ဧရာဝတီစင်တာ၏ ICU/HDU ခုတင်(၅၀) တိုးချဲ့ဆောင်သစ်သို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် လာရောက်ကြည့်ရှုအားပေး

mdn

ရန်ကုန် ၂၀ အောက်တိုဘာ

 

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ကိုဗစ်-၁၉ ရောဂါကုသရေးဌာန၊ ဧရာဝတီစင်တာ (ခုတင် ၁၀၀၀) တွင် အသစ်ဆောက်လုပ်ပြီးစီးသော ခုတင်(၅၀)ဆံ့ ICU/HDU တိုးချဲ့ဆောင်သို့ ယနေ့နံနက်ပိုင်းက လာရောက်ကြည့်ရှုအားပေးသည်။

 

ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် တိုးချဲ့ဆောင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ ဧရာဝတီဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများက တိုးချဲ့ဆောင်အတွင်း ပြင်ဆင်ဆောင်ရွက်ထားမှုများအား ရှင်းလင်းပြသသည်။ ယင်းနောက် ဧရာဝတီဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဇော်ဇော်က ရန်ကုန်တိုင်းဒေသကြီး၏ လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန်အတွက် ဧရာဝတီဖောင်ဒေးရှင်းက ထုတ်လုပ်သော Surgical Mask များကို ပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လက်ခံရယူသည်။

 

ဧရာဝတီစင်တာအနေဖြင့် (၇၅)ခုတင်ဆံ့ ICU/HDU စင်တာကို အောက်တိုဘာ ရက်မှစတင်၍ အရေးပေါ်ကုသမှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ ICU/HDU လူနာ (၁၂၅)ဦးအထိ တိုးမြှင့်လက်ခံ ကုသပေးနိုင်မည်ဖြစ်သည်။ ICU/HDU စင်တာတွင် ပါမောက္ခဒေါက်တာမြစိုး ဦးဆောင်သော ဆရာဝန်၊ သူနာပြု၊ စေတနာ့ဝန်ထမ်း (၂၅၀)ကျော်က လူနာများကို အနီးကပ်ကြပ်မတ် ကုသပေးလျက်ရှိကြောင်း သိရသည်။

 

သတင်း-ရဲရင့်ရှိုင်း

ဓာတ်ပုံ-ကိုမိုး