စတုတ္ထအင်းဝခေတ် ဗိသုကာလက်ရာများ လေ့လာနိုင်သော လေးထပ်ကြီးဘုရားကျောင်းသို့ ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက်လေ့လာမှု များပြားလျက်ရှိ

တံတားဦး ၁၂ ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် အင်းဝမြို့ဟောင်း ဟံသာဝတီကျေးရွာအနီး တည်ရှိသော လေးထပ်ကြီး ဘုရားကျောင်းတွင် စတုတ္ထအင်းဝခေတ် ဗိသုကာလက်ရာများကို လေ့လာနိုင်သောကြောင့် ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက်လေ့လာမှု များပြားလျက်ရှိကြောင်း သိရသည်။

 

“အင်းဝဒေသကို ကျွန်တော်တို့အဖွဲ့ စက်ဘီးစီးပြီး လှည့်လည်လေ့လာနေတာပါ၊ အရမ်းလှပပါတယ်၊ ရှေးခေတ်ပညာရှင်တွေရဲ့ လက်ရာတွေလေ့လာရတာ အရမ်းလည်း ကျေနပ်သဘောကျပါတယ်၊ ပလတ်စတစ် အမှိုက်တွေတော့ တွေ့ရတယ်၊ လာရောက်လည်ပတ်သူတွေ အမှိုက်များကို စနစ်တကျ စွန့်ပစ်စေချင်တယ်၊ ဒါမှ ဒီဒေသကြီးတစ်ခုလုံး ယခုထက်ပိုပြီး သာယာလှပမယ်လို့ ထင်ပါတယ်၊ လေးထပ်ကြီးဘုရားကျောင်းကို လေ့လာခွင့်ရတာ အရမ်းကျေနပ် သဘောကျပါတယ်”ဟု ဩစတြီးယားနိုင်ငံသား Mr. Jorchen က သူ၏အမြင်အား ပြောပြသည်။

 

mdn

 

“ပွင့်လင်းရာသီဖြစ်တဲ့အတွက် အင်းဝဒေသကို ပြည်တွင်းပြည်ပခရီးသွားတွေ လာရောက်လေ့လာမှု များပြားလျက်ရှိပါတယ်၊ လေးထပ်ကြီးဘုရားကို ၂၀၁၇ ခုနှစ်ကစပြီး ပြည်တွင်းခရီးသွား သိသိသာသာများ လာတာပါပဲ၊ ပြည်ပခရီးသွားက လာရောက်လေ့လာတာ နှစ်တိုင်းများပေမယ့် ပြည်တွင်းခရီးသွား လာရောက်လေ့လာမှု ထူးထူးခြားခြား များပြားလာတာ ၂၀၁၇ ခုနှစ်ကတည်းကပဲ၊ ဒီဘုရားကြီးရဲ့ ဂန္ဓကုဋီတိုက် ကြီးမားခံ့ညားမှုတွေ၊ ရှေးခေတ် မြန်မာဗိသုကာပညာရှင်တွေရဲ့ ဗိသုကာလက်ရာတွေကို ပြည်တွင်းပြည်ပ ပညာရှင်တွေ၊ ပြည်တွင်းပြည်ပ ခရီးသွားတွေ စိတ်ဝင်တစား လေ့လာကြကြောင်း” ဒေသခံတစ်ဦးက ပြောသည်။

 

အင်းဝမြို့ဟောင်းရှိ လေးထပ်ကြီးဘုရားကို ညောင်းရမ်းမင်းတရားက မြန်မာသက္ကရာဇ် ၉၆၃ ခုနှစ်တွင် စတင်၍ လေးထပ်ကျောင်းကြီးကို ကျောင်းရန် ၄၀ နှင့်တကွ တည်ဆောက်ခဲ့ပြီး သားတော် သာလွန်မင်းက ပြီးစီးအောင် ဆောင်ရွက်ခဲ့သည်။ သက္ကရာဇ် ၁၀၂၀ ခုနှစ်တွင် တရုတ်တို့နှင့် စစ်မက်ဖြစ်ပွားရာ၌ လေးထပ်ကျောင်းတော်ကြီးကို မီးတိုက်ခံရသည်။ သက္ကရာဇ် ၁၁၈၇ ခုနှစ်တွင် စတုတ္ထအင်းဝနန်းစံ ဘကြီးတော်မင်းသည် သကျသီဟဗုဒ္ဓရုပ်ပွားတော်ကြီးအား ကြေးနီ၊ သလွဲ၊ ရွှေ၊ ငွေ စုစုပေါင်း ပိသာချိန် ၁၆၀၁၀ ဖြင့် သွန်းလောင်းခဲ့ပြီး လက်ရှိဂန္ဓကုဋီတိုက်ဖြင့် ဆောက်လုပ်လှူဒါန်းခဲ့သည်။

 

လေးထပ်ကျောင်းနေရာတွင် ဆောက်လုပ်ခဲ့သဖြင့် လေးထပ်ကြီးကျောင်းဟု လူသိများသည်။ သက္ကရာဇ် ၁၂၀ဝ ပြည့် ငလျင်ကြောင့် ဂန္ဓကုဋီတိုက်မှာ ပျက်စီးခဲ့ပြီး သကျသီဟရုပ်ပွားတော်ကြီးအား ပုဂံမင်းလက်ထက် သက္ကရာဇ် ၁၂၀၉ ခုနှစ်တွင် အမရပူရသို့ ပင့်ဆောင့်ကာ မဟာဝိဇယရံသီ စေတီတော်ကြီး၏ တောင်ဘက် ဘုံငါးဆင့်ပြသာဒ် ဆောက်လုပ်၍ တည်ထားကိုးကွယ်ခဲ့သည်။

 

သီပေါမင်းလက်ထက် သက္ကရာဇ် ၁၂၄၇ ခုနှစ်တွင် ၎င်းရုပ်ပွားတော်ကြီးအား အမရပူရမှ မန္တလေး မဟာအောင်မြေ မြို့နယ်ရှိ ယခုလက်ရှိ ကိန်းဝပ်တော်မူသော နေရာသို့ ပင့်ဆောင်ကိုးကွယ်ခဲ့သည်။ လက်ရှိကြွင်းကျန်ရစ်သော ဂန္ဓကုဋီတိုက်ကို ဘကြီးတော်မင်းကောင်းမှု မုခ်ပေါက်(၄) ပေါက်ပါ လေးဘက်ညီ အုတ်ဂန္ဓကုဋီတိုက်မှာ ပြသာဒ်ဖြင့် တည်ဆောက်ခဲ့ပြီး မျက်နှာလေးဘက်တွင် မုခ်ခုံတပ်ထားသည်။ မုခ်တံကဲတွင် သိကြားရုပ်၊ မိကျောင်းရုပ်၊ ခြင်္သေ့ရုပ်တို့ကို အဂငေ်္တပန်းများဖြင့် ထုလုပ်ထားပြီး အုတ်ပြသာဒ်ကို အစောင့်ဘီးလူးရုပ်ပါ စိန်တောင်သုံးဆင့်ဖြင့် ကာရံထားရာ စတုတ္ထအင်းဝခေတ် ဗိသုကာလက်ရာများ လေ့လာနိုင်ကြောင်း မှတ်တမ်းများသိရပြီး လက်ရှိတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ပြုပြင်ထိန်းသိမ်း စောင့်ရှောက်ထားရှိကာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် တောင်ဘက်နှင့် အရှေ့ဘက်၌ အုတ်ကြမ်းခင်းခြင်း၊ နံရံအက်ကွဲကြောင်းကြီးအား Grounding လောင်းခြင်း၊ အပေါ်တွင် ရေပိတ်လွှာလောင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)