ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကျင်းပ

နေပြည်တော်  ၂၄  ဖေဖော်ဝါရီ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဘော်ရယ်စိုးဝေ၏ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါဖုကျေးရွာအုပ်စုအတွင်းရှိ ဒေါဖု - ဘိုးလျား ကျေးရွာချင်းဆက် မြေသားလမ်းအား (၁၂)ပေအကျယ် ကျောက်ချောလမ်း သို့မဟုတ် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က အဆိုပါ လမ်းသည် တောင်ပေါ်ဒေသမြေသား လမ်းအဆင့်သာရှိသည့်အတွက် ကျောက်ချောလမ်း အဆင့်မြှင့်တင်နိုင်ရေးအတွက်  နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်မှစတင်၍ ကျောက်လမ်း(၂)မိုင်နှင့် Box Culvert (၂)စင်းတို့ကို လျာထားတင်ပြသွားမည် ဖြစ်ပါကြောင်းနှင့် ကျန်ရှိသည့်အပိုင်းများကိုလည်း ဘဏ္ဍာရေးနှစ်အလိုက် လျာထားတင်ပြ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးမျိုးထပ် (ခ) ဆလိုင်းမျိုးထိုက်၏ ချင်းပြည်နယ်၊ ပလက်၀မြို့နယ်၊ ဆမီးမြို့ အမှတ်(၂)ရပ်ကွက်ရှိ လိပ်ကုန်း(၂) အခြေခံ ပညာအလယ်တန်းကျောင်းတွင် ပေ(၁၃၀ × ၃၀) RC နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ပလက်၀မြို့နယ်၊ ဆမီးမြို့ အမှတ်(၂) ရပ်ကွက်ရှိ လိပ်ကုန်း(၂) အခြေခံပညာအလယ်တန်းကျောင်းတွင် ပေ(၁၂၀ × ၃၀) Steel Structure (၁)ထပ်ဆောင် (၁) ဆောင်ဆောက်လုပ်ပေးရန်အတွက် လိုအပ်သောရန်ပုံငွေကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၏ ငွေလုံးငွေရင်း (တည်ဆောက်ရေး) ရန်ပုံငွေ ခေါင်းစဉ်အောက်တွင် မြို့နယ်ဦးစားပေး အစီအစဉ်အရ စိစစ်ထည့်သွင်းလျာထား ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးစိုင်းစံအောင်၏ “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၊ ပန်လုံမြို့တွင် နွေရာသီကာလ သောက်သုံးရေသိုလှောင်နိုင်မည့် ရေဂါလန် (၃၃)သိန်းဆံ့ ကြာကန်ပြုပြင် မွမ်းမံခြင်းလုပ်ငန်းနှင့် ရေဂါလန်(၈) သိန်းဆံ့ ကျောက်စီရေလှောင်ကန် (၁)လုံး ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပန်လုံမြို့နယ်ခွဲစည်ပင်သာယာရေးဌာနအနေဖြင့် (င)အဆင့်မြို့နယ် ဖြစ်ပြီး ဝင်ငွေနည်း ပါးသည့် မြို့ဖြစ်သည့်အလျောက် ပန်လုံမြို့တွင်နွေရာသီကာလ သောက်သုံးရေ သိုလှောင်နိုင်မည့် ရေဂါလံ (၃၃)သိန်းဆံ့ ကြာကန်ပြုပြင်မွမ်းမံခြင်း လုပ်ငန်းနှင့် ရေဂါလန် (၈)သိန်းဆံ့ ကျောက်စီရေလှောင်ကန် (၁)လုံး တည်ဆောက် မည်ဆိုပါက စိစစ်တွက်ချက်မှုအရ ငွေကျပ်သန်း (၆၀၀) ခန့်ကုန်ကျမည်ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် မြို့နယ်စည်ပင် သာယာရေးအဖွဲ့အနေဖြင့် ရန်ပုံငွေလုံလောက်မှုမရှိသည့် အကန့်အသတ် ရှိနေသည့်အတွက် လတ်တလောတွင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ကိုယ်စား ဖြေကြားသည်။

 

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်း၏ ချင်းပြည်နယ်၊ ပလက်၀မြို့နယ်အတွင်းရှိ ကျေးလက်နေ တောင်သူလယ်သမားများအတွက် “၀” ဥစိုက်ပျိုးရေး ချေးငွေထုတ်ချေးပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ချင်းပြည်နယ်၊ ပလက်၀မြို့နယ်အတွင်းရှိ ကျေးလက်နေတောင် သူလယ်သမားများအတွက် “၀” ဥ စိုက်ပျိုးရေး လုပ်ငန်းချေးငွေကို စိုက်ပျိုးစရိတ်ချေးငွေ အစီအစဉ်အောက်မှ မချေးပေးနိုင်သော်လည်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ MEB Two Step Loan ချေးငွေအစီအစဉ်အောက်တွင် ထုတ်ချေးပေးနိုင်မည် ဖြစ်ပါကြောင်း၊ အဆိုပါ ချေးငွေရရှိနိုင်ရန်အတွက် လယ်ယာမြေ ပိုင်ဆိုင်မှု အထောက်အထားများ၊ ပုံစံ(၇)နှင့် ပုံစံ(၁၀၅) ရှိရန်လိုအပ်ပါကြောင်း၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ထောက်ခံချက်များ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ၊ ချေးငွေရယူလိုသူများ၏ မရွေ့မပြောင်းနိုင်သည့် ပစ္စည်းအာမခံ (သို့မဟုတ်) ပူးတွဲအာမခံပေးနိုင်သူ(၂) ဦး၏ ပူးတွဲအာမခံ တို့ဖြင့် ချေးငွေလျှောက် ထားနိုင်ပါကြောင်းနှင့် လုပ်ငန်းပမာဏနှင့် အာမခံတင်သွင်းနိုင်မှုအခြေအနေအပေါ် မူတည်၍ ချေးငွေနှုန်းထား ပမာဏနှင့် ချေးငွေသက်တမ်း စသည်တို့ကို သတ်မှတ်ပြီး ထုတ်ချေးပေးမည် ဖြစ်ပါကြောင်း။

 

ထို့ပြင် ချေးငွေရယူလိုသူများအနေဖြင့် လုံလောက်သည့်အာမခံ မတင်သွင်းနိုင်ပါကလည်း မြန်မာ့အာမခံလုပ်ငန်းနှင့် ချိတ်ဆက်၍ ဆောင်ရွက်နိုင်ရန် စီစဉ်ပေးထားပါကြောင်း၊ ထို့ကြောင့် နီးစပ်ရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ) သို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း ဖြေကြားသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကိုကိုနိုင်၏ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် နှစ်စဉ် တစ်လတစ်ကြိမ် (၁)ရက်နေ့တိုင်း ဖွင့်လှစ်ပေးနေသည့် အောင်ဘာလေဆုမဲများကို ထီကံစမ်းထားသည့် အများပြည်သူထီပေါက်ခွင့် (ကံထူးခွင့်) အခွင့်အလမ်းများ ပိုမိုလာစေရန် ယခုလက်ရှိ ဖွင့်လှစ်ပေးနေသည့် ဆုမဲများမှ ထပ်ဆောင်း ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက အောင်ဘာလေထီလုပ်ငန်းတွင် ဆုမဲခွဲဝေမှုပြင်ဆင် သည့်အချိန်တိုင်း ဝယ်လိုအားမြင့်တက်သည့် အစဉ်အလာရှိသည့်အတွက် လက်ရှိရောင်းချနေသည့် ၁၀၀ဝ ကျပ်တန်ထီတွင် ဆုမဲပြင်ဆင်မှုများ ဆောင်ရွက်ပါက ဝယ်လိုအား မြင့်တက်လာနိုင်ကြောင်းကိုလည်း မျှော်မှန်းရပါကြောင်း၊ သို့သော် တစ်ဖက်တွင်လည်း မင်္ဂလာစုံတွဲထီစနစ်များ ပြန်လည်အသက်ဝင်လာပြီး ထီလက်မှတ်ဈေးကြီးမြင့် မှုများလည်း ပိုမိုဖြစ်လာနိုင်မည်ဆိုသည့် အချက်ကိုလည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်ပါကြောင်း။

 

သို့ဖြစ်ပါ၍ ၁၀၀၀ ကျပ်တန် အောင်ဘာလေထီတွင် ခွဲဝေချီးမြှင့်လေ့ရှိသည့် ထီဆုမဲအရေအတွက်ကို ထီလက်မှတ် ရောင်းရငွေ၏ ၆ဝ ရာခိုင်နှုန်း ဘောင်အတွင်းတွင် ပထမအဆင့်အနေဖြင့် အမြင့်ဆုံး အထူးဆုကြီး၏ အက္ခရာမတူ၊ ဂဏန်းတူ  ထီလက်မှတ်များကို ထီဆုငွေထည့်သွင်းချီးမြှင့်နိုင်ရေး ကိစ္စရပ်ကို ဦးစွာသုံးသပ်ဆောင်ရွက်သွားရန် အစီအစဉ်ရှိပါကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်၏ ဆွေးနွေးချက်များ အပေါ်တွင်လည်း ပြည်တွင်းအခွန်များဦးစီးဌာနနှင့် ဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီတို့မှ ဆွေးနွေးသုံးသပ်မှုများ ပြုလုပ်မည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

အလားတူ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဘွဲခိန်း၏ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ဘုန်တလန်ကျေးရွာတွင် သောက်သုံးရေ ရှားပါးသည့်အတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် သောက်သုံးရေသန့် သွယ်ယူပေးရန် အစီ အစဉ် ရှိ/မရှိ မေးခွန်းနှင့် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဇယ်ခေါင်၏ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ စင်ကြိုင် - ဂူခန် ကျေးရွာချင်းဆက်လမ်းအား ကျောက်ချောလမ်းအဖြစ် လာမည့်ဘဏ္ဍာရေးနှစ်တွင် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က လည်းကောင်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါ်ထုမေ ၏ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့၊ ဇရပ်ပြင် အခြေခံပညာအထက်တန်း ကျောင်း၏ နှစ်ထပ်ကျောင်း ဆောင်သည် အန္တရာယ်ရှိသော ကျောင်းဆောင်အဖြစ် ရောက်ရှိနေပါသဖြင့် ဆောက်လုပ်ရန် လိုအပ်လျက်ရှိသည့် ကျောင်းဆောင်များအား နှစ်အလိုက် ဦးစားပေးပြီးလာ မည့်ဘဏ္ဍာရေးနှစ်တွင် အခြေခံပညာအထက်တန်းကျောင်းနှင့် ကိုက်ညီသည့် ပေ(၁၅၀ × ၃၀) သို့မဟုတ် စံကိုက်နှစ်ထပ်ကျောင်းဆောင်သစ်တစ်ဆောင် ဦးစားပေးအဖြစ် သတ်မှတ်ပြီး ပြန်လည်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က လည်းကောင်း ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြသည်။

 

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်သောင်း၏ စစ်ကိုင်းမြို့နယ်၊ ကာဘိုးဆည်ရေ၊ လှတောလက်တံ(၅)တူးမြောင်း ရေဖျားသောက် လယ်ကွင်းများအား မူးမြစ်မြစ်ရေတင်စီမံကိန်း ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်မောင်လတ်၏ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ကွန်းတောင်းကျေးရွာရှိ ရေတင်စက်၊ ရေပိုက်များနှင့် ဝက်ရှုကျေးရွာရှိ စက်ရေတွင်းအား ပြန်လည်ပြင်ဆင်မွမ်းမံပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ထွေး ၏ SME ကဏ္ဍဖွံ့ဖြိုးရေးအတွက် ပြည်ထောင်စုအစိုးရနှင့် JICA, KFW အစရှိသော နိုင်ငံတကာ အဖွဲ့အစည်းများမှ ချေးငွေများကို ထိရောက်စွာ အသုံးချနိုင်ရေးအတွက် မည်သို့စီမံ ဆောင်ရွက်နေသည်ကို သိရှိလိုခြင်းနှင့် ချေးငွေပမာဏ မည်မျှကို စီမံထား၍ SME များ သို့ ထုတ်ချေးပြီး ပမာဏမည်မျှရှိသည်ကို သိရှိလိုခြင်း မေးခွန်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးစိုးသိန်း ၏ နိုင်ငံတော်အစိုးရ အနေဖြင့် ဝန်ထမ်းများ အငြိမ်းစားယူသည့်အခါ သို့မဟုတ် နုတ်ထွက်သည့်အခါ စု ဆောင်းငွေတစ်ရပ်ရရှိရန် General Provident Fund (GPF) ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၇)မှ ဒေါက်တာပြည့်ဖြိုး ၏ ၂၀၁၉ - ၂၀၂၀ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေနှင့် ပြင်ဆင်ပြီးခဲ့သော မြန်မာနိုင်ငံ တံဆိပ်ခေါင်းခွန် ဥပဒေများအရ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေခွန်ရာခိုင်နှုန်း များ လျော့ချပြင်ဆင်ခဲ့သည့်အပေါ် ယနေ့အချိန် ထိရရှိသော ပုံမှန်ဝင်ငွေခွန်၊ စည်းကြပ် မှုမှ လွတ်ကင်းနေသော ဝင်ငွေခွန်၊ တံဆိပ်ခေါင်းခွန်များ ရရှိမှုအခြေအနေနှင့် သက်ဆိုင် ရာပြည်တွင်း အခွန်များဦးစီး ဌာနတို့က အခွန်တိမ်းရှောင်မှုအပေါ် ဥပဒေပြဋ္ဌာန်းပြီးသည် မှ ယနေ့အချိန်ထိ အရေးယူ ဆောင်ရွက်မှု အရေအတွက်နှင့် အခြေအနေတို့ကို သိရှိလို ခြင်း မေးခွန်းတို့နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က လည်းကောင်းပြန်လည် ရှင်းလင်းဖြေကြား ခဲ့ကြသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါ်နန်းနီနီအေး က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော အမျိုးသားစာကြည့်တိုက် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဆိုပါ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။

 

ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာ ကွယ်စောင့်ရှောက်သည့် နည်းဥပဒေများနှင့် အမှုတွဲမိတ္တူကူးခြင်းဆိုင်ရာ နည်းဥပဒေများတို့နှင့် စပ်လျဉ်း၍ လွှတ်တော်သို့ တင်ပြ၍ အတည်ပြုချက် ရယူသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ကို မတ် ၆ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်

ဓာတ်ပုံ - စိုးဝင်းထွန်း