ဒုတိယဝန်ကြီး ဉီးမောင်မောင်ဝင်း  Virtual အစီအစဉ်ဖြင့်ကျင်းပသည့်  Sixth Tokyo Fiscal Forum သို့ တက်ရောက်

နေပြည်တော်၊ ၄ ဒီဇင်ဘာ 

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဉီးမောင်မောင်ဝင်းသည် ယနေ့ နံနက် ၉ နာရီခွဲတွင် Virtual အစီစဉ်ဖြင့် ကျင်းပသည့် Sixth Tokyo Fiscal Forum သို့ နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ပါဝင်တက်ရောက်သည်။ 

ဖိုရမ်တွင် ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး  Mr. Kenji Okamura နှင့် အာရှဖွံ့ဖြိုးရေးဘဏ်သိပ္ပံ၏ Dean ဖြစ်သူ Mr. Tetsushi Sonobe တို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ကြသည်။

ဖိုရမ်တွင် IMF အပါအဝင် နိုင်ငံတကာမှ အဆင့်မြင့် အရာရှိကြီးများနှင့် ပညာရှင်များက ဆွေးနွေးကြရာ၌ ကိုဗစ်-၁၉ သည် အိမ်ထောင်စုများနှင့် စီးပွားရေးလုပ်ငန်းများသို့ များစွာထိခိုက်နေဆဲဖြစ်၍ လတ်တလောတွင် အရေးပေါ်ကျန်းမာရေး အသုံးစရိတ်များကို တိုးမြှင့်သုံးစွဲနိုင်ရေးသာမက ကိုဗစ်အလွန်ကာလတွင် စီးပွားရေး ပြန်လည်နာလန်ထူလာစေရေးအတွက် ဆောင်ရွက်မည့် ဘဏ္ဍာရေးမူဝါဒနှင့် နည်းလမ်းများ၊ ကြွေးမြီခံနိုင်ရည်ရှိမှုဆိုင်ရာ နည်းလမ်းများနှင့် အစီအစဉ်များ၊  ကိုဗစ်-၁၉ ထိခိုက်မှုအများ ဆုံးခံရသည့် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့မှ အတိုးနှုန်း သက်သာသောချေးငွေနှင့် ထောက်ပံ့ငွေများ ပံ့ပိုးပေးနေသည့် အခြေအနေများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကျန်းမာရေးဆိုင်ရာ အသုံးစရိတ်များ တိုးမြှင့်သုံးစွဲနေရမှုကို ပံ့ပိုးကူညီပေးနိုင်ရေးအတွက် G20 နိုင်ငံများက ၎င်းတို့၏ကြွေးမြီများ ပြန်လည်ပေးဆပ်မှုကာလကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လကုန်အထိ နောက်ထပ် (၆) လ တိုးမြှင့်ပေးခဲ့မှု အခြေအနေများ၊ ကိုဗစ်-၁၉ ဖြစ်ပွားစဉ်ကာလအတွင်း အသုံးစရိတ်များ တိုးမြှင့်သုံးစွဲရသဖြင့် ကြုံတွေ့ရသည့် ဘဏ္ဍာရေးဆိုင်ရာ ဆုံးရှုံးနိုင်ခြေရှိမှုများနှင့် ယင်းအပေါ် ကုစားနိုင်မည့် နည်းလမ်းများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ 

ဖိုရမ်၏ အဓိကအနှစ်သာရမှာ ကိုဗစ်-၁၉ ကို တုံ့ပြန်ဆောင်ရွက်ရမှုကြောင့် အစိုးရ၏ ရငွေများ ကျဆင်းခြင်းနှင့် အသုံးစရိတ်များ တိုးမြင့်လာခြင်း၊ လိုငွေပြမှု ပိုမိုလာခြင်း၊ GDP တိုးနှုန်းကျဆင်းခြင်း၊ ကြွေးမြီပိုမိုတိုးတက်မြင့်မားလာခြင်း fiscal risk များကို မည်သို့စီမံ ခန့်ခွဲသင့်သည်များကို ဆွေးနွေးနိုင်ခြင်းဖြစ်သည်။

ဖိုရမ်သို့ IMF ၊ ဂျပန်နိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဖိတ်ကြားထားသောနိုင်ငံများမှ ဘဏ္ဍာရေး ဝန်ကြီးဌာန၊ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်