ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကျင်းပ

နေပြည်တော်  ၂၀  နိုဝင်ဘာ

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့တွင် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင် အပါအဝင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၁၄၄ ဦး ပေးပို့တင်ပြထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့် စပ်လျဉ်း၍ လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

55

 

ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေး က ယနေ့နိုင်ငံတော်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ အကြမ်းဖက် တိုက်ခိုက်မှုအချို့သည် တိုင်းရင်းသားလူမျိုး အသီးသီး၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူအခွင့်အရေး၊ ဗဟိုချုပ်ကိုင်မှု လျော့ချရေး၊ ဒီမိုကရေစီ အခွင့်အရေးကိစ္စရပ်များနှင့် ပတ်သက်ပြီး ဖြစ်ပျက်နေခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယင်းအချက်များကို ရွေးချယ်ပြီး ပြင်ဆင်ရန် တင်ပြထားသည့် ဦးသိန်းထွန်း၊ ဒေါက်တာမောင်သင်းနှင့် ဗိုလ်မှူးချုပ်မောင်မောင်တို့၏ တင်ပြချက် အပြင် ကျန်ရှိနေသေးသည့် ဒုတိယအကြိမ်ပြင်ဆင်သည့် မူကြမ်းများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နည်းဥပဒေများအတိုင်း လွှတ်တော်စင်မြင့်တွင် ဂုဏ်တင့်စွာ ဆွေးနွေးအဖြေရှာပြီး ပြင်ဆင်ပေးမည်ဆိုပါက မှန်ကန်သင့်မြတ်သည့် ဆောင်ရွက်ချက် ဖြစ်ပါကြောင်း ဆွေးနွေးသည်။

 

3

 

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ကျော်ဇေယျ က ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ခုနှစ်) ပုဒ်မ ၂၃၂၊ ပုဒ်မခွဲ(က)နှင့် ပုဒ်မ ၂၆၁ ပုဒ်မခွဲ(က)တို့ကို အသစ်ဖြည့်စွက်ပြင်ဆင်ရန် တင်ပြလာသည့် ဥပဒေမူကြမ်းအား မည့်သည့်အချိန်တွင်မှ လွှတ်တော်သို့ တင်ပြလာမည်ကို မသိနိုင်သေးသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခုလုံးအပေါ် သုံးသပ်လေ့လာပြီး ပြုစုရေးဆွဲတင်သွင်းလာမည့် ဥပဒေမူကြမ်း တင်သွင်းချိန်မှသာ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် သည် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အခန်း(၁၂)ပါ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်ခြင်း မဟုတ်သည့်အတွက် အစီရင်ခံစာအား ကန့်ကွက်ပါကြောင်းနှင့် ပြင်ဆင်ရန် တင်ပြလာသည့် ဥပဒေမူကြမ်းအား ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၁၂)ပါ ပြဋ္ဌာန်းချက်၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအတိုင်း ဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေးသည်။

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးလှဆန်းက ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း ဆောင်ရွက်ရာတွင် အပိုင်းပိုင်းအဖြာဖြာ တင်ပြဆွေးနွေးကြခြင်းအားဖြင့် အချိန်ကုန်ခြင်း၊ ငွေကုန်ခြင်း၊ လူပင်ပန်း ခြင်းနှင့် အကျိုးရလဒ်ကောင်း ရရှိနိုင်မည်လားဆိုသည်ကို စဉ်းစားတွေးတောချင့်ချိန် ဆောင်ရွက်ကြစေလိုပါကြောင်း၊ ထို့ပြင် ပြင်ဆင်ဖြည့်စွက်လိုသည့် ပုဒ်မများသည် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ရည်ညွှန်းပြီး ပုဒ်မ ၅၉ ပုဒ်မခွဲငယ်(စ)အတိုင်း တိုက်ရိုက် ထည့်သွင်းပြဋ္ဌာန်း လိုခြင်းဖြစ်သည်ဟု မိမိအနေဖြင့် သုံးသပ်မိပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ခုနှစ်)အပေါ် ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းအတည်ပြုထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီမှ လည်း အခန်းလိုက် ပြင်ဆင်ဖြည့်စွက်ပယ်ဖျက်ရန် ဆောင်ရွက်နေပါသောကြောင့် ပုဒ်မ ၂၃၄ ပုဒ်မခွဲ (က)အပိုဒ်ခွဲငယ်(င)၊ ပုဒ်မ ၂၆၁ ပုဒ်မခွဲ(က) အပိုဒ်ခွဲငယ်(င) တို့အား ထပ်မံဖြည့်စွက်လိုခြင်းကို မိမိအနေဖြင့် ကန့်ကွက်ပါကြောင်းနှင့် လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအား ထောက်ခံပါကြောင်း ဆွေးနွေးသည်။

ယင်းအစီရင်ခံစာအပေါ် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးတင်လင်း၊ တပ်မတော်သား ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ဒေါ်စိုးစိုးမြင့်၊ ဒက္ခိဏသီရိ မဲဆန္ဒနယ်မှ ဦးသန့်ဇင်ထွန်း၊ တပ်မတော်သားပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဒေါ်အေးအေးမာ၊ မြောက်ဦးမဲဆန္ဒနယ်မှ ဦးဦးလှစော၊ တပ်မတော်သားပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးဝင်းလှိုင်၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးစိုင်းသန်းနိုင်၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးထက်နှင့် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ဒေါ်စန်းသီ တာခင်တို့က ဆက်လက်ဆွေးနွေးကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်  ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်စန်းချစ် အပါအဝင် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ၁၄၄ ဦး တင်ပြထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့် စပ်လျဉ်း၍ လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်ပြရာတွင် ပြည်ထောင်စု လွှတ်တော်ကြီးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း စုစုပေါင်း(၄)ခု ရောက်ရှိနေပြီ ဖြစ်ပါကြောင်း၊ အဆိုပါ မူကြမ်း(၄)ခုစလုံးသည် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀ဝ၈ခုနှစ်) တစ်ခုလုံးအပေါ်တွင် ပြင်ဆင်ခြင်း မဟုတ်ဘဲ ပြဋ္ဌာန်းချက်အချို့ကိုသာ ပြင်ဆင်ဆောင်ရွက်ရန် တင်ပြထားသည်ကို ပြင်ဆင်ချက်တွင် ဖော်ပြထားသည့် အပိုဒ်၊ အပိုဒ်ခွဲများကို ကြည့်မည်ဆိုပါက တွေ့ရှိနိုင်ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်က လွှတ်တော်အတွင်းတွင်ရှိသည့် နိုင်ငံရေး ပါတီ အစုအဖွဲ့အသီးသီး၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များနှင့် အချိုးကျပါဝင်စေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ကိုလည်း ဖွဲစည်းတာဝန်ပေးအပ်ပြီး ယင်းကော်မတီမှလည်း လုပ်ငန်းတာဝန်များကို ဆောင်ရွက်နေပါကြောင်း။

အဆိုပါ ကော်မတီအနေဖြင့် ဖွဲစည်းပုံအခြေခံဥပဒေ (၂၀ဝ၈ခုနှစ်) တစ်ခုလုံးအပေါ်တွင် သုံးသပ်ပြင်ဆင်ထားသည့် ပြင်ဆင် ချက်များကို ဥပဒေမူကြမ်းအဖြစ် တင်သွင်းလာမည်ဆိုသည်ကိုလည်း လေ့လာသုံးသပ် တွေ့ရှိရပါကြောင်း၊ ပြင်ဆင်ရေး ပူးပေါင်းကော်မတီမှ ဥပဒေမူကြမ်းကို လွှတ်တော်သို့ ဥပဒေ၊ နည်းဥပဒေနှင့်အညီ တင်သွင်းလာသည့်အခါတွင် လက်ရှိလွှတ်တော်သို့ တင်သွင်းထားပြီးဖြစ်သည့် ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း (၄)ခုနှင့်အတူ သီးခြားစီ တစ်ပြိုင်တည်းယှဉ်တွဲ၍ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင်ရှိသည့် ဥပဒေကြမ်းကော်မတီဝင် အားလုံးပါဝင် ဖွဲ့စည်းထားသည့် လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီက အတူတကွ လေ့လာသုံးသပ်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

ထိုသို့ ဆောင်ရွက်သည့် အခါတွင်လည်း ပြင်ဆင်သည့်ဥပဒေမူကြမ်း အားလုံးတွင် ပါဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲတစ်ခုမှ ကျန်ခဲ့မည် မဟုတ်ပါကြောင်း၊ ပြည့်စုံစွာစုစည်း၍ လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ခြင်းကို ဆောင်ရွက်မည်ဆိုပါက ပို၍ လျော်ကန် သင့်မြတ်မှုရှိပြီး လွှတ်တော်၏အချိန်နှင့် ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များလည်းပို၍ စနစ်ကျနမှုရှိမည်ဟု လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီဝင်အများစုက လေ့လာတွေ့ရှိရပါကြောင်း၊ လွှတ်တော်ဆိုင်ရာ နည်းဥပဒေအရ သီးခြားအကြံပြုချက် တင်သွင်းထားသည့် ပူးပေါင်းကော်မတီဝင် (၃)ဦးဖြစ်သည့် ဦးစတီဖန်၊ ဗိုလ်မှူးချုပ် မောင်မောင်နှင့် ဗိုလ်မှူးချုပ်တင့်လွင် တို့က အဆိုပါ ဥပဒေမူကြမ်းကို ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၂)ပါ ပြဋ္ဌာန်းချက်များ၊ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် အညီ လွှတ်တော်တွင် ဆက်လက်ဆွေးနွေးဆောင်ရွက်သင့်ကြောင်း သီးခြားအကြံပြု တင်ပြထားခြင်းလည်း ရှိပါကြောင်း။ 

ထို့ကြောင့် တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်စန်းချစ် အပါအဝင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦးက လက်မှတ်ရေးထိုး တင်ပြခဲ့သည့် ယခုဥပဒေမူကြမ်း၊ ရှေးဦးစွာ တင်သွင်းထားသည့် ဒုတိယအကြိမ် ပြင်ဆင်သည့် ယခင်ဥပဒေမူကြမ်း(၃)ခုနှင့် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ပြင်ဆင်ရေး ပူးပေါင်းကော်မတီက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ခုနှစ်) တစ်ခုလုံးအပေါ်တွင် သုံးသပ်လေ့လာ၍ ပြုစုရေးဆွဲပြီး လွှတ်တော်သို့ တင်သွင်းလာမည့် ပြင်ဆင်သည့် ဥပဒေမူကြမ်းများအားလုံးကို တစ်ပြိုင်တည်းယှဉ်တွဲ၍ ပြည်စုံသော ပြင်ဆင်သည့် ဥပဒေမူကြမ်းများအဖြစ် လွှတ်တော်သို့ တင်သွင်းနိုင်ရေးအတွက် ဆောင်ရွက်သင့်ပါကြောင်းနှင့် မိမိတို့လေ့လာ စိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးပြီးပါက ဆုံးဖြတ်အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် က ယင်းအစီရင်ခံစာအပေါ် ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ် ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ကမ္ဘာ့အကောက်ခွန်အဖွဲ့က ပြန်လည်သုံးသပ်ထားသော အပြည်ပြည် ဆိုင်ရာ ကျိုတိုသဘောတူစာချုပ် (WCO Revised Kyoto Convention) တွင် မြန်မာနိုင်ငံမှ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်နိုင် ရေးကိစ္စနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင် က လွှတ်တော်သို့ ရှင်းလင်းတင်ပြ သည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေတွင် ပါဝင်သော တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ အမှတ်စဉ်(၁၅/၂၀၁၉) အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ အပိုဒ် ၂၀ ပါ တည်ဆောက်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အားနည်းချက်များ၊ အပိုဒ် ၂၁ ပါ တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး သုံးသပ်ချက်များ၊ အပိုဒ် ၂၂ ပါ တည်ဆောက်ရေးလုပ်ငန်း စံချိန်စံညွှန်း ပြည့်မီရေး သုံးသပ်ချက်များနှင့် အပိုဒ် ၂၃ပါ လုပ်ငန်းတန်ဖိုးပေးချေခြင်း၊ လုပ်ငန်းပြီးစီးမှုနှင့် တစ်ပြေးညီ ပေးချေနိုင်စေရေးအတွက် သုံးသပ်ချက်များနှင့် အပိုဒ် ၂၄ပါ အထွေထွေ သုံးသပ်အကြံပြုချက်များအား ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေ ဖြင့် အလေးထား လိုက်နာဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အခြေခံပညာဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ထား သည့်လုပ်ငန်း စုစုပေါင်း ၄၇၉၇ ခုတွင် လုပ်ငန်း ၇၆ ခုကို အထွေထွေ ပိုလျှံရန်ပုံငွေသို့ ပြန်လည်အပ်နှံခဲ့ပြီး ကျန်ရှိသည့်လုပ်ငန်း ၄၇၂၁ ခုအနက် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ လုပ်ငန်းစုစုပေါင်း၂၅၉၀ သည် ၁၀ဝ ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ပါကြောင်း၊ ထို့ပြင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၌ အချိန်မီ လုပ်ငန်းမပြီးစီးသည့် လုပ်ငန်းများအတွက် စုစုပေါင်း ၅၅ ဒသမ ၃၆၆ ဘီလီယံကို အထွေထွေ ပိုလျှံရန်ပုံငွေကို ပြန်လည်အပ်နှံထားပြီး ဖြစ်ပါကြောင်း။

ထိုသို့ ပြန်လည်အပ်နှံထားသည့် ၅၅ ဒသမ ၃၆၆ ဘီလီယံတွင်လည်း ၂၀ ရာခိုင်နှုန်းအထက်ပြီးစီးသည့်လုပ်ငန်းများကို ပြန်လည် စိစစ်၍ အချိန်မီ တည်ဆောက်ရေးလုပ်ငန်းများ အပြီးသတ် ဆောင်ရွက်နိုင်မည့် လုပ်ငန်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၏ ဖြည့်စွက်ရန်ပုံငွေတွင် ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းနှင့်အညီ အတည်ပြုချက်ရရှိရေးကို ဆက်လက်စီစဉ်ဆောင်ရွက်ပြီး ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီ၏ အကြံပြုချက်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြုချက်များကို အလေးထား လိုက်နာကာ  တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကျောင်းအုပ်ဆရာ၊ ဆရာမများ၊ မိဘအုပ်ထိန်းသူများ၊ ပြည်သူများနှင့် ပူးပေါင်း၍ အကျိုးရှိ ထိရောက်ပွင့်လင်းမြင်သာပြီး မည်သည့် ခွဲခြားမှုမျှမရှိဘဲ အရည်အသွေးရှိသော သင်ယူမှုစနစ်ဖြင့် တစ်သက်တာ သင်ယူမှုအခွင့်အလမ်း ရရှိရေးအတွက် ဆက်လက်ဖြည့်ဆည်း ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ယင်းအစီရင်ခံစာ (၁၅/၂၀၁၉)ကို လွှတ်တော်က သဘောတူလက်ခံရန် အဆိုတင်သွင်းသည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က ယင်းအဆိုကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူ မရှိသည့်အတွက် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် ခွင့်ပြု ရန်ပုံငွေတွင် ပါဝင်သော တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ အမှတ်စဉ်(၁၅/၂၀၁၉)ကို လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။

ထို့နောက် စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ကို ပူးပေါင်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာနအဖြစ် ပြင်ဆင်သတ်မှတ်ဖွဲ့စည်းရေး ကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးရဲထွဋ်က မိမိအနေဖြင့် ယခုကဲ့သို့ ဌာနကြီး နှစ်ခုဖြစ်သည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာန ပူးပေါင်းခြင်းကို ကန့်ကွက်ပါကြောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်တွင် ဌာနပေါင်းများစွာရှိပြီး ဘတ်ဂျက် စည်းမျဉ်းစည်းကမ်းများကို ချမှတ်၍ အခြားသော ဝန်ကြီးဌာနများမှ စီးပွားရေးလုပ်ငန်းများ အသုံးနှင့် အဖြုန်းခွဲခြားနိုင်ရန်နှင့် ဘတ်ဂျက်များ လေလွင့်ဆုံးရှုံးမှု မဖြစ်စေရန် ဆောင်ရွက်ထိန်းကွပ် ပေးရသည့် ဌာနဖြစ်ပါကြောင်း၊ စက်မှုဝန်ကြီးဌာနသည် ငွေသုံးခြင်း၊ ကုန်ထုတ်ခြင်း၊ စက်မှုတိုးတက်အောင် ပြုလုပ်ခြင်း၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ခြင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ခြင်း၊ နိုင်ငံခြား ဝင်ငွေများ ရရှိအောင်ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ရပါကြောင်း၊ ထို့ကြောင့်  ယင်းဌာနနှစ်ခု ပူးပေါင်း၍ မဖြစ်နိုင်ပါကြောင်း ဆွေးနွေးသည်။

အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချို က စက်မှုဝန်ကြီးဌာနကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဖွဲ့စည်းခြင်းအားဖြင့် မြန်မာနိုင်ငံ စက်မှုလက်မှု လုပ်ငန်းများ အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပိုမိုမြန်ဆန်ထိရောက်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော အသွင်ကူးပြောင်းမှု ရလာဒ်များကို ရရှိလာနိုင်မည်ဟု ဖော်ပြထားသည့် အတွက် ပြည်တွင်းစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရင်းနှီးမြှုပ်နှံမှု မူဝါဒများကို ပြန်လည်သုံးသပ်ပြီး Global Supply Chain တွင် ပြည်တွင်းထုတ်လုပ်မှု အချိုးအစားတစ်ခုအဖြစ် ပါဝင်နိုင်စေရေးနှင့် လိုအပ်သော ငွေကြေး၊ နည်းပညာ အထောက်အပံ့များ ရရှိစေရေးကို ကူညီဆောင်ရွက်ပေးရန် ဆိုသည့် မိမိ၏ အဆိုတစ်ရပ်ကို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေး အတည်ပြုထားနိုင်မှုကိုလည်း လျင်မြန်ထိရောက်စွာ အကောင်အထည်ဖော်နိုင်မည်ဟု ယုံကြည်ပါကြောင်း။

ထို့ပြင် မြန်မာနိုင်ငံ၏ စက်မှုလုပ်ငန်းများနှင့် SME အခန်းကဏ္ဍကို ထိရောက်စွာ ထိန်းကျောင်းမြှင့်တင်နိုင်ရေး၊ ကူညီပံ့ပိုး နိုင်ရေးနှင့်အတူ နိုင်ငံ၏ ၉၀ ရာခိုင်နှုန်းကျော် သော SME လုပ်ငန်းများ အားနည်းနေခြင်းမှ အားကောင်းသော လုပ်ငန်းများ အဖြစ် သေချာစွာပေါ်ထွန်းနိုင်ရေးကို မျှော်လင့်ရင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအဖြစ် ပြင်ဆင်သတ်မှတ် ဖွဲ့စည်းခြင်းကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။

လှိုင်းဘွဲ့ မဲဆန္ဒနယ်မှ ဦးခင်ချိုက  လက်ရှိအခြေအနေအရ အစိုးရ၏ သက်တမ်းသည် ၁ နှစ်ကျော်ခန့်သာ ကျန်ရှိတော့သဖြင့်  ဝန်ကြီးအသစ် ခန့်အပ်မည်ဆိုပါက စက်မှုဝန်ကြီးဌာနအတွက် ထူးထူးခြားခြား တိုးတက်အောင် ဆောင်ရွက်ရန် အချိန်မရှိတော့ သည်ကို တွေ့ရသဖြင့် ဝန်ကြီးဌာန ၂ ခု ပူးပေါင်းလိုက်ခြင်းသည်လည်း သင့်လျော်သည်ဟု ထင်မြင်ယူဆပါကြောင်း၊ လုပ်ငန်း သဘာဝမတူသည့် ဝန်ကြီးဌာန ၂ ခု ပေါင်းလိုက်သော်လည်း  အရှုံးများဖြစ်ပေါ်နေသည့် စက်ရုံအလုပ်ရုံများကို  နိုင်ငံ အတွက် အကျိုးရှိရှိ အသုံးချနိုင်အောင် အမြန်ဆုံး စီစဉ်ဆုံးဖြတ်ဆောင်ရွက်နိုင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့်  စက်မှုဝန်ကြီး ဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ၂ ခုကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန တစ်ခုတည်းအဖြစ် ဆောင်ရွက် လိုက်ခြင်းသည် လက်ရှိတာဝန်ယူနေရသည့် ပြည်ထောင်စုဝန်ကြီးအတွက်  ဝန်ကြီးဌာန ၂ ခု အစား ဝန်ကြီးဌာန ၁ ခုတည်း၏ အောက်တွင်ထားရှိပြီး ထိန်းသိမ်းဆောင်ရွက်ရမည် ဖြစ်သောကြောင့် သက်ဆိုင်ရာဝန်ကြီးအတွက် ကြီးကြပ်ကွပ်ကဲရာတွင် လွယ်ကူသွားမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန ၂ ခုသည် လုပ်ငန်းသဘာဝ မတူညီသောကြောင့် အမြဲတမ်းမဟုတ်ဘဲ လက်ရှိအနေအထားအရ ယာယီပေါင်းစပ်ခြင်းဟု ယူဆသည့်အတွက် ကန့်ကွက်ရန်မရှိပါကြောင်း ဆွေးနွေးသည်။

ယင်းကိစ္စနှင့် စပ်လျဉ်း၍ အောင်လံမဲဆန္ဒနယ်မှ ဦးအောင်ထူးမြင့်၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ် (၉)မှ ဦးစိုးသိန်း၊ ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီး၊ မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်၊ ကရင်ပြည်နယ်မဲဆန္ဒ နယ်အမှတ်(၅)မှ ဦးစိုင်းသန်းနိုင်၊ ပျော်ဘွယ် မဲဆန္ဒနယ်မှ ဦးသောင်းအေး၊ စေတုတ္တရာ မဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၊ မအူပင် မဲဆန္ဒနယ်မှ ဦးစိန်ဝင်း၊ ကရင်ပြည်နယ်မဲဆန္ဒ နယ်အမှတ်(၆)မှ ဒေါ်နန်းနီနီအေး၊ ရွှေကျင်မဲဆန္ဒနယ်မှ ဦးစောသလေးစော၊ ထီးလင်း မဲဆန္ဒနယ်မှ ဦးမြတ်လေးဦး၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဇေဖြိုး၊ စလင်းမဲဆန္ဒနယ်မှ ဦးကံဦး၊ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကျော်စိုးဦးနှင့် ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်တို့က ဆက်လက် ဆွေးနွေးကြသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို နိုဝင်ဘာ ၂၆ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်၊ အေးအေးသန့်