𝐂𝐨𝐫𝐨𝐧𝐚𝐯𝐢𝐫𝐮𝐬 Disease 2019 (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၂၃-၂-၂၀၂၀) ရက်နေ့၊ ည (၈:ဝ၀) နာရီ

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့ တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူ လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

 

၂။ တိုင်းဒေသကြီး/ ပြည်နယ်များတွင် (၂၂-၂-၂၀၂၀) ရက်နေ့၊ ည (၈:ဝ၀) နာရီမှ (၂၃-၂-၂၀၂၀) ရက်နေ့၊ ည (၈:ဝ၀)နာရီအချိန်အထိ Coronavirus Disease 2019 (COVID-19) ရောဂါနှင့်ပတ်သက် ၍ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ကုသသည့် လူနာသစ်မရှိပါ။

 

၃။ (၂၃-၂-၂၀၂၀) ရက်နေ့၊ ညနေ (၆:ဝ၀) နာရီအချိန်အထိ ဆေးရုံဆင်းခွင့်သတ်မှတ်ချက်များအရ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ဆေးရုံများတွင် COVID-19 ရောဂါပိုး ဓာတ်ခွဲစစ်ဆေး မတွေ့ရှိရသော်လည်း ပိုမိုစိတ်ချရစေရန် (၄၈) နာရီ ဆက်လက်စောင့်ကြပ်ကြည့်ရှုမှုခံယူနေသည့် စောင့်ကြည့်လူနာ (၅) ဦးရှိပြီး ၎င်းတို့၏ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

 

၄။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ အောက်ပါဖြစ်စဉ်များဖြစ်ပွားမှုကို သတင်းရယူ၍ COVID-19 ရောဂါနှင့် သက်ဆိုင်မှု မရှိကြောင်း အတည်ပြုခြင်းအား ဆောင်ရွက်ခဲ့ပါသည်-

 

(က) တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီမြို့မှ အသက်(၄၁)နှစ်အရွယ် တရုတ်နိုင်ငံသား၊ အမျိုးသား (၁)ဦးသည် ရန်ကုန်မြို့သို့ (၃၁-၁-၂၀၂၀) ရက်နေ့တွင် လေကြောင်းခရီးဖြင့် ရောက်ရှိလာခဲ့ပြီး မွန်ပြည်နယ်၊ ရေးမြို့သို့ (၁၄-၂-၂၀၂၀) ရက် နေ့တွင် ရောက်ရှိခဲ့ပါသည်။ အဆိုပါအမျိုးသားသည် (၂၂-၂-၂၀၂၀) ရက်နေ့၊ နံနက် ပိုင်းတွင် ရေးမြို့နယ်၊ ဆိပ်ကလေးကျေးရွာ၌ ကားပေါ်သို့တက်စဉ် ရုတ်တရက်သတိလစ်၍ မူးလဲကျသွားသဖြင့် ကျေးရွာတာဝန်ရှိသူများမှ ရေးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရာ ဆေးရုံတွင် လူနာအား စမ်းသပ်စစ်ဆေးချက်များအရ လူနာသည် ဦးနှောက်သွေးယိုစီးမှုကြောင့် ဖြစ်ပွားသည်ဟု တွေ့ရှိသုံးသပ်ပါသည်။ လူနာတွင် ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများမတွေ့ရှိခဲ့ပါ။ အဆိုပါ လူနာအား လိုအပ်သောအရေးပေါ်ကုသမှုများပေး၍ မော်လမြိုင် ပြည်သူ့ဆေးရုံကြီး သို့လွှဲပို့ရန် စီစဉ်နေစဉ် နံနက်(၁၁:ဝ၅)နာရီအချိန်ခန့်တွင် သေဆုံးသွားခဲ့ပါသည်။  သေဆုံးရသည့်အကြောင်းအရင်းအား သိရှိနိုင်ရန်အတွက် ရုပ်အလောင်းအား ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပေးပို့၍ ရင်ခွဲစစ်ဆေးမှုအားဆောင်ရွက်ခဲ့ရာ လူနာ သေဆုံးရသည့်အကြောင်းအရင်းမှာ သွေးတိုးရောဂါကြောင့် ဦးနှောက်သွေးကြော ပေါက်၍ ဦးနှောက်အတွင်း သွေးယိုစီးခြင်းဖြစ်ပွား၍ သေဆုံးရခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ပါသည်။

 

(ခ) (၂၃-၂-၂၀၂၀) ရက်နေ့၊ နံနက် (၅:၄၀) နာရီအချိန်တွင် တောင်ကိုရီးယားနိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာ သော အသက် (၂၄) နှစ် အရွယ် အမျိုးသား (၁) ဦးသည် လေဆိပ်မှနေအိမ်သို့ပြန်ရန် YBS ဘတ်စ်ကားပေါ်၌ ၎င်းတွင် COVID-19 ရောဂါဖြစ်ပွားနေသည်ဟုထင်ကြောင်း ၎င်းကိုယ်တိုင်ပြောကြားခဲ့သဖြင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ လေဆိပ်ကျန်းမာရေး ဌာနခွဲသို့ ဆက်လက်သတင်းပေးပို့ခဲ့ရာ ကျန်းမာရေးဝန်ထမ်းများမှ သွားရောက်စစ်ဆေး ခဲ့ပါသည်။ လူနာအား စစ်ဆေးချက်များအရ ကိုယ်ပူဖျားနာခြင်းမရှိသည့် အပြင် (၃၅.၂ ဒီဂရီစင်တီဂရိတ်သာရှိ) အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရသည့် အတွက် ၎င်းအား အခြားလိုအပ်မည့် ကျန်းမာရေးစောင့်ရှောက်မှုပေးရန်အတွက် အထူးကုဆေးရုံကြီးဝေဘာဂီ၊ ပြင်ပလူနာဌာနသို့ (၂၃-၂-၂၀၂၀) ရက်နေ့၊ နံနက် (၈:၃၀) နာရီအချိန်တွင် လွှဲပြောင်းပို့ဆောင်ပေးခဲ့ပါသည်။ အထူးကုဆရာဝန်ကြီးများ ၏ စမ်းသပ်စစ်ဆေးမှုများအရ လူနာတွင် COVID-19 ရောဂါသံသယလက္ခဏာများ မတွေ့ရှိရဘဲ စိတ်ပူပန်မှုလွန်ကဲသည့် လက္ခဏာများသာ တွေ့ရှိခဲ့သဖြင့် ပြင်ပလူနာ အဖြစ် ဆေးကုသမှုများပေးခဲ့ပါသည်။

Crd. Ministry of Health and Sports, Myanmar

221