ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး  စိုက်ပျိုးရေးသိပ္ပံကျောင်း၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တို့မှ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ

နေပြည်တော်   ဇန်နဝါရီ ၂၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ယနေ့ မွန်းလွဲပိုင်းတွင် ပျဉ်းမနားစိုက်ပျိုးရေးသိပ္ပံကျောင်း၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တို့ရှိ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ၍ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကျွမ်းကျင်တတ်မြောက်အောင် သင်ယူလေ့လာကြရန်၊ မိမိတို့သင်ယူတတ် မြောက်ခဲ့သည့်ပညာရပ်ဖြင့် မိမိဒေသ၊ မိမိနိုင်ငံအတွက် အကောင်းဆုံး အကျိုးပြုသူအဖြစ် ရပ်တည်နိုင်ရေးကြိုးပမ်းကြရန်နှင့် ကိုယ်ပိုင်ယဉ်ကျေးမှုဓလေ့စရိုက်များကို ထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားသည်။

ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်း၌ ကျောင်းသား ကျောင်းသူ (၅၉)ဦး၊ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်၌ (၂၁၃)ဦးနှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၌ (၄၉)ဦး တက်ရောက် ပညာသင်ယူလျက်ရှိကြကြောင်း သိရသည်။

(သတင်းစဉ်)