COVID-19 ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များအား လိုက်နာခြင်းမရှိသောသူများကို ဆက်လက်အရေးယူလျက်ရှိ

နေပြည်တော် ၁၉ စက်တင်ဘာ 


COVID-19 ရောဂါကူးစက်နိုင်မှု ဖြစ်နိုင်ခြေအများဆုံး အခြေအနေရှိပြီး သတ်မှတ်စည်းကမ်းချက်များအား လိုက်နာခြင်းမရှိသည့် KTV/ Bar/ တရားမဝင် အနှိပ်ခန်းဖွင့်လှစ်နေမှုများ၊ ညမထွက်ရ အချိန်ကျော်လွန်သွားလာနေမှုများ၊ နှာခေါင်းစည်း (Mask) မတပ်ဆင်ဘဲ သွားလာနေသူများကို ဆက်လက်စိစစ် အရေးယူဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။


ယခုတစ်ပတ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးတွင် ပြည့်တန်ဆာအိမ် ၂ အိမ်မှ ပိုင်ရှင်နှင့် ပြည့်တန်ဆာလုပ်ကိုင်သူ အမျိုးသမီး ၅ ဦးအားလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် တရားမဝင် အနှိပ်ခန်း ၁ ခန်းမှ ဆိုင်ဝန်ထမ်းနှင့် အနှိပ်သမ ၁၁ ဦးအားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် တရားမဝင် KTV ဆိုင် ၁ ဆိုင်နှင့် အနှိပ်ခန်း ၃ ခန်းတို့မှ ပိုင်ရှင်၊ ဆိုင်ဝန်ထမ်း၊ ဧည့်သည်နှင့် အကူသီဆိုသူ၊ အနှိပ်သမ ၇ ဦးအားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် တရားမဝင် အနှိပ်ခန်း ၁ ခန်းနှင့် ပြည့်တန်ဆာအိမ် ၁ အိမ်တို့မှ ဆိုင်ဝန်ထမ်း၊ အနှိပ်သမ၊ ပြည့်တန်ဆာလုပ်ကိုင်သူ အမျိုးသမီး ၁၀ ဦးအားလည်းကောင်း ဖမ်းဆီးရမိခဲ့၍ သက်ဆိုင်ရာမြို့နယ်များ၌ ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း၊ ပြည်နယ်/တိုင်းဒေသကြီး အသီးသီး၌ ညမထွက်ရအချိန်ကျော်လွန် သွားလာသူများကိုလည်း စိစစ်အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ-၁၈၈ ဖြင့် အရေးယူခဲ့ရသည့် အမှုပေါင်း ၂၄၂ မှုနှင့် ကျူးလွန်သူ အမျိုးသား ၄၂၄ ဦး၊ အမျိုးသမီး ၂၀ ဦး စုစုပေါင်း ၄၄၄ ဦးကို အရေးယူဆောင်ရွက်ခဲ့ကြောင်း၊ ထို့အပြင် နှာခေါင်းစည်း (Mask) မတပ်ဆင်ဘဲ သွားလာသူများကိုလည်း ကူးစက်ရောဂါများကာကွယ် နှိမ်နင်းရေးဥပဒေပုဒ်မ-၁၅ ဖြင့် အရေးယူခဲ့ရသည့် အမှုပေါင်း ၂၀၄ မှုနှင့် ကျူးလွန်သူ အမျိုးသား ၁၅၄ ဦး၊ အမျိုးသမီး ၅၁ ဦး စုစုပေါင်း ၂၀၅ ဦးကို အရေးယူဆောင်ရွက်ခဲ့ရကြောင်း သိရှိရသည်။ 


စိစစ်ချက်များအရ သတ်မှတ်စည်းကမ်းချက်များ မလိုက်နာဘဲ ညမထွက်ရ အချိန်ကျော်လွန်သွားလာမှုများ၊ နှာခေါင်းစည်း (Mask) မတပ်ဆင်ဘဲ သွားလာမှုများကြောင့် အရေးယူရသည့်အမှုများ လျော့ကျသွားခြင်းမရှိကြောင်း တွေ့ရှိရသဖြင့် ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။


ရဲပြန်ကြား