ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ (၁၁) ကြိမ်မြောက် အာဆီယံ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု ပပျောက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြောကြားသည့်မိန့်ခွန်း

နေပြည်တော် ၈  နိုဝင်ဘာ 

(၁၁) ကြိမ်မြောက် အာဆီယံကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၏ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ  Horizon Lake View Resort Hotel ၌ ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်မိန့်ခွန်း ပြောကြားသည်။

အခမ်းအနားတွင် ဒုတိယသမ္မတက မိမိတို့နိုင်ငံများသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသည်နှင့်အညီ အာဆီယံနှင့်ဆက်စပ်သည့် အစည်းအဝေးများနှင့် လှုပ်ရှားမှုများကို အဖွဲ့ဝင်နိုင်ငံများတွင် အလှည့်ကျ ကျင်းပလေ့ရှိရာ ယခုနှစ်အတွက် အာဆီယံကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခွင့် ရသည့်အတွက် အထူးဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ၂၀၁၉ နှစ်အတွက် ယခု အစည်းအဝေးကြီးတွင် ဥက္ကဋ္ဌ တာဝန်ကိုရယူပြီး အစည်းအဝေးများကို အောင်အောင်မြင်မြင် ကျင်းပနိုင်ရန် ပံ့ပိုးကူညီပေးခဲ့သည့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် အဖွဲ့ဝင်နိုင်ငံများမှ တာဝန်ရှိသူများကို မြန်မာနိုင်ငံ အစိုးရကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း။

အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်မှာ (၅၂) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊ အာဆီယံအသင်းကြီးသည် တည်ငြိမ်အေးချမ်းမှု၊ လုံခြုံမှု၊ စဉ်ဆက်မပြတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အတူတကွ သာယာဝပြောမှု၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုတို့နှင့် ပြီးပြည့်စုံသည့် ဒေသကြီးတစ်ခုအတွင်း အတူတကွပေါင်းစည်းနေ ထိုင်ကြရန်၊ မိမိတို့၏ပဓာနကျသည့် အကျိုးစီးပွားများ၊ စံနမူနာကောင်းများနှင့် ရည်မှန်းချက်များကို မြှင့်တင်ပေးကြရန်ဆိုသည့် တူညီဆန္ဒအပေါ် အခြေတည်ဖွဲ့စည်းထားသည့် ဒေသဆိုင်ရာအဖွဲ့အစည်းကြီးလည်းဖြစ်ပါကြောင်း၊ အာဆီယံမဏ္ဍိုင်ကြီး (၃) ရပ်၏ စုပေါင်းအင်အားသည် အာဆီယံကို နိုင်ငံရေးအရ သဟဇာတဖြစ်စေပြီး စီးပွားရေးအရ ပေါင်းစည်းကာ လူမှုရေးအရ တာဝန်ယူမှုရှိသည့် ပြည်သူကိုဗဟိုပြု၊ ပြည်သူကို မျက်နှာမူသည့် အသိုက်အဝန်းတစ်ရပ် ပေါ်ထွန်းရေးကို ထပ်လောင်းအားဖြည့်ပေးလျက်ရှိပါကြောင်း။

အာဆီယံ၏ မဏ္ဍိုင်ကြီးသုံးရပ်အနက် တတိယမဏ္ဍိုင်ဖြစ်သည့် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း ခေါင်းစဉ်အောက်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု ပပျောက်ရေးကဏ္ဍလည်း ပါဝင်ပါကြောင်း၊ ဒေသတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ ဆင်းရဲမှုပပျောက်ရေးနှင့် သက်ဆိုင်သည့်ပြဿနာများကို ဖြေရှင်းခြင်း၊ ဒေသတွင်း ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေး ဆောင်ရွက်ခြင်းများတွင် အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် “အာဆီယံ က အာဆီယံကို ကူညီသည့်စိတ်ဓာတ်” ဖြင့် အတူတကွ အားထုတ်လုပ် ဆောင်ပေးနေကြပါကြောင်း၊ ထိုသို့ဆောင်ရွက်ပေးရာတွင် အဖွဲ့ဝင်နိုင်ငံ အသီးသီးက မိမိတို့နှင့်သက်ဆိုင်ရာ မူဝါဒများနှင့် အစီအစဉ်များကို ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးနယ်ပယ်တွင် အကောင်အထည်ဖော်သည့်အခါ တွေ့ကြုံရသည့် စိန်ခေါ်မှုများနှင့် အကောင်းဆုံး ဆောင်ရွက်နိုင်မှုများကို အဖွဲ့ဝင်နိုင်ငံများအကြား မျှဝေပေးခြင်းလည်း ပါဝင်ပါကြောင်း၊ ထိုသို့မျှဝေပေးနိုင်ရေးအတွက် အာဆီယံကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှုပပျောက် ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးကို (၂)နှစ် တစ်ကြိမ်၊ အဆင့်မြင့်အရာရှိကြီး များအစည်းအဝေးကို (၁)နှစ် တစ်ကြိမ် အဖွဲ့ဝင်နိုင်ငံများ၌ အလှည့်ကျပုံမှန်ကျင်းပ၍ အတွေ့အကြုံများ မျှဝေဖလှယ်ကြပါကြောင်း၊ ဝန်ကြီးများအဆင့် အစည်းအဝေးကို ကျင်းပ လာခဲ့သည်မှာ ယခုနှစ်ဆိုရင် (၁၁)ကြိမ်မြောက် ရှိပြီဖြစ်ပြီး အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသည် (၁၆) ကြိမ်တိုင် ရှိခဲ့ပြီဖြစ်ပါကြောင်း။
လူနေမှုဘဝမြင့်မားသည့် အာဆီယံအသိုက်အဝန်းကို ထူထောင်ရာတွင် အာဆီယံ အဖွဲ့ဝင် နိုင်ငံများသာမက ဆွေးနွေးဖက် (၃) နိုင်ငံဖြစ်သည့် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံတို့ကလည်း ပါဝင်ဖြည့်ဆည်း ဆောင်ရွက်ပေးနေသည်ကို ကျေးဇူးတင်ဖွယ်တွေ့ရှိ ရပါကြောင်း၊ ၂ဝ၁၈ ခုနှစ် အောက်တိုဘာလတွင် အာဆီယံ+၃ ကျေးရွာခေါင်းဆောင်များ အပြန်အလှန် လေ့လာရေးခရီးစဉ်ကို ကွာလာလမ်ပူတွင် ကျင်းပနိုင်ခဲ့ခြင်းသည် ကျေးလက် လူမှုအသိုက်အဝန်း ဖွံဖြိုးလာစေရေး အဓိပ္ပာယ်ပြည့်ဝသည့် အစီအစဉ်တစ်ခုဖြစ်ပါကြောင်း။

အလားတူ 12th ASEAN-China Forum on Social Development and Poverty Reduction နှင့် ASEAN-China-UNDP Symposium on Localisation of SDGs and Realisation of Poverty Eradication များကို ၂ဝ၁၈ ခုနှစ်ထဲတွင် ကျင်းပနိုင်ခဲ့ခြင်းသည် ဆင်းရဲမှုပပျောက်ရေးအတွက် အဓိကကျသည့် အစီအစဉ်များဖြစ်ခဲ့ပါကြောင်း၊ အာဆီယံ+၃  အပြင် Asian Partnership for the Development of Human Resources in Rural Asia (AsiaDHRRA) တို့ကဲ့သို့ အရပ်ဖက်အဖွဲ့အစည်းများနှင့်လည်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ ဆင်းရဲမှုလျှော့ချရေးတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ကျေးလက်ဖွံ့ဖြိုးရေး နှင့် ဆင်းရဲမှုလျှော့ချရေးနယ်ပယ်တွင် ပုဂ္ဂလိကကဏ္ဍ ပါဝင်လာအောင် ဆွဲဆောင်စည်းရုံး လုပ်ဆောင်သွားကြရမည်ဖြစ်ပါကြောင်း၊ အစိုးရ၊ အရပ်ဖက်အဖွဲ့အစည်း၊ ပုဂ္ဂလိကနှင့် ကျေးလက်လူ့အဖွဲ့အစည်းများ အတူတကွပူးပေါင်းဆောင်ရွက်ပြီး အတွေ့အကြုံများကို အပြန်အလှန် မျှဝေလာနိုင်သည်နှင့်အမျှ အာဆီယံဒေသရှိ ကျေးလက်ပြည်သူများ၏ လူမှု ဘဝသည် မြင့်မားသည်ထက် မြင့်မားလာမည်ဖြစ်ပါကြောင်း။

ယခုနှစ်ကျင်းပမည့် အစည်းအဝေးများနှင့်တွဲဖက်၍ အာဆီယံကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ အာဆီယံ + ၃ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၊ (၈) ကြိမ်မြောက် အာဆီယံဖိုရမ်၊ Gender Mainstreaming Workshop on Rual Development and Poverty Eradication၊ (၄) ကြိမ်မြောက် အာဆီယံ ခေါင်းဆောင်မှု ဆုချီးမြှင့်ပွဲများကို ပူးတွဲကျင်းပသွားမည်ဖြစ်ပြီး ကွင်းဆင်းလေ့လာရေး ခရီးစဉ်များကိုလည်း စီစဉ်ထားရှိပါကြောင်း၊ ကျင်းပခဲ့သည့် အစီအစဉ်များတွင် တက်ရောက် ဆွေးနွေးမှုများကို ကြည့်မည်ဆိုပါက အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အစိုးရကိုယ်စားလှယ်များသာမက အစိုးရမဟုတ်သည့် အရပ်ဖက်အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များလည်း ပါဝင်တက်ရောက်ကြသည်ကို ကြည့်မည်ဆိုလျှင် မိမိတို့ အာဆီယံအဖွဲ့ကြီးက ရည်မှန်းသည့် ပြည်သူကိုဗဟိုပြုသော၊ ပြည်သူကို မျက်နှာမူသည့် အသိုက်အဝန်း ဖြစ်လာစေရေးဆိုသည့် ရည်မှန်းချက်ကို အထောက်အကူပြုနေသည်မှာ ထင်ရှားလှပါကြောင်း။

ယခုနှစ်အစည်းအဝေးများကို “စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် အောင်မြင်ရေး၊ တုံ့ပြန် စွမ်းအားကောင်းသော ရပ်ရွာများထူထောင်ပေး” ဆောင်ပုဒ်ဖြင့် ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေး ကဏ္ဍကို အာဆီယံလူမှုရေး - ယဉ်ကျေးမှု အသိုက်အဝန်းအောက်တွင် စတင်ဆောင်ရွက်စဉ်ကတည်းက ကုလသမဂ္ဂမှ ချမှတ်ထားသည့် ထောင်စုနှစ် ဖွံ့ဖြိုးရေးပန်းတိုင်များ ပြည့်မီရေးအတွက် အာဆီယံ၏ အားထုတ်မှုများကို အားဖြည့်ပေးရန် ရည်ရွယ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂ဝ၃ဝ ခုနှစ်တွင် ပြည့်မီရမည့် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင်များ ပြည့်မီစေရန် ထပ်မံအားထုတ်သည့်နေရာတွင် အထောက်အကူပြုစေရေးအတွက် ယခုဆောင်ပုဒ်ကို ချမှတ်လိုက်နာ အကောင်အထည်ဖော်ရန် စီစဉ်ရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ယနေ့ အစည်းအဝေးတွင် ယခုဆောင်ပုဒ်ကို ဦးတည်၍ အာဆီယံဒေသတွင်းရှိ ကျေးလက်ဒေသများ အမြန်ဖွံ့ဖြိုးလာစေမည့်၊ ဆင်းရဲမှုနှုန်းကို တစ်နှစ်ထက်တစ်နှစ် သိသိသာသာ လျှော့ချလာနိုင်စေမည့် အကြံဉာဏ်ကောင်းများ၊ မိမိတို့နိုင်ငံများ၏ အောင်မြင်မှုအတွေ့အကြုံများနှင့် အဖွဲ့ဝင်နိုင်ငံတွေ ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို အားတက်သရော ဆွေးနွေးမျှဝေပေးကြရန် မေတ္တာရပ်ခံ တိုက်တွန်းလိုပါကြောင်း။

မိမိတို့အဖွဲ့ဝင်နိုင်ငံများရှိ ပြည်သူအများစုသည် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး ဆင်းရဲမှုနှုန်း မြင့်မားကြသည့်အတွက် ၎င်းတို့၏လူနေမှုဘဝ မြင့်မားရေးနှင့် ဆင်းရဲမှု ပပျောက်ရေးကို အဖွဲ့ဝင်နိုင်ငံ အစိုးရအသီးသီးက ဦးစားပေးဆောင်ရွက်ရန် လိုအပ်နေချိန်တွင် ယခုကဲ့သို့ အစည်းအဝေးများမှရရှိသည့် ရလဒ်များက လုပ်ငန်းများ အောင်မြင် ထိရောက်ရေးကို ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်သည့်အတွက် ၂ဝ၃ဝ ခုနှစ်မတိုင်မီ အာဆီယံ အဖွဲ့ဝင်နိုင်ငံအားလုံးရှိ ကျေးရွာများအားလုံး ဆင်းရဲမှုမှ လွတ်ကင်းဖွံ့ဖြိုးလာရန် မိမိတို့အတူတကွ ကြိုးစားအားထုတ်ကြပါစို့ဟု တိုက်တွန်းပါကြောင်း ပြောကြားသည်။


(သတင်းစဉ်)