ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်များအား ကြည့်ရှုစစ်ဆေး

နေပြည်တော် ၂၂  နိုဝင်ဘာ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိကစက်သုံးဆီအရောင်း ဆိုင်များတွင်ရောင်းချလျက်ရှိသော စက်သုံးဆီများ၏ အရည်အသွေးနှင့်အခြင်အတွယ် ကိုက်ညီ မှန်ကန်မှု ရှိ၊ မရှိ Mobile Fuel Lab မော်တော်ယာဉ်များဖြင့် ရှောင်တခင်စစ်ဆေးနေမှုကို ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လှိုင်မြို့နယ်၊ ဘုရင်နောင်လမ်းမကြီးပေါ်ရှိ     360. PETRO စက်သုံးဆီအရောင်းဆိုင်၊ MAX စက်သုံးဆီအရောင်းဆိုင်နှင့် မြတ်မေတ္တာမွန် စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်၍ Mobile Fuel Lab မော်တော်ယာဉ်ဖြင့် စက်သုံးဆီ ရှောင်တခင်စစ်ဆေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။

mdn

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ယနေ့အထိနိုင်ငံတစ်ဝန်းတွင် ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင် ၂,၆၄၃ ဆိုင်အား စက်သုံးဆီ ဖြန့်ဖြူးရောင်းချခွင့်လိုင်စင်များကို စိစစ်ခွင့် ပြုထုတ်ပေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၁၈၆ ဆိုင်အား စိစစ်ခွင့်ပြုထုတ်ပေးထားပြီး၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး တို့တွင် Mobile Fuel Lab မော်တော်ယာဉ် ၆ စီးကို အသုံးပြု၍ ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိသည့်အပြင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင်ဖွဲ့စည်းထားသည့် ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီများက Mobile Fuel Lab မော်တော်ယာဉ်မပါဘဲ ရှောင်တခင်ဝင်ရောက်စစ်ဆေး၍ စက်သုံးဆီ နမူနာများကို ရယူကာ သက်ဆိုင်ရာဓာတ်ခွဲခန်းသို့ ပေးပို့စမ်းသပ် စစ်ဆေးမှုများပြုလုပ်ပြီး ကိုက်ညီမှန်ကန်မှုမရှိသော အရောင်းဆိုင်များအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

၂၀၁၈−၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံအဝှမ်း စက်သုံးဆီအရည်အသွေးနှင့် အခြင်အတွယ် ကိုက်ညီမှန်ကန်မှု ရှိ−မရှိ စစ်ဆေးဆောင်ရွက်ခဲ့သည့် အရောင်းဆိုင်ပေါင်း ၅၄၅ ဆိုင်ရှိပြီး အရည်အသွေးနှင့် အခြင်အတွယ် ကိုက်ညီမှန်ကန်မှု မရှိကြောင်း စစ်ဆေးတွေ့ရှိရသည့် စက်သုံးဆီအရောင်းဆိုင် ၆၇ ဆိုင်အား ရေနံနှင့်ရေနံထွက်ပစ္စည်း ဆိုင်ရာဥပဒေနှင့် အညီ အရေးယူဆောင်ရွက်ခဲ့သည်။

မွန်းလွှဲပိုင်းတွင် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာမြင့်ဆန်း၊ အတွင်းရေးမှူး ဒေါက်တာတင်ထူးနိုင်၊ ကော်မတီဝင်များ၊ ရုံးအဖွဲ့ဝင်များနှင့် မြေယာကိစ္စနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီရုံး၌ ကျင်းပသည်။

အစည်းအဝေးတွင် ဥက္ကဋ္ဌက ထားဝယ်အထူးစီးပွားရေးဇုန် ကနဉီး စီမံကိန်းအတွက် မြေငှားစာချုပ်အခြေအနေ၊ ပင်မစီမံကိန်းတွင် လာရောက်ရင်းနှီး မြှုပ်နှံရန်အတွက် စိတ်ဝင်စားသည့် ကုမ္ပဏီများမှ လာရောက်တွေ့ဆုံမှုများနှင့် မြေယာကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)