ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပ

နေပြည်တော်  ၂၅  မေ

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၆)ကြိမ်မြောက်  ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့ နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်း အဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြည်သူ့လွှတ်တော်၊  တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ၏ သက်တမ်းကို ၂၀၂ဝပြည့်နှစ် မေ ၁၉ ရက်မှစ၍ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ရက် အထိ ထပ်မံတိုးမြှင့်သတ်မှတ်မည်ကြောင်း လွှတ်တော်သို့ အသိပေးတင်ပြသည်။

 

ထို့နောက် တာမွေ မဲဆန္ဒနယ်မှ ဦးတိုးဝင်း၏ အစိုးရဘဏ်နှင့် ပုဂ္ဂလိကဘဏ်များတွင်  ငွေထုတ်ငွေသွင်းလာကြသော ပြည်သူများနှင့် ဘဏ်လုပ်ငန်းများ ဘေးကင်းလုံခြုံ ရေးအတွက် မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ဘဏ်ခွဲများ၏ စီးပွားရေးအရ ဖြစ်နိုင်ခြေသုံးသပ်ချက်၊ ဒေသဆိုင်ရာစီးပွားရေး အထောက် အကူပြုမှု၊ ဘဏ်လုံခြုံရေး၊ ငွေထုတ်ငွေသွင်းလာကြသော ပြည်သူများနှင့် ဘဏ်လုပ်ငန်းများ ဘေးကင်း လုံခြုံရေးတို့ကို စီစဉ်ထားခြင်းရှိ၊ မရှိ တင်ပြချက်များကို စိစစ်သုံးသပ်ပြီးမှသာ ဘဏ်ခွဲ လုပ်ငန်းများဖွင့်လှစ်ခွင့်ပြုခြင်းဖြစ်ပါကြောင်း။

 

အထက်ပါညွှန်ကြားချက်များအရ ဘဏ်များအနေဖြင့် ငွေသွင်းငွေထုတ်လာကြသော ပြည်သူများအားလုံး ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ဘဏ်လုံခြုံရေး ဝန်ထမ်းများ ထားရှိ၍ စောင့်ကြပ်စေခြင်း၊ ဘဏ်အဆောက်အဦ ပတ်ဝန်းကျင် နှင့် ဝန်ဆောင်မှုပေးသော နေရာများတွင် CCTV ကင်မရာများ တပ်ဆင်စောင့်ကြည့်ခြင်း၊ အဓိကဝင်ပေါက် ၁ ပေါက်သာ ထားရှိပြီး Banking Hour ကုန်ဆုံးသည်နှင့် သော့ခတ်၍ ပိတ်ခြင်း၊ ဘဏ်ဝန်ထမ်းများမှလည်း လုံခြုံရေးအတွက် ဂရုပြုစောင့်ကြပ်ခြင်း၊ နေ့၊ ည လုံခြုံရေး ဝန်ထမ်းများ ထားရှိခြင်းနှင့် လုံခြုံရေးနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများမှ အခါအားလျော်စွာ ထုတ်ပြန်သော ညွှန်ကြားချက်များကို လိုက်နာစေခြင်း၊ လုံခြုံရေးစီမံချက်များ ရေးဆွဲထားရှိစေခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထပ်တိုး လုံခြုံရေး အစီအစဉ်များအဖြစ် နိုင်ငံတကာ ဘဏ်များတွင် ကျင့်သုံးသည့် အရေးပေါ် အချက်ပေးစနစ်များ တပ်ဆင်ထားရှိရေး အစီအစဉ်များကို သင့်လျော်စွာ ချမှတ် ကျင့်သုံးသွားစေရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တိုက်တွန်း ထားရှိပါကြောင်း။

 

ထို့ပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များအား ကြီးကြပ်ကွပ်ကဲရာတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ၊ ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေနှင့် စည်းမျဉ်းများအား လိုက်နာဆောင်ရွက်ခြင်းရှိ၊ မရှိ ဘဏ်များသို့ သွားရောက်စစ်ဆေးခြင်းနှင့် ဘဏ်များမှ ပေးပို့လာသော အစီရင်ခံစာများကို စိစစ်သုံးသပ်ခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ဘဏ်များအနေဖြင့် အထက်ပါ သတ်မှတ်ချက်များနှင့် ကိုက်ညီခြင်းရှိ၊ မရှိနှင့်  အားနည်းမှုရှိသည့် ကိစ္စများကို အစဉ်တစိုက်ထောက်ပြ၍ တိုးတက်ကောင်းမွန်မှု ရှိစေရန် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

စဉ့်ကိုင် မဲဆန္ဒနယ်မှ ဒေါက်တာကြည်မို့မို့လွင်၏ နိုင်ငံတစ်ဝန်းလုံးတွင် တည်ထောင် ဖွင့်လှစ်ထားသော ပရဟိတ ဂေဟာအရေအတွက်နှင့် တည်ထောင်ခွင့်ပြုမိန့် ပေးရာတွင် မည်ကဲ့သို့စိစစ်၍ ကြီးကြပ်ဆောင်ရွက်နေသည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးစိုးအောင်က  ဂေဟာကြီးကြပ်မှုကော်မတီများက အနီးကပ်ကြီးကြပ်၍ သက်ဆိုင်ရာ လူမှုဝန်ထမ်းရုံးများက ပုံမှန်ကြီးကြပ်ခြင်း၊ ကွင်းဆင်း စစ်ဆေးခြင်း၊ အသိပညာ ပေးလုပ်ငန်းများကို သက်ဆိုင်ရာဂေဟာ ကြီးကြပ်မှုကော်မတီနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လက်ရှိ နည်းဥပဒေ ရေးဆွဲနေစဉ် ကာလအတွင်း ဝန်ကြီးဌာနအနေဖြင့် အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန်၍ လုပ်ငန်းများ လျင်မြန်စွာ အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

လွိုင်ကော် မဲဆန္ဒနယ်မှ ဒေါက်တာခင်စည်သူ၏ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာ ထောက်ထားမှု ဥပဒေ International Humanitarian Law(IHL) အား အကောင်အထည် ဖော်ခြင်းအတွက် နိုင်ငံအဆင့် အမျိုးသားကော်မတီ National Committee အား မြန်မာနိုင်ငံတွင် ဖွဲ့စည်းပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးစိုးအောင်က IHL နှင့်ပတ်သက်သည့် ဥပဒေရေး ဆွဲနိုင်ရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနတစ်ခုကို Focal Ministry သတ်မှတ်ပေးရမည်ဖြစ်ပါကြောင်း၊ ထို Focal Ministry က  ဦးဆောင်ပြီး ပါဝင်ပတ်သက်သည့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများကို စုပေါင်း၍ အမျိုးသား ကော်မတီကို ဖွဲ့စည်းပြီးမှသာ ဥပဒေတစ်ရပ်ကို ရေးဆွဲနိုင်ရေးအတွက် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊  သို့မှသာ ယင်းဥပဒေ ထဲတွင်  အမျိုးသားကော်မတီဖွဲ့စည်းခြင်း ပါဝင်လာမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

မာန်အောင် မဲဆန္ဒနယ်မှ ဦးတင်နု ခ) ဦးတင်နုအောင်၏ မာန်အောင်မြို့နယ်ရှိ ပင်လယ်ကမ်းခြေနှင့် နီးကပ်စွာတည်ရှိနေသည့် မြေနိမ့်ပိုင်းကျေးရွာများအား လေမုန်တိုင်းဒဏ် ခံအဆောက်အဦ Cyclone Shelter များ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိမေးခွန်း နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးစိုးအောင်က မာန်အောင် မြို့နယ်  အတွင်းရှိ ကျေးရွာများတွင် Shelter များ ထပ်မံလိုအပ်မှု အခြေအနေနှင့် လိုအပ်မှုရှိပါက အဆိုပါ ကျေးရွာများ၏ လူဦးရေ၊ တည်ဆောက်ပြီးဖြစ်သည့် Shelter များနှင့် အကွာအဝေး တည်ဆောက်ရန် လျာထားသည့် Shelter များသို့ သွားရာလမ်းကြောင်း အခြေအနေ၊ မြေနေရာ စီစဉ်ဆောင်ရွက်ပေးနိုင်မှု အခြေအနေတို့အပေါ် မူတည်ပြီး  ထည့်သွင်းတွက်ချက်ကာ မာန်အောင်မြို့နယ်အတွင်းရှိ ကျေးရွာရပ်ကွက် ၁၁ နေရာအတွက် ဆိုင်ကလုန်း Shelter လိုအပ်မှု အခြေအနေတို့ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီး အမျိုးသား သဘာ၀ဘေး စီမံခန့်ခွဲမှု ကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ဦးစားပေး အလိုက် လာမည့်ဘဏ္ဍာရေးနှစ်မှ စတင်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားသည်။

 

လဲချား မဲဆန္ဒနယ်မှ ဦးစိုင်းဥက္ကာ၏ လဲချားမြို့နယ်၊ တပ်မောက်ကျေးရွာအုပ်စုနှင့်  နမ့်လေကျေးရွာအုပ်စုသို့ ဆက်သွယ်ထားသော ကျေးရွာချင်းဆက် လမ်းပေါ်ရှိ ပါရင် တံတားအား မည်သည့် ဘဏ္ဍာရေးနှစ်တွင် အသစ်ပြန်တည်ဆောက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ်က ပါရင်သစ်သားတံတားပေ ၉၀ အား အသစ်ပြန်လည်တည်ဆောက်ပေးနိုင် ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာမြို့နယ်၊ ခရိုင်ကော်မတီများမှ အသေးစိတ်ကွင်းဆင်း လေ့လာစိစစ်ပြီး ဆောင်ရွက်ရမည့် လုပ်ငန်းပမာဏ၊ ခန့်မှန်းတွက်ချက်မှု စသည်တို့နှင့် အတူ ရှမ်းပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ လိုအပ်ချက် နှင့် ဖြစ်နိုင်ချေအပေါ် မူတည်၍ အမှန်တကယ် အကျိုးပြုနိုင်မှု  ရှိ၊ မရှိ သုံးသပ်ပြီး ရန်ပုံငွေ ရရှိရေး ထောက်ခံတင်ပြလာပါက အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားသည်။

 

ဆီဆိုင် မဲဆန္ဒနယ်မှ ဦးခွန်သန်းထူး၏  ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ ဆိုက်ခေါင် အိမ်တွင်းသက်မွေး ပညာသင်ကျောင်း၏ လိုအပ်နေသေးသော ဆောင်ရွက်ရန် ကိစ္စများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဖြည့်ဆည်းပေးပြီး အမြန်ဆုံး ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ဆိုက်ခေါင် အိမ်တွင်းမှု သင်တန်းကျောင်း ဖွင့်လှစ်နိုင်ရေးအတွက် ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေများကိုလည်း ခွဲဝေလျာထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ် ပထမ ၆ လ ပတ်တွင် Chain Link ခြံစည်းရိုးကာရံခြင်းနှင့်  ရေစက်ရုံတည် ဆောက်ခြင်းလုပ်ငန်းများကို လည်းကောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဒုတိယ ၁၂ လတွင် ၂ ထပ်အိပ်ဆောင် ဆောက်လုပ်ခြင်း၊ ၆ ခန်းတွဲနည်းပြဆောင် ဆောက်လုပ် ခြင်း၊ ၈ ခန်းတွဲ ရေချိုးခန်းနှင့် သန့်စင်ခန်းများ ဆောက်လုပ်ခြင်း၊ မီးသွယ်တန်းခြင်း၊ စက်ရေတွင်း တူးဖော်ခြင်း၊ ဂိုဒေါင်နှင့် စားရိပ်သာဆောက်လုပ်ခြင်း လုပ်ငန်းများကို လည်းကောင်း ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါ ကြောင်း။

 

လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျောင်းတွင်း ကွန်ကရစ်လမ်းခင်းခြင်း၊ မီးစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆက်လက်၍ ကျန်ရှိနေသေးသည့် အုပ်ချုပ်ရေးမှူးရုံးနှင့် သင်တန်းခန်းမဆောင် ဆောက်လုပ်ခြင်း လုပ်ငန်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လျာထားတင် ပြခဲ့သော်လည်း ရန်ပုံငွေ ခွဲဝေဖြတ်တောက်မှုအရ ပါဝင်ခြင်းမရှိပါသဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ဆက်လက်လျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အဆောက်အဦ ဆောက်လုပ်ပြီးစီးပါက သင်တန်းကျောင်း အမြန်ဆုံးဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

လွိုင်လင် မဲဆန္ဒနယ်မှ ဦးခင်မောင်သီ၏ လွိုင်လင်မြို့နယ်၊ နောင်လိုင်ကျေးရွာ အုပ်စု၊ နောင်မက်မီးရွာ အဝင်လမ်းရှိ ကျောက်ချောလမ်း ၂၆၆၄၃ ပေအား ကတ္တရာလမ်း ခင်းပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က လွိုင်လင်မြို့နယ် နောင်လိုင်ကျေးရွာအုပ်စု နောင်မက်မီးကျေးရွာ အဝင်လမ်းတွင် ကတ္တရာခင်းရန် လိုအပ်သည့် (၅/၄) မိုင် အနက် (၂) မိုင်ကတ္တရာလမ်း အဆင့်မြှင့် တင်ရန်အတွက် မြို့နယ်စီမံကိန်းရေးဆွဲ အကောင် အထည်ဖော်ရေးကော်မတီ၏ ဦးစားပေးအစီအစဉ် ၇ ဖြင့် အဆိုပြုတင်ပြချက် အရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ် အစိုးရရန်ပုံငွေဖြင့် ဆောင်ရွက်မည့်နယ်စပ်ဒေသ ဖွံ့ဖြိုးရေး စီမံကိန်းတွင် ထည့်သွင်းလျာထားပြီး ဖြစ်ပါကြောင်း၊ မြို့နယ်အလိုက် အချိုးကျခွဲဝေရရှိသည့် ရန်ပုံငွေ လုံလောက်မှုရှိပါက အကောင်အထည်ဖော် ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားသည်။

 

ဆက်လက်၍ ချီဖွေ မဲဆန္ဒနယ်မှ ဦးဇုံးတိန့်၏ ချီဖွေမြို့နယ်၊ နိုဇုံဘော် အထက်တန်း ကျောင်းခွဲ ကို အထက်တန်းကျောင်းအဆင့်သို့ တိုးမြှင့်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်း၊ မြဝတီ မဲဆန္ဒနယ်မှ ဦးစိန်ဗိုလ်၏  မြဝတီမြို့နယ်၊ တောင်နီကျေးရွာ မူလတန်း ကျောင်းတွင် ပျက်စီးပြုတ်ကျလျက်ရှိသော ကျောင်းမျက်နှာကြက်နှင့် ပြတင်းတံခါးတို့ကို ပြုပြင်တပ်ဆင် ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စဉ့်ကူး မဲဆန္ဒနယ်မှ ဒေါက်တာဇော်ဝင်းမြင့်၏ စဉ့်ကူးမြို့ နယ်၏ အခြေခံပညာဦး စီးဌာနလက်အောက်ရှိ နေ့စားလပေး ရုံးဝန်ထမ်းများအား အမြဲတမ်း ဝန်ထမ်းအဖြစ် ခန့်ထားနိုင်ရေး မည်ကဲ့သို့ စီစဉ်ထားသည်ကို သိလိုခြင်း မေးခွန်းတို့နှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ရှင်းလင်းဖြေကြားသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်မှ ပြင်ဆင်ဆင်ချက်မရှိ ပြန်လည်ပေးပို့သော ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများကို ပဉ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများကို ပဉ္စမအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများနှင့် တိုင်းဒေသကြီးလွှတ် တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများကို ပဉ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေ များနှင့်စပ်လျဉ်း၍ လက်ခံရရှိကြောင်းနှင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လွှတ်တော်သို့ အသိပေးတင်ပြသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို မေ ၂၈ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာသည်။

 

အေးအေးသန့်