ဒီလိုဆွေးနွေးပွဲလုပ်တဲ့အတွက်ကြောင့် ရှေ့အနာဂတ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် အများကြီး အကျိုးရှိပါတယ်

အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး

 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)၌ ဇန်နဝါရီ ၁၃ ရက်နှင့် ၁၄ ရက် နှစ်ရက်တာ ကျင်းပခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲအတွင်း အစိုးရဌာန၊ အဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒ၊ NCA အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစုပင်လုံလုပ်ငန်းစဉ်၊ ပြည်ထောင်စုသဘောတူစာချုပ်ပါ အခြေခံမူသဘောတူညီချက်များကို ကောင်းမွန်စွာသိရှိနားလည်ပြီး သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများ ရေးဆွဲပြဋ္ဌာန်းသည့်အခါ၊ အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်သည့်အခါ လိုက်လျောညီထွေဖြစ်ရန်နှင့် လိုက်ပါဖော်ဆောင်နိုင်ရန် ရည်ရွယ်ဆွေးနွေးခဲ့ကြသည်။ ထိုသို့ဆွေးနွေးခဲ့မှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးပွဲ ပါဝင်တက်ရောက်သူများ၏ စကားသံများကို မေးမြန်းခဲ့သည်။

 

ဦးအောင်နိုင်ဦး

အမြဲတမ်းအတွင်းဝန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန

 

အလုပ်ရုံဆွေးနွေးပွဲက နှစ်ရက်လုပ်တာ မနေ့ကနဲ့ ဒီနေ့ပါ။ အဓိကအားဖြင့် အစိုးရ ဌာနအသီးသီးက ဝန်ထမ်းအကြီးအမှူးတွေကို လုပ်နေတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ ဖြစ်ပေါ်တိုးတက်မှုတွေကို ပိုပြီးသိရှိအောင်နဲ့ အစိုးရဘက်ကနေ ဘယ်လိုပါဝင်ပေး ရမလဲဆိုတာကို အောင်မြင်အောင် ဘယ်လိုပံ့ပိုးပေးရမလဲ၊ ဘာတွေကူညီပေးရမလဲ ဒါတွေကို ကျယ်ကျယ်ပြန့်ပြန့်သိအောင် ဆွေးနွေးတာ ဖြစ်ပါတယ်။ အစိုးရဌာနအကြီးအကဲတွေကို ခေါ်ယူပြီး ဆွေးနွေးတာ ပထမဦးဆုံးပါ။ ဒီလို ဆွေးနွေးပွဲလုပ်တဲ့အတွက်ကြောင့် ရှေ့အနာဂတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် အများကြီး အကျိုးရှိပါတယ်။ အဓိကကတော့ လက်ရှိ ဖြစ်ပေါ်တိုးတက်နေတဲ့ အခြေအနေတွေကို ရှင်းပြတယ်။ ရှေ့မှာဖြစ်ပေါ်နိုင်တဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ဒါတွေကို ဘာဖြစ်နိုင်မလဲဆိုတာကို ဝိုင်းဝန်းပြီးတော့ ဆွေးနွေးတယ်။ ဖြစ်ပေါ်နိုင်တဲ့စိန်ခေါ်မှုနဲ့ အခက်အခဲတွေကို ဘယ်လိုအောင်မြင်အောင် ကျော်လွှားကြရမလဲ ဒါတွေကိုလည်း ဝိုင်းဝန်းတိုင်ပင်ညှိနှိုင်းကြတယ်။ နောင်လည်း ဒါမျိုးတွေက ဆက်ပြီးရှိနေဦးမယ်လို့ သုံးသပ်ပါတယ်။ ဒီလိုဆွေးနွေးတာက တော်တော်ကောင်းပါတယ်။ ငြိမ်းချမ်းရေးက တိုင်းပြည်အတွက် မရှိမဖြစ်လိုအပ်တဲ့ လိုအပ်ချက်မို့လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တပ်မတော်၊ အစိုးရ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ လွှတ်တော်မှာ လုပ်နေတဲ့အပိုင်းမှာ အစိုးရဌာနအကြီးအကဲတွေက ဘယ်အစိုးရပြောင်းပြောင်း အစိုးရဌာနတွေက ဆက်ပြီးတော့ ပါဝင်နေရမှာဖြစ်တဲ့အတွက် ဒီလုပ်ငန်းစဉ်က တော်တော်လေးထိရောက်တယ်။ ဖြစ်ပေါ်နေတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို လက်တွေ့ကျကျ ချဉ်းကပ်တဲ့အခါမှာ အစိုးရဌာနတွေက ဘယ်လိုပါဝင်ပေးရမလဲဆိုတာကို သိမြင်နိုင်မယ်။ ဒါကြောင့်မို့ ဒါဟာ အကျိုးရှိပါတယ်။

 

mdn

 

ဗိုလ်မှူးကြီးဝဏ္ဏအောင်

အတွင်းရေးမှူး၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)

 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ JMC နဲ့ ပတ်သက်တဲ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးရှင်းလင်းခြင်း ဖြစ်ပါတယ်။ အဓိကကတော့ JMC မှာ ပါဝင်ဆောင်ရွက်နိုင်အောင်ပါ။ ဒါကြောင့် အစည်းအဝေးမှာ JMC နဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်မှာ သက်ဆိုင်ရာ အစိုးရအဖွဲ့တွေအနေနဲ့ ဘယ်လိုနေရာတွေကနေ ပါဝင်နိုင်တယ်ဆိုတာကိုလည်း ဆွေးနွေးကြပါတယ်။ ကျွန်တော်တို့ JMC အနေနဲ့ လက်ရှိမှာ ၁၈ ကြိမ်မြောက် ပြည်ထောင်စုအဆင့်အစည်းအဝေးကိုတော့ဆောင်ရွက်ပြီး ဖြစ်ပါတယ်။

 

Suspension ကာလမှာတော့ JMC အစည်းအဝေးတွေလည်း ရပ်ဆိုင်းနေပါတယ်။ JICM အစည်းအဝေးရဲ့ဆုံးဖြတ်ချက်အရ JMC အစည်းအဝေးတွေကို ဆက်လုပ်သွားနိုင်ဖို့ အကောင်အထည်ဖော်သွားရမှာ ဖြစ်ပါတယ်။ JMC အစည်းအဝေးလုပ်မယ့်ရက်ကို အကြမ်းအားဖြင့် လျာထားပြီးတော့ အစိုးရအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လက်ရှိ NCA ရေးထိုးထားတဲ့ အဖွဲ့တွေဟာ JICM အစည်းအဝေးပြီးတဲ့အချိန်မှာ ပြန်လည် ပါဝင်နိုင်မှာဖြစ်တဲ့အတွက် ဒါကလည်း ကောင်းတဲ့လက္ခဏာ ဖြစ်ပါတယ်။ ဒါကြောင့် NCA လက်မှတ်ရေးထိုးပြီးတဲ့ အဖွဲ့တွေနဲ့ တည်ဆောက်ထားတဲ့ UPDJC၊ JMC တွေကို ပြန်လည်လုပ်နိုင်မှာ ဖြစ်တဲ့အတွက် ကောင်းတဲ့သဘောဖြစ်ပြီး ငြိမ်းချမ်းရေးအတွက်လည်း ဆက်ပြီးကြိုးစားဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။

 

ဒီနေ့လို အစည်းအဝေးမျိုးကလည်း ကောင်းပါတယ်။ ကျွန်တော်တို့ အကောင်အထည်ဖော်နေတဲ့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အစိုးရအဖွဲ့အစည်းတွေက ကြေကြေညက်ညက် သိထားခြင်းအားဖြင့် ဘယ်နေရာ ပါဝင်လို့ရနိုင်တယ်။ ဘယ်နေရာက အားဖြည့်လို့ရနိုင်တယ်။ ဒီလိုမျိုးတွေ သိရှိသွားပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်အောင် ပူးပေါင်းဆောင်ရွက်သွားနိုင်မယ့် အနေအထား မျိုးဖြစ်လာမှာပါ။ ဒီနေ့အစည်းအဝေးကနေ တစ်ဆင့် အစိုးရအဖွဲ့အရာရှိကြီးတွေအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို သိရှိသွားကြတယ်။ ဒီလိုပဲ မသိရှိသေးတဲ့သူတွေ၊ ဝန်ထမ်းတွေကို ထပ်ပြီးရှင်းပြပြောနိုင်ရင် အားလုံးသိရှိပြီးတော့ အားလုံးပါဝင်ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။

 

mdn

 

ဦးစိုးစိုးဇော်

အတွင်းရေးမှူး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့

 

တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့တွေက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမြဲပဲတွဲလျက် ပါဝင်ဆောင်ရွက်ရမယ်ဆိုတဲ့ သဘောတရားကို တွေ့လာရပါတယ်။ ကျွန်တော်တို့တိုင်းဒေသကြီး နဲ့ပြည်နယ်အစိုးရအဖွဲ့တွေရဲ့ ဆောင်ရွက်ချက်တွေဟာ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နဲ့တွဲပြီးတော့ ငြိမ်းချမ်းရေးအထောက်အကူပြုတဲ့ လုပ်ငန်းတွေကိုပေါင်းစပ်ပြီးတော့ ဆောင်ရွက် ဖို့လိုအပ်တယ်ဆိုတာကို ထဲထဲဝင်ဝင် ပိုပြီး သိမြင်လာရပါတယ်။

 

အဲဒီအတွက် ကျွန်တော်တို့သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်ကို ပြန်လည် ရောက်ရှိတဲ့အခါမှာ ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေကို ဒီဘက်က အခြေအနေကိုတင်ပြပြီးတော့ ကျွန်တော်တို့ဒေသမှာရှိတဲ့ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေနဲ့ လိုအပ်ချက်တွေ၊ ဒေသဖွံ့ဖြိုးရေးတွေ၊ ယုံကြည်မှုတည်ဆောက်တာတွေ၊ ကြားကာလဆောင်ရွက်ရမယ့် အစီအမံတွေနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်သွားမယ်။ ဒီလိုပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက်လည်း အများကြီးသိရှိသွားပါတယ်။ ကျွန်တော်တို့ ပြည်နယ်မှာ NCA လက်မှတ်ရေးထိုးထားတဲ့ RCSS၊ PNLO၊ LDU အဖွဲ့သုံးဖွဲ့ရှိပါတယ်။ လက်မှတ်ရေးထိုးဖို့ ကျန်နေတဲ့ အဖွဲ့တွေလည်း ရှိပါသေးတယ်။

 

NCA လက်မှတ်ရေးထိုးပြီးတဲ့ ဒေသတွေမှာ များသောအားဖြင့် ပညာရေး၊ ကျန်းမာရေး အစရှိတဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ လူမှု စီးပွားဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ပြည်သူတွေနဲ့ အတူ ပူးပေါင်းပြီးတော့ EAO အဖွဲ့တွေနဲ့ ဆောင်ရွက်လာနိုင်တာဖြစ်တဲ့အတွက် ဖွံ့ဖြိုးမှုကွာဟမှုက တဖြည်းဖြည်းနည်းလာပါတယ်။ ဒီဟာလေးတွေကို ကျန်တဲ့ EAO အဖွဲ့တွေက သိရှိပြီးတော့ ဒေသငြိမ်းချမ်းရေးအကောင် အထည်ဖော်ရာမှာ ပိုပြီးအကျိုးကျေးဇူးဖြစ်လာ လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ပြည်သူတွေက ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ငြိမ်းချမ်းရေး အမှန်တကယ်ရချင်တဲ့စိတ် ဖြစ်နေကြတယ်။ ကျွန်တော်တို့ပြည်နယ်မှာလည်း ဒီလိုပဲ ဖြစ်ပါတယ်။

ပင်လုံညီလာခံကနေတစ်ဆင့် ပြည်ထောင်စုသဘောတူညီချက်တွေ ရခဲ့ကြတယ်။ ပြည်သူတွေအနေနဲ့လည်း သူတို့လိုလား တောင့်တတဲ့ ငြိမ်းချမ်းရေးကို ကြိုးပမ်းပေးနေတဲ့အတွက် ကျေနပ်မှာဖြစ်ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစုပင်လုံ စတုတ္ထ အစည်းအဝေးကနေလည်း ကျွန်တော်တို့ ပြည်နယ်မှာ ငြိမ်းချမ်းရေးအလင်းရောင် ပိုပြီး ဖြစ်ထွန်းပေါ်ပေါက်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

 

ကေကေ၊ လင်းနိုင်

ဓာတ်ပုံ-ထိန်နန်နော်