ဒဂုံတက္ကသိုလ် (၂၅)နှစ်ပြည့် ငွေရတုအထိမ်းအမှတ် အခမ်းအနားကျင်းပ

ရန်ကုန် ၂၆ ဒီဇင်ဘာ

 

ဒဂုံတက္ကသိုလ် (၂၅)နှစ်ပြည့် ငွေရတုအထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံတက္ကသိုလ်၌ ကျင်းပသည်။

 

 

ရှေးဦးစွာဒဂုံတက္ကသိုလ် (၂၅)နှစ်ပြည့် ငွေရတု အထိမ်းအမှတ် အခမ်းအနားကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။

 

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဒဂုံတက္ကသိုလ်ကို ၁၉၉၃ ခုနှစ် နိုဝင်ဘာလတွင် စတင်တည်ထောင်ခဲ့ပြီး ဘာသာရပ်(၁၁)ခုဖြင့် ပါမောက္ခချုပ်အပါအဝင် ဆရာ ၁၄ ဦးဖြင့် စတင်သင်ကြားခဲ့ပါကြောင်း၊ ဒဂုံတက္ကသိုလ်ရှိ ဆရာဆရာမများနှင့် ဝန်ထမ်းများ၏ ဝိုင်းဝန်းကြိုးပမ်းမှုဖြင့် ယခုအချိန်တွင် ဘာသာရပ်ဌာန(၂၂)ခုမှ ဘာသာရပ်ပေါင်း (၂၆)ခုအထိ သင်ကြားပို့ချပေးလျက်ရှိပါကြောင်း၊ (၂၅)နှစ်တာ ဖြတ်သန်းခဲ့ရသော ဒဂုံတက္ကသိုလ်၏ အတွေ့အကြုံများမှ ကောင်းမွန်သည့် ဖွံ့ဖြိုးတိုးတက်မှုများကို ဆက်လက်အားကောင်းစေရန်နှင့် အခက်အခဲ မပြည့်စုံမှု၊ စိန်ခေါ်မှုများကို ပြန်လည်ပျိုးထောင် သင်ကြားသင်ယူလေ့ကျင့်ပေးခြင်း၊ သုတေသနလုပ်ငန်းများကိုလည်း ဒေသအကျိုးပြု၊ နိုင်ငံအကျိုးပြု၊ ကမ္ဘာ့အကျိုးပြု ဖွံ့ဖြိုးတိုးတက်မှုများကို အထောက်အကူပြုမည့် တီထွင်ဆန်းသစ်မှုများအထိ ပူးပေါင်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း။

 

ဒဂုံတက္ကသိုလ်၏ ဆောင်ပုဒ်ဖြစ်သည့် “စိတ်ထားကောင်းမြတ်၊ ကျင့်ဝတ်လိုက်နာ၊ ပညာထူးချွန်၊ လူရည်မွန်များ၊ မွေးဖွားရိပ်ခို၊ တို့တက္ကသိုလ်”ဟူသည့် ဆောင်ပုဒ်နှင့်အညီ ဆရာ ဆရာမများ၊ စီမံခန့်ခွဲသူများ၊ ကျောင်းသား ကျောင်းသူများအနေဖြင့် အမိတက္ကသိုလ်၏ တိုးတက်အောင်မြင်မှုများအပေါ် ဆက်လက်ထိန်းသိမ်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 

ယင်းနောက် တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် ဒဂုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာနုနုရီတို့က နှုတ်ခွန်းဆက်စကား ပြောကြားကြပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ဒဂုံတက္ကသိုလ် (၂၅)နှစ်ပြည့်ငွေရတု အထိမ်းအမှတ်သိပ္ပံပြပွဲနှင့် သင်ရိုးအထောက်အကူပြုပြခန်းများကို ကြည့်ရှုအားပေးကြသည်။ 

 

(သတင်းစဉ်)