ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ၂၀၁၉ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲသို့ တက်ရောက်အားပေး ချီးမြှင့်

နေပြည်တော်  ၁၆   စက်တင်ဘာ 


မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီက ကြီးမှူးကျင်းပသည့် ၂၀၁၉ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာ ပြသရောင်းချပွဲကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အားပေးချီးမြှင့်သည်။


ပြပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာအောင်သူ၊ ဒေါက်တာ သန်းမြင့်နှင့် ဦးအုန်းဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ အမျိုးသားလွှတ်တော် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သီဟ၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီဝင်များ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်၊ ပြည်တွင်းပြည်ပရတနာကုန်သည်များ၊ သတင်းမီဒီယာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ ဒုတိယသမ္မတနှင့် တက်ရောက်လာကြသူများအား ၂၀၁၉ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ခင်းကျင်းပြသထားမှုနှင့် လုပ်ငန်းဆောင်ရွက်မှုများကို Video Clip ဖြင့် ရှင်းလင်းပြသသည်။


ထို့နောက် ဒုတိယသမ္မတသည်  မဏိရတနာကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်း ကျောက်မျက်အတွဲများ၊ ကျောက်မျက်ရတနာပြခန်းများနှင့် ခန်းမအပြင်ဘက်ရှိ ကျောက်စိမ်းရိုင်း အတွဲများကို ကြည့်ရှုအားပေးသည်။


မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်မှစတင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခု ကျင်းပသည့် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲသည် ၉၅ ပွဲမြောက်ဖြစ်ကာ ပြည်တွင်းကျောက်မျက်ရတနာကုန်သည်များအပြင် ပြည်ပနိုင်ငံ ၂၆ နိုင်ငံမှ ရတနာကုန်သည် ၆၈၆၅ ဦးကိုဖိတ်ကြားထားကြောင်း သိရသည်။


ပြပွဲတွင် ကျောက်စိမ်းအရိုင်းများ၊ ကျောက်စိမ်းအချောထည်များ၊ ကျောက်မျက်အချောထည်များ၊ ကျောက်စိမ်းနှင့် ဆင်တူသည့် ကျောက်များကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ပြီး လက်ဝတ်ရတနာများ၊ ရုပ်တုရုပ်ထွင်းများ၊ ပုံဆောင်ခဲများနှင့် ကျောက်ကပ်ပန်းချီကားများကိုလည်း ပြသရောင်းချသွားမည်ဖြစ်သည်။


အာမခံစပေါ်ငွေများကို ပြည်တွင်းကျောက်မျက်ရတနာကုန်သည်များအနေဖြင့် မြန်မာကျပ်ငွေဖြင့် ပေးသွင်းကြရမည် ဖြစ်ပြီး ပြည်ပရတနာကုန်သည်များအနေဖြင့် ယူရိုငွေဖြင့် ကြိုတင်ပေးသွင်းကြရမည်ဖြစ်ကြောင်း၊ ကျောက်မျက် အတွဲများအတွက် ယူရိုငွေ ၂၀ဝ၀ နှင့်  ကျောက်စိမ်းအတွဲများ အတွက်ယူရိုငွေ ၂၀ဝ၀ဝ ပေးသွင်းကြရမည် ဖြစ်ကြောင်း၊  ကျောက်စိမ်းအရိုင်းအတွဲများအတွက် သတ်မှတ်ထားသည့်အခြေခံ ဈေးနှုန်းမှာ ယူရိုငွေ ၅၀ဝ၀ နှင့်အထက်ဖြစ်ပြီး ကျောက်စိမ်းအချောထည်များအတွက် အခြေခံ ဈေးနှုန်းမှာ ယူရိုငွေ ၁၀ဝ၀ နှင့် အထက်ဖြစ်ကြောင်း၊ အာမခံစပေါ်ငွေပမာဏ ၏ ၁၀ ဆ နှင့်် ညီမျှသည့် ကျောက်မျက်ရတနာအတွဲများကို ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။


ပြပွဲကို စက်တင်ဘာ ၁၆ ရက်မှ ၂၅ ရက်အထိ ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်ပြီး စက်တင်ဘာ ၁၉ ရက်တွင် ကျောက်မျက်အတွဲ ၄၈၁ တွဲကိုလည်းကောင်း၊ စက်တင်ဘာ ၂၀ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် ၁ မှ ၁၃၁၁ အထိကိုလည်းကောင်း၊ စက်တင်ဘာ ၂၁ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် ၁၃၁၂ မှ ၂၆၁၁ အထိကိုလည်း ကောင်း၊ စက်တင်ဘာ ၂၂ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် ၂၆၁၂ မှ ၃၉၁၁ အထိကို လည်းကောင်း၊ စက်တင်ဘာ၂၃ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် ၃၉၁၂ မှ ၅၂၁၁ အထိ ကို လည်းကောင်း၊ စက်တင်ဘာ၂၄ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် ၅၂၁၂ မှ ၆၅၁၁ အထိကို လည်းကောင်း၊ စက်တင်ဘာ ၂၅ ရက်တွင် ကျောက်စိမ်းအတွဲ အမှတ် ၆၅၁၂ မှ ၇၈၁၁ အထိကိုလည်းကောင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။


ယခုပြပွဲတွင် နိုင်ငံတော်သို့ပေးသွင်းရမည့် အခွန်အခများအတွက် မြန်မာ့ကျောက် မျက်ရတနာဥပဒေ၊ ပြည်ထောင်စု၏ အခွန်ကောက်ဥပဒေများနှင့်အညီ ကောက်ခံသွားမည်ဖြစ်ပြီး ဝန်ဆောင်ခအနေဖြင့် ကျောက်မျက်ရတနာအရိုင်းများအတွက် ၃ ရာခိုင်နှုန်းနှင့် အချောထည်များအတွက် ၁ ရာခိုင်နှုန်း ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။


(သတင်းစဉ်)