ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့)ကျင်းပ

တောင်ကြီး ၂၂  ဇွန်  

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့)ကို ၂၀၂၀ ပြည့်နှစ် ဇွန်(၂၂)ရက် နံနက် (၁၀)နာရီအချိန်က ရှမ်းပြည်နယ် လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ  ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်သား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။

ရှေးဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းဝေးတွင် တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၁၃၉) ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ( ၁၆ )ဦးရှိပြီး အစည်း အဝေးသို့ (၁၂၃)ဦး တက်ရောက်သဖြင့် (၈၈ ဒသမ ၄၉) ရာခိုင်နှုန်း  ရှိသောကြောင့် အစည်းအဝေးအထ မြောက်ကြောင်း နှင့် (ပထမနေ့) အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာသည်။

ယင်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်က နှုတ်ခွန်းဆက်စကား ပြောကြားပြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၁)ဦးမှ ကြယ်ပွင့်ပြမေးခွန်း (၁၃)ခု မေးမြန်းရာ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြန်လည်ဖြေကြားခဲ့ကြသည်။

ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်(ခ) ဦးစိုးကြီး မှ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေ(မူကြမ်း)အား ရှမ်းပြည်နယ်လွှတ်တော်သို့ တင်သွင်းရာ ပြည်နယ်လွှတ်တော်က ၂၀၂၀ ပြည့်နှစ် ဇွန် (၂၅)ရက်  ကြာသပတေးနေ့တွင် ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ ဆွေးနွေးမည့် ကိုယ်စားလှယ်များရှိပါက ယနေ့ညနေ (၅)နာရီ နောက်ဆုံးထား၍ ပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း ပေးသွင်းနိုင်ကြောင်းနှင့် ဆွေးနွေးမည့် အချက်အလက်များကို ၂၀၂၀ပြည်နှစ် ဇွန်(၂၃)ရက် နံနက်ပိုင်းတွင် ပြည်နယ် လွှတ်တော်သို့ပေးပို့ရန် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။

ထို့နောက် ပင်းတယမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ(ခ)ဦးညီလေးချမ်း က “ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ အင်းငယ် ကျေးရွာအုပ်စုနှင့် မိုင်းလီကျေးရွာအုပ်စု တို့အားပေါင်း၍ မိုင်းလီကျေးရွာအုပ်စု၊ မိုင်းအင် ကျေးရွာကို မိုင်းအင်မြို့အဖြစ် တိုးမြှင့်သတ်မှတ်ပေးရန် တိုက်တွန်းကြောင်း” အဆိုကို ပြည်နယ်လွှတ်တော်သို့တင်သွင်းရာ ယင်းအဆိုအား မိုင်းဖြတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက် က  ထောက်ခံဆွေးနွေးပြီး၊ ၎င်းအဆိုကို လက်ခံ ဆွေးနွေးရန်သင့်/မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်ကသဘော တူသဖြင့် အဆိုကို၂၀၂၀ပြည့်နှစ် ဇွန်(၂၃) ရက်  အင်္ဂါနေ့တွင် ဆွေးနွေးမည် ဖြစ်ကြောင်းနှင့် ဆွေးနွေး လိုသည့် ကိုယ်စားလှယ်များရှိပါက ယနေ့ညနေ (၅)နာရီ နောက်ဆုံးထား၍ ပြည်နယ် လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းပေးသွင်းနိုင်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

ယင်းနောက် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၉)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (ပထမနေ့)ကို မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် ရပ်နားပြီး အစည်းအဝေး(ဒုတိယနေ့)အား (၂၃-၆-၂၀၂၀) ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပြည်နယ် ပြန်/ဆက်