ဒုတိယလှိုင်းကို တားဆီးနိုင်ရေးကြိုးပမ်း

ကမ္ဘာတစ်ဝန်း ရင်ဆိုင်ကြုံတွေ့နေရသော ကိုဗစ်-၁၉ ကူးစက်ရောဂါကို ခုခံကျော်လွှားနေကြ သည်မှာ အချိန်ကာလ ခြောက်လ(နှစ်ဝက်)ခန့် ကြာမြင့်လာပြီဖြစ်သည်။ ထိုကာလအတွင်း ကမ္ဘာ့ နိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၀ သန်းကျော်ရှိပြီး သေဆုံးသူ ငါးသိန်း ကျော်၊ ပြန်လည်ကျန်းမာလာသူ ငါးသန်းခွဲကျော် ရှိသည်။

ကမ္ဘာ့နိုင်ငံများမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု၊ သေဆုံးမှု အများဆုံး ၁၀ နိုင်ငံတွင် အမေရိကန် နိုင်ငံမှာ အများဆုံးဖြစ်ပြီး အမေရိကန်၊ ဘရာဇီး၊ ဗြိတိန် သုံးနိုင်ငံမှ ကူးစက်သေဆုံးမှုမှာ ကမ္ဘာ တစ်ဝန်းလုံး ဖြစ်ပွားမှု၏တစ်ဝက်နီးပါးရှိသည်။ ထိုသို့ကမ္ဘာ့စံချိန်တင်အများဆုံးနိုင်ငံများ ဖြစ်ပေါ် နေရခြင်းအကြောင်းမှာ မိမိတို့၏လူမှုဘဝနှင့် အလုပ်အကိုင်ကို ဦးစားပေးရာမှ ရောဂါကိုမထိန်းချုပ် နိုင်ခြင်းကြောင့် အရှိန်အဟုန်ဖြင့်တိုးပွား သွားခြင်းဖြစ်သည်။

အာဆီယံ ၁၀ နိုင်ငံတွင် မြန်မာနိုင်ငံသည် စိုးရိမ်ဖွယ်ရာအဆင့်မရှိ သော်လည်း ရောဂါကာကွယ်၊ ထိန်းချုပ်ရေးကို ယခုလက်ရှိအခြေအနေ အောက် မရောက်ရှိသွားအောင် ကြိုးစားနိုင်မှ ကိုဗစ် ဒုတိယလှိုင်းကို တားဆီးနိုင်မည်ဖြစ်သည်။ အာဆီယံနိုင်ငံများအနက် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံ တို့မှာ အများဆုံးသေဆုံးမှုရှိပြီး စင်ကာပူ၊ မလေးရှား၊ ထိုင်းနိုင်ငံတို့မှာ ဒုတိယအများဆုံးဖြစ်သည်။ မြန်မာနိုင်ငံအပါအဝင် ကျန်ငါး နိုင်ငံတို့သည် ကိုဗစ်ပထမလှိုင်းကို ကျော်ဖြတ်နိုင်ကြပြီး လာအိုနိုင်ငံ သည် ရောဂါကင်းစင်သည့်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည်။ ။

မြန်မာနိုင်ငံတွင် ဇူလိုင် ၁ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက် ဖြစ်ပွားမှုအခြေအနေကို အတိုင်း အတာတစ်ခုအထိ ထိန်းထားနိုင်ခဲ့ပြီး ဓာတ်ခွဲစစ်ဆေးခဲ့သူစုစုပေါင်း ခုနစ်သောင်းကျော်တွင် ပိုးတွေ့ လူနာ ၃၀၃ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၂၂၂ ဦး၊ သေဆုံးသူ ခြောက်ဦးနှင့် စောင့်ကြည့် လူနာ စုစုပေါင်း ခြောက်ထောင်နီးပါးရှိသည်။ မြန်မာနိုင်ငံတွင် ရောဂါပိုး တွေ့ရှိသူအများစုမှာ ပြည်ပမှ ရောက်လာကြသူများဖြစ်သည်။ ထိုသူများ မှတစ်ဆင့် ကူးစက်မှုများရှိကာ ပြည်တွင်းမှ ပြည်သူ အချင်းချင်း ကူးစက်မှု မရှိသလောက်ဖြစ်ပြီး သံသယလူနာအဖြစ်သာ တွေ့ရှိရသည်။

မြန်မာနိုင်ငံတွင် ဤသို့အခြေအနေကောင်းများရှိနေခြင်းသည် ကမ္ဘာပေါ်တွင် ရောဂါစတင်ဖြစ်ပွား လျှင် ဖြစ်ပွားချင်း နိုင်ငံတော်အစိုးရ၏ အမြော်အမြင်ရှိမှု၊ လက်ဦးရယူဆောင်ရွက်နိုင်မှု၊ အားလုံး တက်တက်ကြွကြွ ပါဝင်လုပ်ကိုင်မှုတို့ကြောင့်ဖြစ်ပြီး အဓိကအားဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ဦးဆောင်မှုဖြင့် ပြည်သူအားလုံး အသိတရားဖြင့် လက်ဆေးခြင်း၊ နှာခေါင်းစည်း တပ်ဆင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ခြင်းတို့ ဆောင်ရွက်မှုများကြောင့် ကိုဗစ်ပထမ လှိုင်း ကို ဖြတ်ကျော် လာနိုင်ခဲ့ခြင်းဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် နေ့စဉ် အလေးထားဆောင်ရွက်နေပြီး လစဉ် နှစ်ပတ်တစ်ကြိမ် အခြေအနေအရပ်ရပ်ကိုသုံးသပ်ကာ ဆက်လက် ထိန်းသိမ်းရမည့် စည်းမျဉ်းများ၊ ဖြေလျှော့ပေးမှုများ၊ မြှင့်တင်ပေးမှုများကို ဆုံးဖြတ် လုပ်ကိုင်လျက်ရှိရာ ဇွန်လကုန်တွင် မိမိနေအိမ်တွင် နေထိုင်ရေး Stay at Home အစီအစဉ်ကို မြို့နယ်အားလုံးတွင် ဖြေလျှော့ပေးနိုင်ပြီ ဖြစ်သည်။ သို့သော် လူစုလူဝေးဖြစ်စေနိုင်သောကိစ္စများကို ဆက်လက် ပိတ်ပင်ထားဆဲဖြစ်သည်။ ။

ကိုဗစ်-၁၉ ပထမလှိုင်းကို ဖြတ်ကျော်ခဲ့ပြီးနောက် ဖြေလျှော့မှုများ ခွင့်ပြုပေးခဲ့သည့်အခါတွင် ပြည်သူများကြားတွင် လက်ဆေးခြင်း၊ နှာခေါင်း စည်းဝတ်ခြင်း၊ ခပ်ခွာခွာနေထိုင်ခြင်းတို့ ပေါ့လျော့ လာသည်ကို တွေ့ရ သည်။ မြန်မာနိုင်ငံတွင် ပြည်တွင်း၌ အချင်းချင်းရောဂါကူးစက်ခြင်း မရှိ သော်လည်း ကိုဗစ်-၁၉သည် ရောဂါလက္ခဏာမပြဘဲကူးစက်ခံရမှုများ ရှိနေသောကြောင့် အထူး သတိထားဆင်ခြင်နေထိုင် လုပ်ကိုင်ဆောင်ရွက် သွားရန် အရေးကြီးသည်။

သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ မပြန့်ပွားစေရေးကို မမေ့မလျော့ မပေါ့မဆဘဲ ထိရောက်စွာ ဆောင်ရွက်နိုင်ပါမှ နောင်လာမည့် တစ်လ၊ နှစ်လခန့်အကြာတွင် ကိုဗစ်ဒုတိယလှိုင်းကို တားဆီး နိုင်မည်ဟု မျှော်လင့်ရ သည့်အတွက် ရောဂါတွေ့ရှိမှုများအား တစ်စတစ်စလျှော့ချနိုင်ပြီး ရောဂါ ကင်းစင်သည့်အချိန်ရောက်ရှိလာလျှင်ပြည်သူများ နှလုံးစိတ်ဝမ်းအေးချမ်း၍ ပျော်ရွှင်စွာ နေထိုင်နိုင် ကြမည် ဖြစ်ပါကြောင်း။ ။

km