ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပ

နေပြည်တော်  ၂၅ မေ

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အစည်း အဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က အမျိုးသားလွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၊ တောင်သူလယ်သမားရေးရာကော်မတီနှင့် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာကော်မတီတို့တွင် အဖွဲ့ဝင်နေရာများ အစားထိုး ပြင်ဆင်ဖွဲ့စည်းခြင်းကို အမျိုးသားလွှတ်တော်သို့ တင်ပြ၍ အတည်ပြုချက်ရယူသည်။

 

ထို့နောက် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါက်တာစိုင်းဆိုင်ကျောက်ဆမ်၏ ကျိုင်းတုံမြို့ရှောင်လမ်း ဖောက်လုပ်ရန်အတွက် လိုအပ်သောမြေနေရာအား သက်ဆိုင်ရာများမှ အသုံးမလိုသည့် သိမ်းဆည်းမြေများအား ပြန်လည်စွန့်လွှတ်အပ် နှံခြင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေနှင့် ပတ်သက်၍ သိရှိလိုသည့် မေးခွန်း ကိုပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က ကျိုင်းတုံ - ဝမ်ကောင်း လမ်းပိုင်းတွင် မြန်မာ့မီးရထားမှ သိမ်းယူခဲ့သည့် လမ်းအူကြောင်း သိမ်းဆည်းမြေ (၉၉ ဒသမ ၅၇၉) ဧကကို ဆောက်လုပ်ရေးဝန်ကြီးဌာနအတွက် (၉၄ ဒသမ ၁၇၃)ဧက လွှဲပြောင်းပေးသွားမည် ဖြစ်ပါကြောင်း၊ ကျိုင်းတုံဘူတာ ယာဒ်ဝင်း မြေ ၄၂ ဒသမ ၄၂ဧကကို နိုင်ငံတော်သို့ ပြန်လည်အပ်နှံသွားမည် ဖြစ်ပါကြောင်း၊ ၅ ဒသမ ၄၀၆ ဧကကို မူလတောင်သူများသို့ ပြန်လည် စွန့်လွှတ်မည်ဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။

 

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမောင်မောင်အုန်း၏ ရန်ကုန်မြို့၊ ပြည်လမ်း၊ (၉)မိုင်ရှိ မြန်မာဂေါက်သီး ရိုက်အသင်းပိုင်မြေအား မြန်မာနိုင်ငံအိုလံပစ်ကော်မတီမှ မြန်မာဂေါက်သီးရိုက်အသင်းပိုင် မြေငှားဂရန်စာချုပ်ကို သိမ်းယူကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ထားခဲ့ခြင်းကို ပြန်လည်ပေးအပ်ရန် တောင်းဆိုခဲ့ခြင်းနှင့် ပတ်သက်၍ ပြန်လည်ပေးအပ်ရန် အစီအစဉ် ရှိ/မရှိ နှင့် ပေးအပ်ရန် ရှိပါကမည်သည့်အချိန်တွင် ပြန်လည်ပေးအပ်မည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က ယခင်အားကစားဝန်ကြီးဌာန၏ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ အမိန့်ကြော်ငြာစာဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ နိုင်ငံတော်မှ လွှဲပြောင်းပေးအပ်ခဲ့ခြင်း၊ ဂေါက်ကွင်းနေရာမပျောက် ပျက်စေရေးအတွက် ဌာနမှ စီမံဆောင်ရွက်ခဲ့ခြင်း၊ ယနေ့တိုင် အဆိုပါ ဂေါက်ကွင်းအားဌာနမှ ဝင်ရောက်စွက်ဖက် ကြီးကြပ်ခြင်းမရှိဘဲ မြန်မာနိုင်ငံ ဂေါက်သီးရိုက်အသင်းမှသာ စီမံခန့်ခွဲလျက်ရှိနေပါသဖြင့် နိုင်ငံတော်အစိုးရ၏ တာဝန်ပေးချက်ဖြစ်သော အားကစားကွင်းများ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် အားကစားကွင်းများ မပျောက်ပျက် စေရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် မိမိ၏ပေးထားသော တာဝန်ကို ဆက်လက် တာဝန်ယူပြီး ထိန်းသိမ်းစောင့်ရှောက်ပေး သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာဇော်လင်းထွဋ်၏ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထု ကျန်းမာရေးကို ပိုမိုထိရောက်စွာ စောင့်ရှောက်ပေးနိုင်ရန် ပြင်ပအထွေထွေရောဂါကုဆရာဝန် (General Practitioners) များ တက်ရောက်နေသော Diploma သင်တန်းများအား အဆင့်မြှင့်၍ Master ဘွဲ့သို့တိုးမြှင့် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန် က ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များတွင် ဆေးပညာမဟာသိပ္ပံ (မိသားစုကျန်းမာရေးဆေးပညာ) ဘွဲ့လွန်သင်တန်း အား ၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်မှစ၍ ဆေးတက္ကသိုလ် (၁) (ရန်ကုန်)၊ ဆေးတက္ကသိုလ်(မန္တလေး)နှင့် ဆေးတက္ကသိုလ် (၂) (ရန်ကုန်)တို့တွင် ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း၊ ၂၀၂ဝ ခုနှစ် စက်တင်ဘာလတွင် စတင်စီစဉ် ဆောင်ရွက်မည့် ဘွဲ့လွန်ဆေးပညာ သင်တန်းများနှင့်အတူ လျှောက်လွှာခေါ်ယူခြင်းကို ဆက်လက်ဆောင်ရွက်ရန်စီစဉ် နေပါကြောင်း ဖြေကြားသည်။

 

ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဆီဟူးဒွေ့ ၏ မြစ်ကြီးနားမြို့၊ မြို့ သစ်ကြီးရပ်ကွက်၊ အေးမြသာယာနှင့် နန်းကွေ့ကျေးရွာအုပ်စု၊ ကဘူဒမ်းကျေးရွာ အား ဆက်သွယ်ထားသော အေးမြသာယာ - ကဘူဒမ်းလမ်းအား ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာလမ်းခင်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာကျော်လင်း က မြစ်ကြီးနားမြို့နယ်အတွင်းရှိ အေးမြသာယာ-ကဘူဒမ်း ကျေးရွာချင်း ဆက်လမ်းအရှည် ၃ဖာလုံအား (၁၂) ပေ အကျယ်မြေသားလမ်းတိုးချဲ့၍ ကတ္တရာခင်းခြင်းလုပ်ငန်းကို ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးမျိုးထပ် (ခ)ဆလိုင်းမျိုးထိုက် ၏ ချင်းပြည်နယ်၊ ပလက်၀မြို့နယ်၊ ချိုင်းစနူး ကျေးရွာအုပ်စုနှင့် မှုံတနူးကျေးရွာအုပ်စုကြား ဆက်သွယ်ထားသည့် လေးချောင်းကြိုးတံတားအား အသစ်ပြန်လည် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း က လေးချောင်း လူကူးတံတားကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုပြင်ဆင် ထိန်းသိမ်းခြင်း ရန်ပုံငွေဖြင့် တံတား၏ ဆွေးမြေ့ ပျက်စီးနေသော အစိတ်အပိုင်းများအား အစားထိုးလဲလှယ်ပြုပြင် ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် တံတားအသစ်ပြန်လည်တည်ဆောက်ရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်နောက်ပိုင်း ကာလများတွင် ရန်ပုံငွေထည့်သွင်း လျာထားပြီး ရန်ပုံငွေ ရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

 

အလားတူ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ ၏ သံတွဲ(ငပလီ -မဇင်)လေဆိပ်ကို နိုင်ငံတကာခရီးစဉ် ပျံသန်းစေမည့် လေယာဉ်များ ဝင်ရောက်/ထွက်ခွာနိုင်သော အကောက်ခွန်လေဆိပ် (Custom Aerodrome) အဖြစ်၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က လည်းကောင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ်မင်းထန်၏ ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့ ခုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံအား ခရိုင်အင်္ဂါရပ်နှင့် ညီညွတ်သည့် ခုတင် (၁၀၀)ဆံ့ ခရိုင်ဆေးရုံအဖြစ် ၂၀၂၀ - ၂၀၂၁ဘဏ္ဍာရေးနှစ်တွင်အဆင့် တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်က လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးအောင်သိန်း ၏ နိုင်ငံတော် အစိုးရ၏ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်မှ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်း မြို့နယ်ရှိ မြေတိုင်းရပ်ကွက် အမှတ်(၂၉/စီ - ၁)၊ မြေကွက်အမှတ် (၇ - အေ)နှင့် ပတ်သတ်၍ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနမှ စီမံခန့်ခွဲသော အစိုးရမြေကို လေလံတင် ရောင်းချခဲ့ခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုသည့် မေးခွန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက လည်းကောင်း ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။

 

ယင်းနောက် အသေးစားငွေရေးကြေးရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍  တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးစိုးသိန်း (ခ) ဦးမောင်စိုးက ဆွေးနွေးသည်။

 

ဆက်လက်၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က အစိုးရ၏ ဝယ်ယူခြင်းနှင့် ပုံသေပိုင်ပစ္စည်းများ ထုခွဲခြင်းဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဗိုလ်မှူးချုပ် တင့်လွင် က အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေ ကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း ၍ ပြင်ဆင်ချက်အဆိုတင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ပြင်ဆင်လိုသည့် အပိုဒ်၊ အပိုဒ်ခွဲများကို အသေးစိတ်ဖော်ပြလက်မှတ်ရေးထိုးပြီး အမျိုးသား လွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဥ္စမနေ့ကို မေ ၂၈ ရက်တွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်