ဧရာဝတီမြစ်ရေတက်၍ မြို့နယ်(၇) မြို့နယ်၌ လူဦးရေ ၅၀၀၀ ကျော် ရေဘေးကြုံနေ

မကွေး  ၅  ဩဂုတ်

မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်(၇)ခု၌ ဧရာဝတီမြစ်ရေတက်၍ ဇူလိုင် ၂၀ ရက်မှ ဩဂုတ် ၄ ရက် အထိ လူဦးရေ ၅၀၀၀ ကျော် ရေဘေးကြုံကာ ယာယီရွှေ့ပြောင်းနေထိုင်မှုများရှိနေပြီး ကူညီထောက်ပံ့မှုများ လုပ်ဆောင်ထားကြောင်း တိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။

“တိုင်းဒေသကြီးထဲက မြို့နယ်(၇)ခုမှာ လူဦးရေ ၅၀၀၀ ကျော် မြစ်ရေကြီးမှုကြုံရလို့ ထောက်ပံ့မှုတွေ လုပ်ဆောင် ပေးနေပါတယ်။ မိုးရွာပြီး ချောင်းရေတက်လို့ အိမ်တွေမျောပါ ပျက်စီးတာတွေလည်း ရှိနေပါတယ်။ လူ ၅ ယောက် ရေနဲ့ ပါသွားပေမယ့် အသက်ရှင်လျက် ပြန်တွေ့ထားပါတယ် ” ဟု မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန  ဦးစီးမှူး ဦးမြင့်စိုးက ပြောသည်။

ချောက်မြို့နယ်တွင် ရပ်ကွက်(၆)ခုမှ အိမ်ထောင်စုပေါင်း(၂၃၃)စု ၊ လူဦးရေ (၈၄၄)ဦး ၊ ရေနံချောင်းမြို့နယ်တွင် မိန်းမလှ ၊ ဝက်လွတ် ၊ ရွာသစ် ၊ ထနောင်းကုန်း စသည့်ကျေးရွာများမှ အိမ်ထောင်စု(၁၂၁)စု၊ လူဦးရေ(၅၃၃)ဦး ၊ မကွေးမြို့နယ်တွင် မြေနုကျေးရွာ နှင့် သဖန်းဆိပ်ကျေးရွာတို့မှ အိမ်ထောင်စု (၇၅)စု ၊ လူဦးရေ(၂၉၂) တို့ မြစ်ရေကြီးမှု ကြုံခဲ့ရသည်။

အလားတူ ကံမမြို့နယ်တွင် ရပ်ကွက်(၄)ခု၊ ရွာ(၁)ရွာတို့မှ အိမ်ထောင်စု(၁၇၄)၊ လူဦးရေ(၆၅၁)ဦး ၊ ပခုက္ကူမြို့နယ်တွင် အမှတ်(၁)ရပ်ကွက်နှင့် ကျေးရွာ(၅)ရွာတို့မှ အိမ်ထောင်စု (၅၁၀)၊ လူဦးရေ(၁၈၆၂) ဦး ၊ ရေစကြိုမြို့နယ်တွင် ကျေးရွာ (၃)ရွာမှ အိမ်ထောင်စု(၁၂၁)၊ လူဦးရေ(၃၃၈) ဦး၊ မင်းဘူး (စကု)မြို့နယ်တွင် ရပ်ကွက်(၃)ခုနှင့် ကျေးရွာ(၅)ရွာမှ အိမ်ထောင်စု (၂၄၀)၊ လူဦးရေ(၆၅၁)ဦး မြစ်ရေကြီးမှု ကြုံခဲ့ရသည်။

ဩဂုတ်  ၃ ရက်က မိုးသည်းထန်းစွာရွာသွန်းခဲ့ခြင်းကြောင့် အောင်လံမြို့နယ်၊ လက်ပံခုန် ကျေးရွာ၌ ရေဘေးဒုက္ခ ရောက်ခဲ့ရပြီး ရေမျောနှင့် ပျက်စီးအိမ်ခြေ(၅၂)လုံးအတွက် ငွေကျပ်သိန်း(၃၀)ကျော် ၊ ဧရာဝတီမြစ်ရေကြီးမှုကြောင့် ဘေးကြုံခဲ့ရသည့် အိမ်ထောင်စု (၁၄၇၄)စုမှ လူဦးရေ ၅၀၀၀ ကျော် (၅၁၇၁)ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၂၁၀ဝ နှုန်းဖြင့် (၇)ရက်စာ ဆန်ရိက္ခာဖိုး (၁၀၈)သိန်းကျော် ထောက်ပံ့ထားပြီးဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန  ဦးစီးမှူး ဦးမြင့်စိုးထံမှ သိရသည်။

ဇေယျတု(မကွေး)