ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ကျင်းပ

နေပြည်တော်  ၁၇  ဒီဇင်ဘာ

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ် တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည် ပေးပို့ထားသော သွင်းကုန်ပမာဏ မြင့်တက်ခြင်းမှ ကာကွယ်ပေးမှု ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ် ချက်အစီရင်ခံစာကို ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဦးစတီဖန်က လွှတ်တော်သို့ ဖတ်ကြားတင်ပြရာတွင် ကော်မတီသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့နှင့် အစည်းအဝေးကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များကို လေ့လာစိစစ်ခဲ့ကြပါကြောင်း၊ ယင်းအစည်းအဝေးတွင် ဆွေးနွေးချက်များအရ နိုင်ငံတော်သမ္မတ က သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍  ဥပဒေကြမ်း၏ အပိုဒ် ၇၊ အပိုဒ် ၃၈နှင့် အပိုဒ် ၅၅ တို့ကို နိုင်ငံတော်သမ္မတ၏ သဘော ထားမှတ်ချက်အတိုင်းလည်းကောင်း၊ အပိုဒ် ၅ အပိုဒ်ခွဲ(ဆ)၊ အပိုဒ် ၆ အပိုဒ်ခွဲ(င)၊ အပိုဒ် ၁၂၊ အပိုဒ် ၁၄၊ အပိုဒ် ၃၄နှင့် အပိုဒ် ၄၈တို့ကို နိုင်ငံတော်သမ္မတ၏ သဘောထားမှတ် ချက်နှင့်အညီ ပြင်ဆင်၍လည်းကောင်း အတည်ပြုပြဋ္ဌာန်းသင့်သည်ကို လေ့လာတွေ့ရှိ ရပါကြောင်း၊ သို့ပါ၍ နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ လာသော သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးမှု ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၉၉နှင့်အညီ လွှတ်တော်သို့အစီရင်ခံတင် ပြ အပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၈ နှင့်အညီ  အဆိုတင်သွင်းဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဆက်လက်၍ လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဦးဇော်ဝင်း က ဖတ်ကြားတင်ပြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၈၃ နည်းဥပဒေခွဲ(ဂ)နှင့်အညီ လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသည့် အချက်များနှင့် တိုက်ရိုက်သက်ဆိုင်သည့် ပြင်ဆင်ချက်အဆို တင်သွင်းဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ယင်းနောက် လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော အမျိုးသားမှတ်တမ်းနှင့်မော် ကွန်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဒေါ်အုန်းကြည် က ဖတ်ကြားတင်ပြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၈၃ နည်းဥပဒေခွဲ(ဂ)နှင့်အညီ လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသည့် အချက်များနှင့် တိုက်ရိုက်သက်ဆိုင်သည့် ပြင်ဆင်ချက်အဆို တင်သွင်းဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်  ဥပဒေမူကြမ်း လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး က ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးစိုင်းသန်းနိုင် အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦး တင်ပြထားသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့် စပ်လျဉ်းသည့် လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် မိမိတို့၏ လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ်တွင် လွှတ်တော်ကိုယ်စားလှယ်များကလည်း လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့် ပြဋ္ဌာန်းချက်များနှင့်အညီ လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များအရ ဆွေးနွေးဆောင်ရွက်သွားခြင်း ဖြစ်ပါကြောင်း၊ မိမိတို့ကော်မတီ အနေဖြင့်လည်း လွှတ်တော်ကအပ်နှင်းထားသည့် တာဝန်အရ အဆိုပါအစီရင်ခံစာကို တင်သွင်း ခဲ့ခြင်း ဖြစ်ပါကြောင်း၊ လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက် အစီရင်ခံစာတွင်လည်း ကော်မတီဝင်အများစု၏ ဆန္ဒသဘောထားနှင့် ကော်မတီဝင် (၃) ဦး၏ သီးခြားဆန္ဒသဘောထားများကိုလည်း ဖော်ပြထားပြီးဖြစ်သည့်အတွက် ယင်းအပေါ်တွင် သီးခြားရှင်းလင်းဆွေးနွေးရန် မရှိပါကြောင်း၊ ထို့ကြောင့် ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်က သဘောတူလက်ခံပေးနိုင်ရန်အတွက် လွွှတ်တော်၏ အဆုံးအဖြတ်ကို ရယူအတည်ပြုပေးနိုင်ပါရန် လေးစားစွာ အဆိုပြုတင်ပြအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထွန်းအောင်က ဦးစိုင်းသန်းနိုင် အပါအဝင် တင်ပြထားသည့် ပြင်ဆင်ရေးဥပဒေမူ ကြမ်း(၅)ခုစလုံးကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်ရန်နှင့် ယခုမဲခွဲဆုံးဖြတ်မည်ကို ကန့်ကွက်ပါကြောင်း ပြောကြားသည်။

ယင်းပြောကြားချက်အပေါ် ပြည်ထောင်စုလွှတ်တော်နာယက က ယခုမဲခွဲ ဆုံးဖြတ်ခြင်းသည် အစီရင်ခံစာ ဆွေးနွေးခဲ့ပြီးသည့်အပေါ်တွင် မဲခွဲဆုံးဖြတ်ခြင်းဖြစ် ပါကြောင်း၊ လွှတ်တော်တွင် အစီရင်ခံစာကို ဆွေးနွေးပြီးပါက မဲခွဲဆုံးဖြတ်ရမည်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၈၀ (စ) တွင်သော်လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၁(စ)တွင်သော်လည်းကောင်း ပြဋ္ဌာန်းထားပါကြောင်း၊ ထို့ကြောင့် အဆိုပါ လုပ်ငန်းစဉ်အရ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယက က အဆိုပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ၄၁ ဦးက ဆွေးနွေးကြရာတွင် အမျိုးမျိုးသော သုံးသပ်အကြံပြု ဝေဖန်ထောက်ပြချက်များ အသုံးပြုပြီး ထောက်ခံ၊ ကန့်ကွက်ကြသည်ကို တွေ့ရှိရပါကြောင်း၊ ယခင်အစီရင်ခံစာ (၄)စောင် တွင်လည်း အလားတူ ဆွေးနွေးမှုအမျိုးမျိုး ရှိခဲ့ပါကြောင်း၊ အစောဆုံးအစီရင်ခံစာ (၂) ခု ဆွေးနွေးခဲ့စဉ်က နာယကအနေဖြင့် ကိုယ်စားလှယ်များ၏ လွတ်လပ်စွာပြောဆိုဆွေးနွေးပိုင်ခွင့်ကို အပြည့်အဝနီးပါး နားလည်ခွင့်ပြုပေးနိုင်ခဲ့ပါကြောင်း၊ သို့သော် တတိယမြောက်အစီရင်ခံစာ ဆွေးနွေးမှုမှစ၍ ကိုယ်စားလှယ်အချို့၏ ဆွေးနွေးချက်အချို့သည် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးတစ်ယောက်နှင့် အဖွဲ့အစည်းတစ်ခုခုကို ထိခိုက်နစ်နာစေနိုင်သည့် ပုဂ္ဂလဓိဋ္ဌာန် စွပ်စွဲပုတ်ခတ်ပြောဆိုမှုများ ပါရှိလာသည့်အပြင် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေပါ စည်းကမ်းချက်များနှင့်ညီညွတ်မှုမရှိသည့် ပြောကြားချက်များအပေါ် ကန့်ကွက်မှုများ ရှိလာခဲ့ပါကြောင်း။

ထို့ကြောင့် ဆွေးနွေးပြောကြားချက် အချို့ကို လွှတ်တော်မှတ်တမ်းမှ စိစစ်နုတ်ပယ်မှုများ ပေါ်ပေါက်ခဲ့ရခြင်းကိုလည်း အားလုံးသိရှိနားလည် စေလိုပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းအနေဖြင့် မိမိတို့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်ကို အသုံးပြုလုပ်ဆောင်ခဲ့ကြသကဲ့သို့ လွှတ်တော် နာယက တစ်ဦးအနေဖြင့်လည်း သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ မိမိ ကိုပေးအပ်ထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အသုံးပြုပြီး လွှတ်တော်လုပ်ငန်း  တာဝန်တစ်ခုချင်းအတွက် အခြေအနေ အချိန်အခါအားလုံးကို သုံးသပ်စဉ်းစားပြီး လုပ်နိုင်သမျှ ပြီးပြတ်အောင် ဆက်လက် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ လွှတ်တော်အတွင်း အဆုံးအဖြတ် ရယူဆောင် ရွက်ခြင်းသည် လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ဆောင်မှု အခြေအနေအရ ဆောင်ရွက်ပေးရခြင်း ဖြစ်သည့်အတွက် နာယက တစ်ဦးတည်း၏ ဆောင်ရွက်မှုမဟုတ်ဘဲ လွှတ်တော်ကိုယ်စားလှယ်အားလုံးပါဝင် သက်ဆိုင်သည့် လုပ်ငန်းစဉ်ဆောင်ရွက်ချက်သာ ဖြစ်ပါကြောင်း၊ လွှတ်တော်အစည်း အဝေးများတွင် ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ လွွှတ်တော်၏ အဆုံးအဖြတ်ရယူရမည့် ကိစ္စရပ်များ၊ မဲခွဲဆုံးဖြတ်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအတိုင်းသာ ဆောင်ရွက်ခြင်း ဖြစ်သည်ကို ထပ်မံအသိပေးလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍ စက်ခလုတ်အသုံးပြု၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ထောက်ခံမဲ ၃၅၇ မဲ၊ ကန့်ကွက်မဲ ၂၀ဝ၊ ကြားနေမဲ ၇ မဲ ဖြစ်သဖြင့် ထောက်ခံဆန္ဒ မဲများသည့်အတွက် လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို သဘောတူ အတည်ပြုကြောင်း ကြေညာသည်။

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော Toyota Landcruiser (Bullet Proof) မော်တော်ယာဉ် (၆) စီး တင်သွင်းရာတွင် အထူးကုန်စည်ခွန်နှင့် ကုန် သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ရရှိရေးကိစ္စနှင့် စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ပြန်လည်ရှင်းလင်း ဆွေးနွေးရာတွင် နိုင်ငံတော်အကြီးအကဲများနှင့် နိုင်ငံတော်အဆင့် ဧည့်သည်တော်များ၏ ပြည်တွင်းခရီးစဉ်များတွင် အသုံးပြုရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဝယ်ယူမည့် မော်တော်ယာဉ် (၆) စီးတင်သွင်းရာတွင် ကျသင့်မည့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်တို့ကို ကင်းလွတ်ခွင့်ပြုရေးအတွက် လွှတ်တော်၏ အတည်ပြုချက် ရယူပေးပါရန် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ တွင် တင်ပြခဲ့ပါကြောင်း။

ထို့ကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ဝယ်ယူမည့် Toyota Landcruiser (Bullet Proof) မော်တော်ယာဉ် (၆)စီး ဝယ်ယူတင်သွင်းရာတွင် ကျသင့်မည့် အထူးကုန်စည်ခွန် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၇၉၆ သိန်းနှင့် ကုန်သွယ်လုပ်ငန်းခွန် အမေရိကန်ဒေါ်လာ ဝ ဒသမ၅၅၁၉ သိန်းတို့ကို ကင်းလွတ်ခွင့် ရရှိနိုင်ရေး အတွက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၆၁ ပုဒ်မခွဲ(က) နောက်ဆက်တွဲ ဇယား(၁) အမှတ်စဉ် (၉)ပါ ပြဋ္ဌာန်းချက်အရ လွှတ်တော်၏ အတည်ပြုချက် ရယူပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယက က ယင်းကိစ္စနှင့်စပ်လျဉ်း၍ စက်ခလုတ်အသုံးပြု၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ထောက်ခံမဲ ၃၅၉မဲ၊ ကန့် ကွက်မဲ ၁၈၈ မဲ၊ ကြားနေမဲ ၃မဲ ဖြစ်သဖြင့် ထောက်ခံဆန္ဒမဲများသည့်အတွက် လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။

ထို့နောက် နိ်ုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့က မြို့တော်စည်ပင်သာယာရေးနယ်နမိတ်အတွင်း စွန့်ပစ်အမှိုက်များ ပြုပြင်သန့်စင်သည့် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ပိုလန်နိုင်ငံအစိုးရထံမှ ODA ချေးငွေ ယူရို သန်း ၅၀ ရယူရေးကိစ္စနှင့် စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက က အဆိုပါ ချေးငွေနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း က ပြည်ထောင်စုစာရင်း စစ်ချုပ် ၏ ၂၀၁၈ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ၆ လအတွက် စစ်ဆေး တွေ့ရှိချက် အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင် ရငွေများ အကောင်အထည်ဖော်မှု အဓိကစစ်ဆေးတွေ့ရှိချက်များကို တင်ပြရပါက  ပြည်ပချေးငွေအကူအညီ ရငွေများဖြင့် ဆောင်ရွက်သည့် စီမံကိန်းများတွင် Work Plan များ နှင့်အညီ အချိန်မီမဆောင်ရွက်နိုင်သဖြင့် လျာထားသည့်အတိုင်း အပြည့်အဝ ရယူနိုင်မှု မရှိခြင်းတို့ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ထိရောက် ကောင်းမွန်သော အရအသုံး ခန့်မှန်းခြေငွေစာရင်းဖြစ်စေရန် နှစ်စဉ်အရအသုံးခန့်မှန်း ခြေငွေစာရင်းများ ရေးဆွဲရာ တွင်လည်းကောင်း၊ အမှန်အကောင်အထည်ဖော်ဆောင် ရွက်ရာတွင်လည်းကောင်း အထူးပြုဆောင်ရွက်ရန် လိုအပ်သည်ကို သုံးသပ်တင်ပြအပ် ပါကြောင်း။

အသုံးစရိတ်လျာထားရာတွင် နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး တို့၏ ညွှန်ကြားချက်များ၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းပြဋ္ဌာန်းချက်များနှင့် အညီ အသုံးစရိတ်များအား ထိရောက်အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် လုပ်ငန်းများ အချိန် နှင့်တစ်ပြေးညီ အကောင်အထည်ဖော်ရန်နှင့် ပိုလျှံငွေများစွာ ပြန်အပ်ရခြင်းမျိုး မဖြစ်ပေါ်စေရေးအတွက် အနီးစပ်ဆုံးလျာထားရန်နှင့် ပိုလျှံငွေများ အချိန်မီ ပြန်လည် အပ်နှံရန် လိုအပ်သည်ကို သုံးသပ်အကြံပြုပါကြောင်း။

ပြည်ပမှ ချေးယူငွေများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်း Work Plan  အရ အကောင်အထည်ဖော်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ တင်ဒါ လုပ်ငန်းစဉ်များနှင့် စာချုပ်ချုပ်ဆိုရန် ဆောင်ရွက်ဆဲဖြစ်ခြင်း၊ ချေးငွေထုတ်ပေးသည့် အဖွဲ့အစည်းများ၏ guide line အတိုင်းဆောင်ရွက်နိုင်မှု မရှိခြင်း၊ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု မရှိသဖြင့် စီမံကိန်းကာလပြီးစီးသော်လည်း ချေးငွေအား အပြည့်အဝရယူသုံးစွဲနိုင်မှု မရှိခြင်း၊ စီမံကိန်းကာလနှင့်အညီ ချေးငွေရယူ နိုင်မှုမရှိခြင်း၊ စီမံကိန်းသက်တမ်းကာလများ တိုးမြှင့်နေရခြင်း၊ ချေးငွေထုတ်ပေးသည့် အဖွဲ့အစည်းများထံမှ ချေးယူရငွေများ ထုတ်ယူထားပြီး သုံးစွဲနိုင်မှု မရှိသည့် ချေးယူရ ငွေများအတွက် အတိုးစရိတ်ကျခံသုံးစွဲနေရခြင်းတို့ကို တွေ့ရှိရသည့်အတွက်  သက် ဆိုင်ရာဌာနအဖွဲ့အစည်းများအနေဖြင့် စီမံကိန်းများလျာထားချက်အတိုင်း အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး အစီအမံများ ချမှတ်ဆောင်ရွက်ရန် လိုအပ်သည်ကို သုံးသပ်အကြံပြုအပ်ပါကြောင်း။

စုစုပေါင်းကြွေးမြီနှင့် ဂျီဒီပီအချိုးမှာ တစ်နှစ်ထက်တစ်နှစ်တိုးလာပါကြောင်း၊ ပြည်တွင်းကြွေးမြီနှင့် စုစုပေါင်းကြွေးမြီအချိုးမှာ ကျဆင်းလာသော်လည်း ပြည်ပကြွေးမြီနှင့် စုစုပေါင်းကြွေးမြီအချိုးမှာ တစ်နှစ်ထက်တစ်နှစ် တိုးတက်လာသဖြင့် ၂၀၁၈ခုနှစ် ကာလလတ် ကြွေးမြီစီမံခန့်ခွဲမှု မဟာဗျူဟာနှင့်အညီ ၅၀ ရာခိုင်နှုန်းထက်  မကျော်လွန်စေရေးအတွက် ဆက်လက်ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပုံသေပိုင် ပစ္စည်းများစီမံခန့်ခွဲမှုကို စစ်ဆေးရာတွင်ဌာန၊ အဖွဲ့အစည်းအချို့တွင် နှစ်ကာလကြာ မြင့်ကတည်းက ကျန်ရှိနေသည့်ပစ္စည်းများ ရှိခြင်း၊ computer tablet ကဲ့သို့သော နည်းပညာပိုင်းဆိုင်ရာ ပစ္စည်းများအား ချက်ချင်းအသုံးပြုရန် မလိုအပ်သေးဘဲ ဝယ်ယူထားခြင်း၊ ရုံးဖွင့်လှစ်မှု မရှိနိုင်သေးဘဲ ရုံးသုံးပရိဘောဂများ ဝယ်ယူထားခြင်းတို့ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် လေလွင့်ဆုံးရှုံးမှု မဖြစ်စေရေးနှင့် နိုင်ငံတော်၏ဘဏ္ဍာရန်ပုံငွေ ထိရောက်စွာအသုံးပြုနိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

နိုင်ငံပိုင်ဌာန၊ အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များသည် ပြည်သူလူ ထုအတွက် အမှန်တကယ် အကျိုးသက်ရောက်မှု ရှိ/မရှိ၊ အရအသုံးခန့်မှန်းခြေ ငွေစာရင်းများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု ရှိ/မရှိ စသည့် အခြေအနေများကို ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပါ ပြဋ္ဌာုန်းချက်များနှင့်အညီ စစ်ဆေး အစီရင်ခံတင်ပြခြင်းသည် ပိုမိုအားကောင်းခိုင်မာသည့် ပြည်သူ့ဘဏ္ဍာငွေစီမံခန့်ခွဲမှု စနစ်တစ်ရပ်ပေါ်ထွန်းလာပြီး ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့်လည်း စစ်ဆေးရေးစွမ်းဆောင်ရည် ပြည့်ဝစွာဖြင့် ပြည်သူများထံသို့ အချိန်နှင့်တစ်ပြေးညီ အစီရင်ခံတင်ပြနိုင်ရေး ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ဌာန၊ အဖွဲ့အစည်းများအနေဖြင့််လည်း စစ်ဆေးတွေ့ရှိချက်များအပေါ် သုံးသပ်အကြံပြုချက်များ အလေးထားလိုက်နာဆောင် ရွက်ရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း က အဆိုပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာ ပထမတွဲ (၁၆/၂၀၁၉)ကို ဖတ်ကြားတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းအစီရင်ခံစာ အမှတ်စဉ် (၁၆/၂၀၁၉)အပေါ် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၀၄၊ နည်းဥပဒေခွဲ (ဃ)၊ (င)တို့နှင့်အညီ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ထို့နောက် အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ် က ကော်မရှင်၏ ၆ လတာကာ လ (၂၀၁၉ခုနှစ်၊ ဧပြီလ ၁၀ ရက်မှ အောက်တိုဘာလ ၉ ရက် အထိ) လုပ်ငန်းဆောင်ရွက်ခဲ့မှု အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ကို ဒီဇင်ဘာ ၂၀ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်၊ အေးအေးသန့်