ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပ

နေပြည်တော် ၁၄ နိုဝင်ဘာ 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

a

 

အစည်းအဝေးတွင် လှည်းကူး မဲဆန္ဒနယ်မှ ဦးသိန်းတန်၏ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနက ဖွင့်လှစ်ခဲ့သော ကျေးလက်ဆက်သွယ်ရေးဌာန (Multipurpose Community Telecentre) ၏ လုပ်ငန်းများ ရပ်ဆိုင်းနေပြီး ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ ပျောက်ဆုံးနေခြင်းနှင့် ၎င်းအဆောက်အဦတွင် ပါတီအလံများထောင်ထားခြင်းတို့သည် တရားဝင်မှု ရှိ၊ မရှိ သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက လှည်းကူးမြို့နယ်၊ ဖောင်ကြီးဒေသရှိ MCT ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ ဝန်ထမ်း ၅ ဦးနှင့် စတင်ဖွဲ့စည်း တာဝန်ယူဆောင်ရွက်ခဲ့ပါကြောင်း၊ ၎င်းစီမံကိန်းကို ရည်ရွယ်ချက်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ပထမနှစ်တွင် (MCT)ဝန်ထမ်းများကို Capacity Building ပြုလုပ်ပေးသည့် အနေဖြင့် ICT နှင့် သက်ဆိုင်သော သင်တန်းများ သင်ကြားပို့ချပေးခြင်း၊ ဆက်သွယ်ရေးဆိုင်ရာ စက်ပစ္စည်းများကို စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းနိုင်ရန်အတွက် သင်ကြားပေးခြင်းတို့ကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ပါကြောင်း။

အဆိုပါ MCT ၏ လုပ်ငန်းများ ရေရှည်တည်တံ့နိုင်ရေး (Self-Sustainable) ဖြစ်စေရန် လုပ်ငန်းများ လည်ပတ်ရန်နှင့် စက်ပစ္စည်းများ ထိန်းသိမ်းခြင်းတို့အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကသာ ဆက်လက်တာဝန်ယူ ကြီးကြပ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအခါ အချိန်ကာလကြာမြင့်ခဲ့ပြီ ဖြစ်သောကြောင့် စက်ပစ္စည်းများမှာ အသုံးပြု၍ မရနိုင်တော့ခြင်း၊ ဆက်လက်အသုံးပြုရန် သင့်တော်မှု မရှိုတော့ခြင်းနှင့် လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် အဆောက်အဦသည်လည်း အခြေအနေအရပ်ရပ်ကြောင့် ပျက်စီးယိုယွင်းလျက်ရှိပြီး ယခင် MCT လုပ်ငန်းများ ဆောင်ရွက်ခဲ့စဉ်က အသုံးပြုခဲ့သော ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများကို ထိုအဆောက်အဦအတွင်း သိမ်းဆည်းထားသည်ကို သိရှိရပါကြောင်း။

 

a

 

ဖောင်ကြီးဒေသရှိ MCT သည် Community Base Project  ဖြစ်သည့်အတွက် ရပ်ရွာလူထုကသာ ပိုင်ဆိုင်ခြင်းဖြစ်ပါကြောင်း၊ အဆိုပါ MCT Project အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းသို့ လွှဲပြောင်းပေးအပ်ခဲ့သည့်  အချိန်မှစတင်၍  MCT ၏ လုပ်ငန်းလည်ပတ်နိုင်ရေးကိစ္စရပ်များ၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းခြင်း ကိစ္စရပ်များအားလုံးကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကသာ တာဝန်ယူကြီးကြပ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သောကြောင့် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ် (ITU)  က Community Base Project အဖြစ် ရပ်ရွာလူထုသို့ ထောက်ပံ့ပေးထားသည့် ပစ္စည်းများကို တစ်စုံတစ်ရာ သိမ်းဆည်းထားခြင်း မရှိပါကြောင်း၊  အဆိုပါ MCT ဖွင့်လှစ်ဆောင်ရွက်ခဲ့သည့် ဖောင်ကြီးဒေသရှိ အဆောက်အဦသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအနေဖြင့် ပိုင်ဆိုင်ခြင်းမရှိပါကြောင်းနှင့် ဝန်ကြီးဌာန၏ ပုံသေပိုင်ပစ္စည်းစာရင်းတွင်လည်း ပါဝင်မှုမရှိသောကြောင့် MCT အဆောက်အဦကို ကျေးရွာပြည်သူလူထုထံ ပြန်လည်အပ်နှံနိုင်ရေးသည် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ကျေးရွာတို့ကသာ စိစစ်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

ဖောင်းပြင် မဲဆန္ဒနယ်မှ ဦးထွန်းဝေ၏ ချင်းတွင်းမြစ်ဝှမ်းဒေသရှိ စစ်ကိုင်းတိုင်း အောက်ပိုင်းနှင့် အထက်ပိုင်းဆုံးအထိကို ဆက်သွယ်ထားသည့် သက္ကယ်ကျင်း - ဖောင်းပြင် - ဟုမ္မလင်း - ခန္တီးလမ်းမကြီးအား လမ်းအဆင့်မြှင့်တင်ခြင်းနှင့် စပ်လျဉ်း၍ နှစ်အလိုက်မည်သို့ စီစဉ်ဆောင်ရွက်သွားမည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍  ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက အဆိုပါလမ်း၏ လမ်းအရှည် ၅ မိုင် ၃ ဖာလုံ အား ကွန်ကရစ်လမ်းခင်းခြင်း၊ လမ်းအရှည် ၃၇ မိုင် ၅ ဖာလုံအား လျှောစောက်နှိမ့်ချခြင်း၊ လမ်းတာဘောင်တင်ချဲ့ခြင်းနှင့် အမာခံလမ်းခင်းခြင်း၊ လမ်းအရှည် ၂ ဖာလုံအား ကျောက်တောင်မိုင်းခွဲခြင်း၊ အရှည် ပေ ၂၈၇၀  ကွန်ကရစ်၊ ကျောက်စီမြေထိန်းနံရံ တည်ဆောက်ခြင်း၊ အရှည် ပေ ၄၃၀ဝ ကျော် ကွန်ကရစ် ရေမြောင်းတည်ဆောက်ခြင်း၊ အရှည် ပေ ၁၈၀ ကွန်ကရစ်တံတား ၈ စင်း တည်ဆောက်ခြင်း၊ Box Culvert ၃၇ စင်း တည်ဆောက်ခြင်း၊ တံတား ၅ စင်းအား ကြမ်းခင်းလဲလှယ်ခြင်းနှင့် တံတား ၆ စင်းအား တံတားပေါ်ကတ္တရာခင်းခြင်းတို့ ဆောင်ရွက်ရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့တွင် ရန်ပုံငွေ ငွေကျပ် ၅၉၃၃ ဒသမ ၇၉၁ သန်း လျာထားပြီးဖြစ်ပါကြောင်း။

သက္ကယ်ကျင်း - ဖောင်းပြင် - ဟုမ္မလင်း - ခန္တီးလမ်းအား အကျယ် ၁၈ ပေ ကွန်ကရစ်လမ်းအဆင့်နှင့် တံတားအားလုံးအား ၂ လမ်းသွား ကွန်ကရစ်တံတားအဆင့် ရောက်ရှိရေးနှင့် Road Structure အားလုံး ဆောင်ရွက်ရန်အတွက် ရန်ပုံငွေ  ငွေကျပ် ၂၀ဝ ဘီလီယံခန့် ထပ်မံလိုအပ်မည်ဖြစ်သည့်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အထိ ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေတင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှု အပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။ 

မက်မန်း မဲဆန္ဒနယ်မှ  ဦးတင်အေး၏ မက်မန်းမြို့နယ်ရှိ ရောင်ခွန် - ရောင်လိုင်း - ရောင်ကပ် -  ရောင်အူ(ဝ) ကျေးရွာချင်းဆက်မြေသားလမ်း (၁၇/၄) မိုင်အနက် ဖောက်လုပ်ရန် ကျန်ရှိနေသည့် (၅/၄) မိုင်အား ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်လင်းက  အဆိုပါလမ်း၏ လက်ရှိအခြေအနေ မှာ ၁၂ မိုင် ၄ ဖာလုံကို မြေသားလမ်းဖောက်လုပ်ခဲ့ပြီး ၅မိုင် ၄ ဖာလုံ မြေသားလမ်းဖောက်လုပ်ရန် ကျန်ရှိပါကြောင်း၊ အဆိုပါ ၅ မိုင် ၄ ဖာလုံအနက်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ၁ မိုင် ၄ ဖာလုံအား  ရန်ပုံငွေရရှိပြီး ဖြစ်ပါကြောင်း၊ ကျန်ရှိသည့် ၄ မိုင်အား၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

ဆက်လက်၍ ရေကြည် မဲဆန္ဒနယ်မှ ဒေါက်တာစံရွှေဝင်း၏ ၂၀၁၆ ခုနှစ် သြဂုတ်လတွင် အတည်ပြုခဲ့သည့် e-govemment Master Plan (2016-2020) ကို မည်သည့် ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်၍ မည်သည့်အချိန်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသာဦးက  လည်းကောင်း၊ သနပ်ပင် မဲဆန္ဒနယ်မှ ဦးမြင့်ဦး၏ သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသော သနပ်ပင်-ကျွဲတဲလမ်းပေါ်ရှိ အမှတ်(၁၂)၊ (၁၀ဝ×၁၂)ပေ သံပေါင် သစ်သားခင်း တံတားအား သံကူကွန်ကရစ်တံတားအဖြစ် ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း၊ မြစ်သား မဲဆန္ဒနယ်မှ ဒေါက်တာလင်းလင်းကျော်၏ မြစ်သားမြို့နယ်အတွင်းရှိ အရေးပါလှသော  Class(A)  အဆင့်ရှိ လမ်းဖြစ်သည့် ခရုတုပ် - လက်ပံပင် - ကျားမြီးဆွဲ - ကလုံလမ်းကို လမ်းအဆင့်မြှင့် တင်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် ဒိုက်ဦး မဲဆန္ဒနယ်မှ ဦးဘုန်းမြင့်အောင်၏ ဒိုက်ဦးမြို့နယ်၊ ဗျိုင်းချယ်ကျေးရွာနှင့်  ကညင်တပင်ကျေးရွာကြားရှိ ဘောနီချောင်းကူး တံတားအား သံကူကွန်ကရစ် တံတားအဖြစ် တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်လင်းကလည်းကောင်း ရှင်းလင်းဖြေကြားကြသည်။

ထို့နောက် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းက အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့်  အတည်ပြု၍ ပေးပို့လာသော မြန်မာနိုင်ငံလူမွဲခံယူခြင်း ဆိုင်ရာဥပဒေကြမ်း နှင့်စပ်လျဉ်း၍  အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း အတည်ပြုသည့် အချက် ၆၁ ချက်နှင့် အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း သဘောမတူဘဲ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထားသည့် ပြင်ဆင်ချက် အချက် ၇၃၇ ချက် တို့အား အဆိုတင်သွင်းပြီး ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌက လွှတ်တော်၏ သဘောထား ရယူအတည်ပြုသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌက အဆိုပါ ဥပဒေကြမ်းတစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲအတိုင်း အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက်  အတည်ပြုကြောင်းနှင့်  ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

ယင်းနောက် ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ၏ အစီရင်ခံစာအား ကော်မတီဝင် ဦးကျော်ဌေးက ဖတ်ကြားတင်ပြပြီး ပြည်သူလွှတ်တော် ဒုတိယဥက္ကဋ္ဌက အဆိုပါအစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို နိုဝင်ဘာ ၁၉ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အေးအေးသန့်(သတင်းစဉ်)