ဒီဇင်ဘာလဆန်းပိုင်း၌ မကွေးမြို့ရှိ စားသောက်ဆိုင် ၂၂၀ ကျော်ကို ကိုဗစ်စည်းကမ်းနှင့်အညီ ဆိုင်ထိုင်စနစ်ဖြင့် ဖွင့်ခွင့်ပြုမည်

မကွေး ၂၈  နိုဝင်ဘာ

ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုထားသည့် မကွေးမြို့ပေါ်မှ စားသောက်ဆိုင် ၂၂၅ ဆိုင်ကို လာမည့် ဒီဇင်ဘာလဆန်းပိုင်းတွင် ကိုဗစ်စည်းကမ်းနှင့်အညီ ဆိုင်ထိုင် ရောင်းချခွင့်ကို ပြန်လည်ခွင့်ပြုပေးတော့မည် ဖြစ်ကြောင်း သိရသည်။

 

ကိုဗစ်ဒုတိယလှိုင်းကာလ၌ စက်တင်ဘာလ ၁၄ ရက်နေ့မှ စတင်ကာ မကွေးမြို့ရှိ စားသောက်ဆိုင်များကို ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုခဲ့ပြီး အချိန် ၂ လခွဲကျော်ကြာပြီးနောက် လူမှုဘဝများ ပြန်လည် ရပ်တည်နိုင်ရေးအတွက် စီစဉ်နေခြင်း ဖြစ်သည်။

 

" ဆိုင်တွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ တိုင်းအစိုးရအဖွဲ့ထံ တင်ပြထားပါတယ်။ ဆိုင်တွေကိုဖွင့်ခွင့်မပြုခင်မှာ မြို့နယ်စည်ပင်၊ စားသုံးသူရေးရာ၊ အထွေထွေအုပ်ချုပ်ရေးဌာန၊ ကျန်းမာရေးဌာနနဲ့ တခြားတာဝန်ရှိသူတွေက စစ်ဆေးမှုတွေ လုပ်ဆောင်ထားပါတယ်။ ကျန်းမာရေးဆိုင်ရာ A အဆင့် သတ်မှတ်ချက်ဆိုင်တွေ ဖြစ်အောင်လုပ်ဖို့ ဆိုင်ရှင်တွေကို ပြောထားပြီးပါပြီ။ အားလုံးနီးပါး ပြန်ဖွင့်ခွင့်ရကြမှာပါ'' မကွေးမြို့နယ်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဖိုးနီက ပြောသည်။

 

ကိုဗစ်ပထမလှိုင်း၌ ဆိုင်ထိုင်စနစ်ကို နှစ်လခန့် လုပ်ဆောင်ခဲ့ရပြီး ယခုဒုတိယ လှိုင်း၌လည်း နှစ်လခွဲခန့် ဆိုင်ဖွင့်ခွင့် မရသည့်အတွက် နေ့စဉ်ရောင်းအား၏ သုံးပုံနှစ်ပုံ ကျဆင်းသွားကြောင်း၊ ပြန်ဖွင့်ခွင့် ရပါကလည်း ကျေးရွာများ၌ သီးနှံပေါ်ချိန်နှင့် တိုက်ဆိုင်နေသဖြင့် အလုပ်သမား ရှာမရသည့် အခက်အခဲများလည်း ရှိနေကြောင်း လက်ဖက်ရည်ဆိုင် ပိုင်ရှင်ဒေါ် စိန်မြင့် ထံက သိရသည်။

 

မကွေးဒေသတွင် စားဝတ်နေရေးအရ မဖြစ်မနေ အိမ်ပြင်ထွက်ကြရသူ များပြားနေပြီး အကာအကွယ်တပ်ဆင်မှု အခြေအနေမှာလည်း ယခင်ကထက် ပိုများလာသည်ဟု ဒေသခံတစ်ဦးဖြစ်သူ ဦးမျိုး က ဆိုသည်။

 

မကွေးတိုင်းဒေသကြီးတွင် ယနေ့နံနက်ပိုင်းထိ ကိုဗစ်အတည်ပြုလူနာ ၁၃၃၉ ဦးရှိပြီး ယင်းတို့ထဲမှ သက်ကြီးလူနာ ၃ ဦး သေဆုံးခဲ့ကာ ရောဂါသက်သာ၍ ဆေးရုံဆင်းခွင့်ရသူဦးရေ တစ်ထောင်ခန့်ရှိကြောင်း မကွေးတိုင်းပြည်သူ့ကျန်းမာရေး ဦးစီးဌာန က သိရသည်။

ဇေယျတု(မကွေး)