ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကျင်းပ

နေပြည်တော် ၁၉ နိုဝင်ဘာ

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားသော စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ အဖွဲ့ဝင် ဗိုလ်မှူးချုပ် အောင်ကျော်ငြိမ်းအစား  ဗိုလ်မှူးချုပ်တင့်ဆန်းအား လည်းကောင်း၊  တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ ကော်မတီမှ အဖွဲ့ဝင် ဗိုလ်မှူးကြီးနေလင်းအစား ဗိုလ်မှူးချုပ် တင်စန်းနိုင်အားလည်းကောင်း အစားထိုးဖွဲ့စည်းလဲလှယ်ခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူ အတည်ပြုသည်။

ထို့နောက် ဖရူဆို မဲဆန္ဒနယ်မှ ဦးပဲ့ဒူ၏ အလယ်တန်းပြရာထူးတိုးမြှင့်ပေးရာတွင် P.P.T.T နှင့် D.T.Ed လက်မှတ်ရများ၏ ရာထူးတိုးအခွင့်အရေးများကို မျှတစွာ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အခြေခံပညာဦးစီးဌာနအနေဖြင့် မူလတန်းပြမှ အလယ်တန်းပြသို့ ရာထူးတိုးဆောင်ရွက်ရာတွင် ဆန္ဒပြုလျှောက်ထားကြသည့် P.P.T.T သင်တန်းဆင်းနှင့် D.T.Ed သင်တန်းဆင်း မူလတန်းပြ ဆရာ၊ ဆရာမများအား ရာထူးတိုးမူ တန်းစီဇယား ရေးဆွဲပြီး လုပ်သက် ရမှတ်၊ တန်းစီဇယားအနည်းအများ ရမှတ်၊ ဆန္ဒပြုဒေသ၏ လစ်လပ်မှုအပေါ် မူတည်ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ တိုးမြှင့်ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ဆန္ဒပြုလျှောက်ထားသူများသည် တူညီသော ကျောင်းတစ်ကျောင်း တည်းကို ပြိုင်တူလျှောက်ထားလာသည့်အခြေအနေတွင် လုပ်သက်ရမှတ်တူညီမည်ဆိုပါက လက်ရှိရာထူးမှ အလုပ်ဝင်ရက်၊ မွေးသက္ကရာဇ်၊ ကျောင်းအဆင့်(ကျောင်းတည်နေ ရာ) လက်ရှိကျောင်းတွင် အမှုထမ်းဆောင်သက် အစရှိသည်တို့ကို အဆင့်ဆင့် စိစစ်ဆောင်ရွက်ရပါကြောင်း၊ ရာထူးတိုးသာတူညီမျှရှိစေရေး၊ ပွင့်လင်းမြင်သာမှု ရှိစေရေးတို့အတွက် ဆောင်ရွက်ပြီး တန်းစီဇယားများကို ပညာရေးဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။

တွန်းဇံ မဲဆန္ဒနယ်မှ ဦးခမ်ခန့်ထန်၏ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ် နှစ်ခုပေါင်း၍ တီးတိန်ခရိုင်အဖြစ် သတ်မှတ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်တို့ကို စုစည်းပြီး တီးတိန်ခရိုင်အဖြစ် တိုးမြှင့်ဖွဲ့စည်းနိုင်ရေးအတွက် အမှုတွဲအား လုပ်ထုံးလုပ်နည်းနှင့်အညီ ပြုစုပြီး နိုင်ငံတော်သမ္မတရုံးသို့ ဆက်လက်တင်ပြရန် သင့်၊ မသင့်အား ချင်းပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးတွင် အတည်ပြုဆုံးဖြတ်ချက်ရယူ ပေးနိုင်ပါရန် တင်ပြလာပြီးဖြစ်ပါသဖြင့် ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေး၍ ဆုံးဖြတ်ချက်နှင့်အညီ ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း  ချင်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားသည်။

ဆက်လက်၍ ဒလ မဲဆန္ဒနယ်မှ ဒေါက်တာစိန်မြအေး၏ ဒလမြို့၊ အမှတ်() အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းဆောင်အသစ် (၂၀၀×၃၀)ပေ နှစ်ထပ်ဆောင်နှင့် ညောင်ပင်ကျေးရွာအုပ်စု၊ ဂတ်ရွာတွင် မူလတန်းကျောင်းဆောက် လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းကလည်းကောင်း၊ မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်၏ တပ်မတော်အစိုးရလက်ထက် ဝန်ကြီးဌာနများနှင့် ကုမ္ပဏီများ၏ လုပ်ငန်းများအတွက် သိမ်းဆည်းခဲ့သည့် မြေယာများအနက် ယခု အချိန်ထိ မူလပိုင်ရှင်များသို့ ပြန်လည်အပ်နှံပြီးသည့် မြေဧကများကို ရှင်းလင်းပြန်ကြားပေးရန်နှင့် ပြန်လည်အပ်နှံသည့် မြေယာများကို မူလပိုင်ရှင်များသို့သာ တိုက်ရိုက်အပ်နှံရန် တာဝန်ရှိသော်လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း သက်ဆိုင်ရာ ဌာနများက ပြန်လည်အပ်နှံသည့် မြေယာများကို မူလပိုင်ရှင်များသို့  တိုက်ရိုက်အပ်နှံခြင်းမပြုဘဲ နိုင်ငံတော်စီမံကိန်း အကျိုးပြုလုပ်ငန်းများအသုံးပြုရန် တင်ပြဆောင်ရွက်ခဲ့ခြင်းကို ရှင်းလင်းဖြေကြားပေးရန် မေးခွန်း၊ မိုးမိတ် မဲဆန္ဒနယ်မှ ဦးတိုးသောင်၏ မိုးမိတ်ခရိုင် မြို့သစ်တည်ဆောက်မှုကိစ္စ မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်ထားသည်ကို သိလိုခြင်း မေးခွန်း၊ မြဝတီမဲဆန္ဒနယ်မှ ဦးစိန်ဗိုလ်၏  ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူးတို့ကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေအခန်း()ပါ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်တရပ်ရပ်ကို ဖောက်ဖျက်ပါက မည်သို့အရေးယူဆောင်ရွက်မည်နှင့် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ အရေးယူခြင်းခံရပါက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ခွင့်ပြုချက်လို၊ မလို သိလိုခြင်းမေးခွန်းနှင့် ကျိုက်လတ် မဲဆန္ဒနယ်မှ ဦးရန်လင်း၏ အာဟာရပြည့်ဝပြီး ဖွံ့ဖြိုးတိုးတက်သော စားကျက်မြေများ ဖြစ်ပေါ်စေရေးအတွက်  စားကျက်မြေများကို လက်ရှိ စီမံခန့်ခွဲနေသော အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနထံမှ လုပ်ငန်းဆက်စပ်မှုရှိသော မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအောက်သို့ လွှဲပြောင်းပေးအပ်ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍  ဒုတိယဝန်ကြီး ဦးတင်မြင့်က လည်းကောင်း ရှင်းလင်းဖြေကြားကြသည်။

ယင်းနောက် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက တင်သွင်းသည့်  မြန်မာနိုင်ငံဆေး ကောင်စီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီဝင် ဒေါက်တာဝေဖြိုးအောင်က ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက် ၁၉ ချက်ကို အဆိုတင်သွင်းပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သဘောထားမေးမြန်း၍ လွှတ်တော်၏ သဘောထားရယူအတည်ပြုသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက မြန်မာနိုင်ငံဆေး ကောင်စီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက် အတည်ပြုကြောင်းနှင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကြေညာသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီ၏ မျိုးဆက်သစ်များ၏ ပညာရေးအတွက် အခြေခံဆရာ၊ ဆရာမများ၏ ကျွမ်းကျင်မှုများနှင့် လေ့ကျင့်သင်ကြားမှုများဆိုင်ရာ စုံစမ်းလေ့လာမှု အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ ဒေါက်တာစောနိုင်က အစီရင်ခံစာ၏ အမှတ်စဉ် ()တွင် ဗလငါးတန်ပါဝင်သော သင်ယူမှုရလဒ်များ ပြည့်မီရေးအတွက် စာသင်ခန်းများအတွင်း ထိရောက်သော သင်ကြားမှုများဖြစ်ပေါ်စေရန် လိုအပ်ခြင်းဟု ပါရှိသည့်အတွက် မျိုးဆက်သစ်ကျောင်းသူ ကျောင်းသားများ၏ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍသည် အရေးကြီးသည့် ဆက်နွယ်မှုအစိတ်အပိုင်း ဖြစ်နေသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာများ၏ သင်ကြားရေးအပိုင်းတွင်လည်း ကျောင်းကျန်းမာရေးနှင့် ပတ်သက်သည့် သင်ကြားမှုအခန်းကဏ္ဍကိုလည်း ယခုအစီရင်ခံစာတွင်ထည့်သွင်း ဖော်ပြစေလိုပါကြောင်း၊ ကျောင်းကျန်းမာရေး လုပ်ငန်းများနှင့်အတူ ကျောင်းသူ ကျောင်းသားများ စားသုံးနေသည့် ကျောင်းမုန့်ဈေးတန်းတွင်လည်း ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ ရောင်းချမှုရှိ၊ မရှိကို စုံစမ်းလေ့လာမှုပြုလုပ်ခြင်း အပိုင်းများ ထည့်သွင်းနိုင်ရန်ကိုလည်း အကြံပြုလိုပါကြောင်း ဆွေးနွေးသည်။

သံတောင်ကြီး မဲဆန္ဒနယ်မှ ဦးစောဗစ်တာခလိုက်က အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်း(၂၀၁၆-၂၀၂၁)ကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ အဓိက အခန်းကဏ္ဍတွင် ပါဝင် တာဝန်ယူဆောင်ရွက်သော ပုဂ္ဂိုလ်များဖြစ်သည့် ဆရာ၊ ဆရာမများသည် သင်ရိုးနှင့်အညီ အရည်အချင်းပြည့်မီရန် မိမိကိုယ်မိမိ ယုံကြည်မှုရှိရမည်ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအပေါ် စေတနာ အပြည့်အဝထား၍ မိမိတို့တွင်ရှိသည့် စွမ်းရည်အရည်အသွေးများကို ထုတ်ပေးပြီး စိတ်အားထက်သန်စွာဖြင့် မျိုးဆက်သစ်ကျောင်းသူ ကျောင်းသားများအား သင်ကြားမှု၊ သင်ယူမှုတွင် တာဝန်ကျေပွန်ရန် အထူးလိုအပ်ပါကြောင်း  အကြံပြုဆွေးနွေးသည်။

ဆက်လက်၍ ကျောက်ပန်းတောင်း မဲဆန္ဒနယ်မှ ဦးရွှေကို၊ မြင်းခြံမဲဆန္ဒနယ်မှ ဦးစိန်မြင့်၊ တွံတေး မဲဆန္ဒနယ်မှ ဦးမြင့်လွင်၊ ဒိုက်ဦး မဲဆန္ဒနယ်မှ ဦးဘုန်း မြင့်အောင်၊ ထီးလင်း မဲဆန္ဒနယ်မှ ဦးမြတ်လေးဦး၊ တာမွေ မဲဆန္ဒနယ်မှ ဦးတိုးဝင်း၊ တောင်တွင်းကြီး မဲဆန္ဒနယ်မှ ဦးမင်းသိန်း၊ မင်းဘူး မဲဆန္ဒနယ်မှ ဦးဝင်းဝင်း၊ ပွင့်ဖြူ မဲဆန္ဒနယ်မှ ဦးထွန်းထွန်းနှင့် မန်တုံ မဲဆန္ဒနယ်မှ ဒေါ်နန်းမိုးတို့က ဆွေးနွေးကြသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှု ကော်မတီအတွင်းရေးမှူး ဦးခမ်ခန့်ထန်က အဆိုပါအစီရင်ခံစာအား သဘောတူလက်ခံ အတည်ပြုပေးပါရန် အဆိုတင်သွင်းသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပါအစီရင်ခံစာနှင့်စပ်လျဉ်း၍ အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောတူသည့်အတွက် အတည်ပြုကြောင်း ကြေညာသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို နိုဝင်ဘာ ၂၂ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အေးအေးသန့်(သတင်းစဉ်)