ဒေသအစားအစာ ...ပိန္နဲသီးရခိုင်ချက်

ပိန္နဲသီးကို အမှည့်ခံပြီး အသီးအနှံအဖြစ် စားကြသလို မမှည့်ခင်မှာလည်း ပိန္နဲသီးအစိမ်းကို ဟင်းလျာအဖြစ် စားကြပါတယ်။ ပိန္နဲသီးအကင်းလေးတွေကို အကွင်းလှီးပြီး အတို့အမြှုပ်အဖြစ် ပြုတ်စားကြသလို မနုမရင့် အနေတော် ပိန္နဲသီးစိမ်းကို သူ့ချည်းသက်သက်ဖြစ်စေ၊ အသားများနဲ့ ရောလို့တစ်ဖုံ အမျိုးမျိုးအစုံစုံ ချက်ပြုတ်စားကြပါတယ်။

 

ပိန္နဲသီးရဲ့ဂုဏ်ကို ယောမြို့စားအတွင်းဝန် ဦးဘိုးလှိုင်ရဲ့ ဥတုဘောဇနသင်္ဂဟကျမ်းမှာ ပိန္နဲသီးစိမ်းသည် ချို၏၊ ဖန်၏၊ ကြေခဲ၏၊ လေကိုပျက်စေတတ်၊ ပူလောင်ခြင်းကို ပြုတတ်၏။ အား၊ သလိပ်၊ အဆီခဲတို့ကို ပွားစေတတ်၏။ ပိန္နဲသီးမှည့်သည် အေး၏၊ ချို၏၊ အဆီဩဇာရှိ၏၊ လေ၊ သည်းခြေကိုနိုင်၏လို့ ဖော်ပြထားပါတယ်။

 

ပိန္နဲသီးနဲ့ဆင်တူလွန်းလို့ ပိန္နဲသီးရယ်လို့ မှားတတ်တဲ့ အသီးတစ်မျိုးရှိပါတယ်။ အဲဒါကတော့ မြိတ်၊ ထားဝယ် ဘက်မှာတွေ့ရတဲ့ စုံပတတ်သီးပါ။ ပိန္နဲပင်က တောင်ပေါ် မြေပြန့်ဒေသမရွေး ပေါက်ရောက်တာကြောင့် ပိန္နဲသီးကို ဒေသအလိုက် ပုံစံအမျိုးမျိုး ချက်ပြုတ်စားသောက် ကြပါတယ်။ မွန်ပြည်နယ်ဘက်မှာ ပိန္နဲသီးစိမ်းကို သက်သတ်လွတ်ဟင်းအဖြစ် စားကြသလို ရခိုင်ဘက်မှာ တော့ ပိန္နဲသီးကို အတုံးလေးတွေတုံးပြီး ဆူးပုပ်ရွက် အုပ်ချက်ရတဲ့ ပိန္နဲသီးရခိုင်ချက်ကို စားဖူးသူတိုင်း စွဲမက် ကြပါတယ်။ ပိန္နဲသီးရခိုင်ချက် ချက်မယ်ဆိုရင် လိုအပ်တာ တွေက ဖော်ပြပါအတိုင်းဖြစ်ပါတယ်။

 

ပိန္နဲကွင်းအစိမ်း - ၃ ကွင်း
ငရုတ်သီးစိမ်းထောင့် - ၁၀ တောင့်
ကြက်သွန်နီ/ဖြူ - ၂/၁
ဆူးပုပ် - ၁ စည်း
မျှင်ငါးပိ - ကွမ်းသီးလုံးခန့်
ဆား၊ နနွင်း - သင့်ရုံ

 

ဟင်းချက်တော့မယ်ဆိုရင် ပိန္နဲကွင်းကို အရွယ်တော် အတုံးလေးတွေတုံး၊ ငရုတ်သီးစိမ်းတောင့်ကို အညှာ ချွေကာ ဒယ်အိုးမှာလှော်ပြီး လေးစိတ်ကွဲထောင်းထား၊ ကြက်သွန်ဖြူ/နီကို အခွံသင်ပြီး ညက်ညက်ထောင်းပါ။ အားလုံးအသင့်ဖြစ်က ဒယ်အိုးတစ်လုံးမှာရောထည့်ပြီး မျှင်ငါးပိအရည်ဖျော်လောင်း၊ ဆား၊ နနွင်း ဖြူးပြီး အဖုံးပိတ် တည်ပါမယ်။

 

ဟင်းအိုးဆူလာက အဖုံးဖွင့်ပြီး အနှံ့မွှေပါ။ ပိန္နဲသီးတုံး လေးများနူးအောင် ရေအနည်းငယ်ထည့်ပြီး ချက်ရပါ မယ်။ ပိန္နဲသီးတုံးလေးများ နူးလောက်ရင် အသင့်သင် ထားတဲ့ ဆူးပုပ်ရွက်လေးအုပ်ပြီး ရေစပ်စပ်နဲ့ဖိုမှချပါ။ ပူပူလောလော ဆိမ့်ဆိမ့်စပ်စပ်အရသာရှိတဲ့ ပိန္နဲသီးရခိုင် ချက်ဟာ ဆီမလိုတဲ့ သဘာဝသီးနှံ ဟင်းတစ်မယ်ဖြစ်တဲ့ အပြင် အာဟာရပြည့်ဝတဲ့ ကျန်းမာရေး ဟင်းတစ်ခွက်လို့ လည်း ဆိုနိုင်ကြောင်းပါဗျာ...။

 

စံလွင် (ငါးဦးစီး)

 

5