COVID-19 ရောဂါတုံ့ပြန်ဆောင်ရွက်ရာတွင် စေတနာ့၀န်ထမ်းများ ပိုမိုအားဖြည့်ပါ၀င်နိုင်ရေး အားပေးညှိနှိုင်း ဆွေးနွေး

နေပြည်တော်  ၃၀  နိုဝင်ဘာ

COVID-19 ရောဂါတုံ့ပြန်ဆောင်ရွက်ရာတွင် စေတနာ့၀န်ထမ်းများ ပိုမိုအားဖြည့် ပါ၀င်နိုင်ရေး အားပေးညှိနှိုင်း ဆွေးနွေးခြင်းကို ယနေ့ မွန်းလွဲပိုင်းတွင် Zoom Meeting ဖြင့် ကျင်းပသည်။

 ဆွေးနွေးပွဲသို့ အမျိုးသားအဆင့် စေတနာ့၀န်ထမ်း ဦးဆောင်အဖွဲ့ အတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေး၊ ဒုတိယ၀န်ကြီး ဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ ဆရာ၀န်များအသင်းမှ တာ၀န်ရှိသူများနှင့် လူငယ်ရေးရာကော်မတီ၀င်များ တက်ရောက်ကြသည်။

တွေ့ဆုံစဉ် ပြည်ထောင်စု၀န်ကြီးက အမျိုးသားအဆင့် စေတနာ့၀န်ထမ်း ဦးဆောင် အဖွဲ့ကို အတွင်းရေးမှူးရုံးအဖြစ် မိမိတို့၀န်ကြီးဌာနက တာ၀န်ယူဆောင်ရွက်လျက်ရှိကြောင်း၊ စေတနာ့၀န်ထမ်းများကို ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန၊ မြန်မာနိုင်ငံဆရာ၀န်အသင်းတို့နှင့် ပူးပေါင်း၍ သင်တန်းများပေးခြင်း၊ မှတ်တမ်းတင်ဂုဏ်ပြုခြင်း၊ ပံ့ပိုးကူညီခြင်း များ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ COVID-19 ကပ်ရောဂါသည် ရန်ကုန်တိုင်း ဒေသကြီး အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင် ပြန့်ပွားဆဲဖြစ်ပါကြောင်း၊ ကာကွယ်ထိန်းချုပ်ကုသသည့် လုပ်ငန်းစဉ်များတွင် စေတနာ့၀န်ထမ်းများ လိုအပ်လျက်ရှိပါကြောင်း၊ သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊  ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် လူငယ်ရေးရာကော်မတီ၀င်များအနေဖြင့် COVID-19 ဖြစ်စဉ်များတွင် လူငယ်စေတနာ့၀န်ထမ်းများ လက်ရှိပါ၀င်မှု၊ ဆက်လက်ပါ၀င်ဆောင်ရွက်ရန်တို့နှင့် ပတ်သက်၍ တွေ့ကြုံရသော လိုအပ်ချက်များနှင့် အခက်ခဲများကို ဆွေးနွေးပေးကြစေလိုပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် Fever Clinic များသည် ရောဂါဝေဒနာခံစားရသည့် ပြည်သူများ၏ လက်လှမ်းမီရာ နေရာများတွင် တည်ရှိသည့်အတွက် ပြည်သူများ၏ အားကိုးမှုများရှိပါ ကြောင်း၊ စေတနာ့၀န်ထမ်းများ လိုအပ်မှုပိုများလာသည်ဟု သိရှိရကြောင်း၊ Fever Clinic များကို တာ၀န်ယူဆောင်ရွက်နေကြသူများအနေဖြင့် လိုအပ်ချက်များကို ဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ Fever Clinic များကို တာ၀န်ယူဆောင်ရွက်နေသော ပါမောက္ခ ဒေါက်တာမာမာကြည်က စေတနာ့၀န်ထမ်းများ၏ အခန်းကဏ္ဍနှင့် လက်ရှိပူးပေါင်းဆောင်ရွက်နေမှုများ၊ လိုအပ်ချက် များကိုလည်းကောင်း၊ Fever Clinic များတွင် တာ၀န်ယူဆောင်ရွက်နေသော ဆရာ၀န်များ၊ စေတနာ့၀န်ထမ်းများက တွေ့ကြုံရသော အခက်ခဲများနှင့် စေတနာ့၀န်ထမ်းဆိုင်ရာ လိုအပ်ချက်များကိုလည်းကောင်း ဆွေးနွေးတင် ပြကြသည်။ 

ယင်းနောက် ရန်ကုန်၊ စစ်ကိုင်း ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ဧရာ၀တီ စသည့် တိုင်းဒေသကြီးများနှင့် မွန်ပြည်နယ်တို့မှ လူငယ်ရေးရာကော်မတီဝင်များက စေတနာ့၀န်ထမ်း ဆိုင်ရာ လိုအပ်ချက်များနှင့် တွေ့ကြုံရသော အခက်အခဲများကို ဆွေးနွေးတင်ပြကြရာ ဒုတိယ၀န်ကြီးနှင့် လူမှု၀န်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ပြန်လည်သုံးသပ် ဆွေးနွေး ကြသည်။

ထို့နောက် ပြည်ထောင်စု၀န်ကြီး က ယနေ့ဆွေးနွေးသည့် အချက်အလက်များကို တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ၊ ဆက်စပ်၀န်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးပြီး လိုအပ်ချက်များကို ဆက်လက် တင်ပြ၍ ဖြေရှင်းဖြည့်ဆည်းခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ 
 
သတင်းစဉ်