Digital Currency များအား ရောင်းဝယ်လဲလှယ်မှု ဗဟိုဘဏ်က ခွင့်မပြုထားကြောင်း အသိပေးကြေညာ

နေပြည်တော် ၃ မေ

 

Digital Currency များနှင့် ပတ်သက်၍ သုံးစွဲသူများ နစ်နာဆုံးရှုံးနိုင်ခြေရှိသဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ မေလ ၃ ရက်နေ့ ရက်စွဲဖြင့် အသိပေးကြေညာချက်တစ်စောင်ထုတ်ပြန်ထားသည်။

 

ယင်းကြေညာချက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၄၀ (င) နှင့် ပုဒ်မ ၆၂ တို့အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပြည်တွင်းသုံးငွေကို တစ်ဦးတည်းထုတ်ဝေသူနှင့် စီမံခန့်ခွဲသူ ဖြစ်ကြောင်း ပါရှိသည်။

 

ယခုအခါ Digital Currency များဖြစ်သော Cryptocurrency:Bitcoin (BTC)၊ Litecoin(LTC)၊ Ethereum (ETH) နှင့် Perfect Money (PM) အစရှိသည်တို့အား personal Facebook account များ၊ web page များမှ တစ်ဆင့် ရောင်း/ဝယ်၊ လဲလှယ်မှုများအား မိမိကိုယ်တိုင်အတွက်သော်လည်းကောင်း၊ ဝန်ဆောင်မှုပေးသည့် ပုံစံဖြင့် သော်လည်းကောင်း ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသည်ဟု ပါရှိသည်။

 

Cryptocurrency အပါအဝင် Digital Currency များအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်က တရားဝင်ငွေကြေးအဖြစ် သတ်မှတ်ထားခြင်းမရှိသကဲ့သို့ ယင်းကို ရောင်း/ဝယ် လဲလှယ်ခြင်းများ ဆောင်ရွက်ရန် ငွေရေးကြေးရေးအဖွဲ့ အစည်းများသို့ ခွင့်ပြုထားခြင်း မရှိပါကြောင်းလည်းသိရသည်။

 

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုထားခြင်းမရှိသော Cryptocurrency အပါအဝင် Digital Currency များအား online မှတစ်ဆင့်သော်လည်းကောင်း၊ လူကိုယ်တိုင်သော်လည်းကောင်း ရောင်း/ဝယ်၊ လဲလှယ်မှုများ ဆောင်ရွက်ပါက သုံးစွဲဆောင်ရွက်သူများတွင် ဆုံးရှုံးနိုင်ခြေရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိပေးကြေညာထားကြောင်း သိရသည်။

 

MDN