ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ “သွေးချင်းတို့ရဲ့ပွဲတော်ဆီ၂၀၂၀” ပွဲတော်နှင့် တိုင်းရင်းသားလူမျိုးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်တို့နှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ၂၃ ဇန်နဝါရီ

 

သွေးချင်းတို့ရဲ့ပွဲတော်ဆီ၂၀၂၀ပွဲတော်နှင့် တိုင်းရင်းသားလူမျိုးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်တို့နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာ ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။

 

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးအုန်းမောင်နှင့် နိုင်သက်လွင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များဖြစ်ကြသည့် ဦးဖြိုးမင်းသိန်းနှင့် ဦးအယ်လ်ဖောင်း ရှို၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအောင်လှထွန်း၊ ဒေါက်တာမြလေးစိန်နှင့် ဦးတင်လတ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသဦးစီးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ဒုတိယသမ္မတက ယနေ့အစည်းအဝေးသည် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးပွဲတော် သွေးချင်းတို့ရဲ့ ပွဲတော်ဆီကျင်းပနိုင်ရေးနှင့် ၂၀၂၀ ပြည့်နှစ်၊ မေလအတွင်း ကျင်းပရန်လျာထားသည့် တိုင်းရင်းသား လူမျိုးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်နှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ဖြစ်ပါကြောင်း။

 

drhe

 

ပထမအကြိမ် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင် ရေးပွဲတော် သွေးချင်းတို့ရဲ့ပွဲတော်ဆီကို ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ (၂၅)ရက်မှ (၃၁)ရက်အထိ ရန်ကုန်တိုင်းဒေသကြီး၊ ကျိုက္ကဆံအားကစားကွင်းတွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပြီး ကချင်ရိုးရာ မနောအကကို ပွဲတော်အကအဖြစ် ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ယခုနှစ် သွေးချင်းတို့ရဲ့ပွဲတော်ဆီပွဲတော်ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ (၁)ရက်မှ (၇)ရက်အထိ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး အဓိကအကကို ကယားရိုးရာ တံခွန်တိုင်အကဖြင့် ကျင်းပသွားမည် ဖြစ်ပါကြောင်း။

 

ယခုနှစ်ကျင်းပမည့် သွေးချင်းတို့ရဲ့ပွဲတော်ဆီ ၂၀၂၀ ပွဲတော်ကို မြန်မာနိုင်ငံအတွင်း      ငြိမ်းချမ်းရေးကို အထောက်အကူပြုနိုင်ရန်၊ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားပေါင်းစုံသည် ချစ်ကြည်ရင်းနှီးစွာ စည်းစည်းလုံးလုံးနေထိုင်ကြောင်းနှင့် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို မြန်မာနိုင်ငံသားများသာမက အခြားနိုင်ငံသားများပါ သိရှိစေရန်၊ မြန်မာနိုင်ငံ၏လှပသော တောတောင်ရေမြေအလှကို သိရှိစေရန်နှင့် ခရီးသွားလုပ်ငန်းများ ပိုမိုတိုးတက်ဖွံ့ဖြိုးစေရန်၊ မြန်မာနိုင်ငံတိုင်းရင်းသားများ၏ ဒေသထုတ်ကုန်များ၊ ရိုးရာအဝတ် အထည်များစသည်တို့ကို နိုင်ငံတွင်းမှသည် နိုင်ငံတကာဈေးကွက်များဆီသို့ တင်ပို့ဖြန့်ဖြူး ရောင်းချနိုင်ရန်နှင့် မြန်မာနိုင်ငံတိုင်းရင်းသားလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပသွားမည်ဖြစ်ပါကြောင်း။

 

ယခုပွဲတော်သည် ပြည်ထောင်စုပွဲကဲ့သို့သော တိုင်းရင်းသားများ တွေ့ဆုံနိုင်ရန်နှင့် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းများနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သည့် ပွဲတော်ဖြစ်ပါကြောင်း၊ အလားတူတိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုအပြင် တိုင်းရင်းသားဒေသများတွင် ခရီးသွားလုပ်ငန်းနှင့် ဒေသန္တရခရီးသွား လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ် ဆောင်ရွက်သည့်ပွဲတော်လည်း ဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံသည် သဘာဝအလှအပများနှင့် ပြည့်စုံကြွယ်ဝသည့် နိုင်ငံတစ်ခုဖြစ်သည့်အတွက် သဘာဝအခြေပြု ခရီးသွားလုပ်ငန်းများ ကိုမြှင့်တင်နိုင်ခြင်းဖြင့် တိုင်းရင်းသားဒေသ ဖွံ့ဖြိုးတိုးတက်ရေးကိုများစွာ အထောက်အကူဖြစ်စေနိုင်မည် ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းများကို ပြည်တွင်းနှင့်နိုင်ငံတကာမှ သိရှိနိုင်စေရန်မီဒီယာများ၏ အခန်းကဏ္ဍသည် အရေးပါသည့်အတွက် မီဒီယာများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြပါဟု တိုက်တွန်းလိုပါကြောင်း။

 

ပွဲတော်ကိုပါဝင်ဆင်နွဲကြသည့် တိုင်းရင်းသားလူမျိုးများအနေဖြင့်လည်း မိမိတို့၏ ရိုးရာယဉ်ကျေးမှုများကို ပိုမိုအလေးထားတတ်၊ ပိုမိုချစ်တတ်လာစေပြီး ပြည်ထောင်စု စိတ်ဓာတ်ပိုမိုခိုင်မာစေရေးစသည့် အသိပညာများရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် တိုင်းရင်းသားများ ကိုယ်တိုင်မိမိတို့ဒေသ၊ မိမိတို့ရပ်ရွာနှင့် မိမိတို့နေအိမ်မှအစပြု၍ ဒေသန္တရ ခရီးသွားလုပ်ငန်းများတွင် မည်သို့ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်မည်ဆိုသည့် အသိပညာများကိုလည်း တစ်ပါတည်းရရှိနိုင်မည်ဖြစ်ပါကြောင်း၊ သို့မှသာမိမိတို့ တိုင်းရင်းသားများ၏ ဒေသအလိုက် သဘာဝအလှတရားများ ပျောက်ပျက်မှုမရှိစေဘဲ ဖွံ့ဖြိုးတိုးတက်မှုအကျိုးကို ခံစားကြရမည်ဖြစ်ပါကြောင်း။

 

ပွဲတော်ကျင်းပရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးကြသည့် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် တိုင်းရင်းသားလုပ်ငန်းရှင်များအနေဖြင့် အကျိုးအမြတ်ကို အဓိကမထားဘဲတိုင်းရင်းသားများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း၊ ပွဲတော်ကျင်းပရသည့် ရည်ရွယ်ချက်များကို မျက်ခြေမပြတ်စေဘဲ လုံခြုံရေးနှင့် စည်းကမ်းစနစ်တကျရှိရေးတို့ကို ဘက်ပေါင်းစုံရှုထောင့် ပေါင်းစုံမှ အလေးထားဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။     

      

ပထမအကြိမ် တိုင်းရင်းသားလူမျိုးများ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို ၂၀၁၈ခုနှစ်၊ ဇန်နဝါရီ (၁၈) ရက်မှ (၁၉) ရက်အထိကျင်းပခဲ့ပါကြောင်း၊ အဆိုပါဖိုရမ်ရလဒ်များအရ တိုင်းရင်းသားလုပ်ငန်းရှင်အသင်းများ ဖွဲ့စည်းလာနိုင်ခဲ့သည့်အတွက် ဆွေးနွေးပွဲရလဒ်များသည် အရေးကြီးသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း။

 

၂၀၂၀ ပြည့်နှစ်၊ မေလအတွင်းကျင်းပရန် လျာထားသည့် တိုင်းရင်းသားလူမျိုးများ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို တိုင်းရင်းသားလုပ်ငန်းရှင်များအချင်းချင်း ဆက်သွယ်ချိတ်ဆက်နိုင်မှု အားကောင်းလာစေရန်၊ စီးပွားရေးတိုးမြှင့်ဖော်ဆောင်ရာတွင် တိုင်းရင်းသားကဏ္ဍ ပိုမိုပါဝင်လာနိုင်စေရန်၊ ဒေသထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် နိုင်ငံတကာသို့ ထိုးဖောက်နိုင်စေရန်၊ စီးပွားရေးဈေးကွက် အခွင့်အလမ်းများ ပိုမို အားကောင်းလာစေရန်နှင့် နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်များကို ဖိတ်ခေါ်၍ တိုင်းရင်းသားဒေသများတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆောင်ရွက်နိုင်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်ကို သိရှိရပါကြောင်း။

 

တိုင်းရင်းသားလူမျိုးများ၏ လိုအပ်ချက်နှင့်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် စဉ်းစားရာတွင် ဒေသခံတိုင်းရင်းသားများ၏ အသံများသည် လွန်စွာအရေးကြီးပါကြောင်း၊ တိုင်းရင်းသားများ၏ လိုအပ်ချက်များကိုသိရှိမှသာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကို ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် စီးပွားရေးဖိုရမ်များကျင်းပရန် လိုအပ်ပါကြောင်း၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ရှိ တိုင်းရင်းသား လုပ်ငန်းရှင်များက ဦးဆောင်၍ စီးပွားရေးဖိုရမ်များကို ကျင်းပခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ(၁၅)ရက်မှ (၁၆)ရက်အထိ ကျင်းပခဲ့သည့် ကချင်ပြည်နယ်စီးပွားရေး ဖိုရမ်သို့ မိမိအနေဖြင့် တက်ရောက်အားပေးခဲ့ပါကြောင်း။

 

ထို့ကြောင့် အခြားသောတိုင်းဒေသကြီးနှင့် ပြည်နယ်များ၌လည်း တိုင်းရင်းသား လုပ်ငန်းရှင်များစုစည်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်စီးပွားရေးဖိုရမ်များကို ကျင်းပစေလိုပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

 

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တိုင်းရင်းသားလုပ်ငန်းရှင်များက ဆောင်ရွက်သည့် စီးပွားရေးဖိုရမ်များ၏ရလဒ်များကို စုစည်း၍ ပြည်ထောင်စုအဆင့် တိုင်းရင်းသားလူမျိုးများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို ကျင်းပမည်ဆိုပါက ပိုမိုထိရောက်မည် ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများ၏ လိုအပ်ချက်များကို အသေးစိတ်နားထောင်ပြီး ဖိုရမ်အတွက် အချက်အလက်များရရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

 

နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်နေသည့် အချိန်ကာလဖြစ်ပါကြောင်း၊ တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်မှသာ တိုင်းရင်းသားများ၏ လူမှုဘဝများ မြင့်မားတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ရုပ်ဝတ္ထုများ ဖွံ့ဖြိုးတိုးတက်သကဲ့သို့ လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ ပြည်ထောင်စုစိတ်ဓာတ်များ ပိုမိုခိုင်မာလာစေရန် မျက်ခြေမပြတ် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

 

``သွေးချင်းတို့ရဲ့ပွဲတော်ဆီ ၂၀၂၀´´ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် တိုင်းရင်းသားလူမျိုးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ကျင်းပနိုင်ရေးအတွက် အစည်းအဝေး တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း/ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌများ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများနှင့် တိုင်းရင်း သားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများအနေဖြင့် အပြုသဘောဆောင်၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုပါကြောင်း၊ နိုင်ငံတော်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက် နေသည့်ကာလတွင် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါက်တာအောင်ရဲဇော်က သွေးချင်းတို့ရဲ့ပွဲတော်ဆီ(၂၀၂၀)ပွဲတော်နှင့် တိုင်းရင်းသားလူမျိုးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်နှင့် စပ်လျဉ်း၍ အကျဉ်းချုပ် ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးတင်လတ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးများနှင့် တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက သွေးချင်း တို့ရဲ့ပွဲတော်ဆီ၂၀၂၀ပွဲတော်နှင့် တိုင်းရင်းသားလူမျိုးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေးဖိုရမ်တို့နှင့်စပ်လျဉ်းသည့် ဆောင်ရွက်ပြီးစီးမှုများနှင့် ဆောင်ရွက်သွားမည့်အစီအမံများ၊ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် လျက်ရှိသည့်အခြေအနေများ၊ နိုင်ငံပိုင်မီဒီယာနှင့် ပုဂ္ဂလိကမီဒီယာများ၏ အခန်းကဏ္ဍ၊ Digital Promotion ဆောင်ရွက်ထားရှိမှုများ၊ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာများ၊ ပွဲတော်ကျင်းပရေး ရန်ပုံငွေဆိုင်ရာကိစ္စရပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ရင်းနှီးမြှုပ်နှံနိုင်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

 

ထို့နောက် တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာ ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က ရှင်းလင်းဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

 

သတင်းစဉ်