ဒီနေ့အတွက် သိကောင်းစရာ (၄၁)

(၂၀၂၀) ပြည့်နှစ်၊ ဇူလိုင်လ (၃) ရက်နေ့

 

ဆင်ခြေထောက်ရောဂါနှင့် ပတ်သက်ပြီး ဘာ‌တွေ သိထားသင့်သလဲ?

ဆင်ခြေ‌ထောက်ရောဂါသည် သာမန်မျက်စိဖြင့်မမြင်နိုင်သည့် သွေးကြောထဲတွင်နေထိုင်သော သန်ကောင် အမျိုးအစားရောဂါပိုးတစ်မျိုးကြောင့် ဖြစ်ပွားပြီး နေအိမ်များတွင်တွေ့ရလေ့ရှိသည့် အညိုရောင်ရှိသောခြင်များ (Culex quinquefasciatus) ကိုက်ခြင်းမှတစ်ဆင့် ကူးစက်ပါသည်။

 

ဆင်ခြေ‌ထောက်ရောဂါပိုး သယ်ဆောင်သောခြင်သည် ရေပုပ်ရေသိုးများ၊ ရေစီးရေလာမကောင်းသည့် ရေမြောင်းပုပ်များနှင့် ရေဆိုးကျင်းများတွင် အများအပြားပေါက်ပွားပါသည်။

 

တွေ့ရှိနိုင်သော ရောဂါလက္ခဏာများမှာ အရေပြားကွက်၍ နီရဲခြင်း၊ ပူခြင်း၊ ရောင်ရမ်းခြင်း၊ အင်ပြင်ထွက်ခြင်း၊ ချမ်းတုန်၍ ဖျားခြင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းအချို့တွင် နီရဲရောင်ရမ်း၍ နာကျင်ခြင်း၊ တစ်ခါတစ်ရံ ပေါင်ရင်း ရှိအကျိတ်များ ရောင်လာ၍ဖျားခြင်း ၊ ချောင်းဆိုးရင်ကြပ်ခြင်း၊ ဆီးသွားသည့်အခါ အဖြူရောင်ပျစ်ချွဲချွဲဆီးများ သွားခြင်း၊ ဝှေးစေ့ရောင်ခြင်း၊ ကပ်ပယ်အိတ် တဖြည်းဖြည်းကြီးလာခြင်းတို့ ဖြစ်ပါသည်။

 

ဆင်ခြေထောက်ရောဂါပိုးများသည် လူခန္ဓာကိုယ်ထဲရှိ သားငန်ရည်ကြောနှင့် အကျိတ်များတွင် ရှိနေသော် လည်း မည်သည့်ရောဂါ လက္ခဏာမှမပြဘဲ ငုပ်နေတတ်ပါသည်။

 

ရောဂါသက်ရင့်လာသည့်အခါ ခြေထောက်၊ လက်၊ ရင်သားများ တစ်ဘက်တည်း (သို့မဟုတ်) နှစ်ဘက်လုံး တဖြည်းဖြည်းကြီးလာခြင်း၊ ခြေ/လက်များ ဆင်၏ ခြေထောက်ကဲ့သို့ ကြီးလာခြင်းတို့ ဖြစ်နိုင်ပါသည်။

 

ဆင်ခြေထောက်ရောဂါကာကွယ်နိုင်ရေးအတွက် ပတ်ဝန်းကျင်သန့်ရှင်းရေး ဂရုပြုဆောင်ရွက်ခြင်း၊ ခြင်ကိုက် မခံရအောင် နေထိုင်ခြင်း၊ နေ့ညမရွေး ခြင်ထောင်ဖြင့် အိပ်ခြင်းတို့ ဆောင်ရွက်ရပါမည်။

 

ရောဂါကူးစက်မှုရှိသော ဒေသများ (ဥပမာ - မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး) တွင် လူအားလုံးကို တစ်နှစ်လျှင်တစ်ကြိမ်၊ အနည်းဆုံး (၅) နှစ်ဆက်တိုက်ခန့် ဆင်ခြေထောက် ရောဂါကင်းဝေးရေး သန်ချဆေးပေါင်းကို သတ်မှတ်ကာလအတွင်း တစ်ပြိုင်တည်းသောက်ခြင်းဖြင့် အဆိုပါဒေသများတွင် ဆင်ခြေ ထောက်ရောဂါ လုံးဝကင်းဝေးခြင်းရလဒ်ကို ရရှိစေနိုင်ပါသည်။

 

"ဆင်ခြေထောက်ရောဂါကင်းဝေးစေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တိုက်ကျွေးမည့် သန်ချဆေးပေါင်းကို သတ်မှတ်ကာလအတွင်း အားလုံးက မပျက်မကွက် သောက်သုံးကြရန် လိုအပ်ပါသည်။"

#Ministry_of_Health_and_Sports, #MoHS, #COVID19LabResults, #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ