှ ရေးသားပြုစုပြီးဖြစ်ပါကြောင်း။

 

ဤကပ်ရောဂါကူးစက်မှုများ မည်မျှကြာစွာရှိနေမည်ဆိုသည့် အချက်မှာ ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှု အတိုင်းအတာ်အပေါ် မူတည်နေပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှု များလျှင်များသလို ရောဂါကူးစက်ဖြစ်ပွားမှုကာလ တိုတောင်းမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများသည် အခြားအသက်ရှူလမ်းကြောင်းမှ တစ်ဆင့်ကူးစက်တတ်သော ရောဂါများကိုကာကွယ်နိုင်သဖြင့် ယခုကဲ့သို့ ဆောင်းဦးရာသီနှင့် ဆောင်းရာသီတို့တွင် ဖြစ်ပွားကူးစက်သည့် "ရာသီတုပ်ကွေးရောဂါ" ကိုပါ ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးဌာန ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် စေတနာရှင်များ စုပေါင်းလှူဒါန်းသည့် အလှူငွေကျပ်သိန်း (၂၅၀) နှင့် ပညာရေးဝန်ကြီးဌာန၊ အရာထမ်း၊ အမှုထမ်းများမှ စုပေါင်းလှူဒါန်းငွေကျပ် (၁၆၇) သိန်းတို့ကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်