စပါးတို့ ဆောက်သမ်တန်ကို ဂိုးပြတ်နိုင်

mdn

၂၁ စက်တင်ဘာ

 

အင်္ဂလန်ပရီမီယာလိဂ်ပွဲစဉ်(၂) စက်တင်ဘာ ၂၀ ရက် ညပိုင်းပွဲစဉ်များမှဆောက်သမ်တန်နှင့် စပါးပွဲ၌ ငါးဂိုး-နှစ်ဂိုးဖြင့် အဝေးကွင်းတွင် စပါးအသင်း ဂိုးပြတ်အနိုင်ရရှိသည်။

 

ယင်းပွဲတွင် အိမ်ရှင် ဆောက်သမ်တန်သည် ၄-၄-၂ ကစားကွက်ဖြင့် ပွဲထွက်ခဲ့ပြီး ဧည့်သည် စပါးသည် ၄-၃-၃ တိုက်စစ်ဖြင့် ပွဲထွက်လာသည်။ ပထမပိုင်းပွဲချိန် ၃၂ မိနစ်တွင် တိုက်စစ်မှူး ဒန်နီအင့်စ်က ဆောက်သမ်တန် အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ပထမပိုင်းပြီးခါနီး နာကျင်အချိန်ပို ၂ မိနစ်တွင် ဆွန်ဟောင်မင်က စပါးအတွက် ချေပဂိုးပြန်လည်သွင်းယူပေး ခဲ့သည်။

 

ဒုတိယပိုင်းပွဲစပြီး ၂ မိနစ်တွင် ဆွန်ဟောင်မင်က စပါးအတွက် ဦးဆောင်ဂိုးထပ်မံသွင်းယူခဲ့ပြီး ပွဲချိန် ၆၄ မိနစ်နှင့် ၇၃မိနစ်တွင် စပါးအတွက် အနိုင်သေချာမည့်ဂိုးများကို ဆွန်ဟောင်မင်က တစ်ဦးတည်း လေးဂိုး ၊ ဆက်တိုက် သွင်းယူခဲ့ခြင်းဖြစ်သည်။ ပွဲချိန် ၈၂ မိနစ်တွင် စပါးအတွက် ပဉ္စမမြောက်ဂိုးကို ဟယ်ရီကိန်းက အနီးကပ်ပိတ်သွင်း ယူခဲ့ခြင်းဖြစ်သည်။ သာမန် ပွဲကစားချိန် မိနစ် ၉၀ တွင် အိမ်ရှင်ဆောက်သမ်တန်အသင်း ပယ်နယ်တီ အခွင့်အရေးရရှိကာ ဒန်နီအင့်စ်က အမှားအယွင်းမရှိ သွင်းယူခဲ့သည်။

 

ယနေ့ပွဲတွင် အိမ်ရှင်ဆောက်သမ်တန်အသင်းဘောလုံးပိုင်ဆိုင်မှု အနည်းငယ်အသာစီး ရရှိခဲ့သော်လည်း စပါးအသင်း၏ တန်ပြန်တိုက်စစ်များကို နောက်တန်းကစား သမားများ မဟန့်တားနိုင်ခဲ့၍ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရပြီး ယင်းပွဲတွင် စပါး တိုက်စစ်မှူး ဆွန်ဟောင်မင်က အကောင်းဆုံးခြေစွမ်းပြခဲ့သည့် ကစားသမား ဖြစ်ခဲ့သည်။ ပွဲစဉ်(၂) ယှဉ်ပြိုင်အပြီးတွင် စပါးကတစ်ပွဲနိုင်၊ တစ်ပွဲရှုံး ရမှတ်၃ မှတ်ရရှိထားပြီး ဆောက်သမ်တန်က အမှတ်မရရှိသေးပေ။

 

ပရီမီယာလိဂ်ပွဲစဉ် ရလဒ်များ

 

လက်စတာ ၄-၂ ဘန်လေ

ချယ်လ်ဆီး ၀ -၂ လီဗာပူး

နယူးကာဆယ် ဝ-၃ ဘရိုက်တန်

 

သီဟ