ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မတ်ပဲစံပြကွက် စိုက်ပျိူးထားမှုအား ကြည့်ရှုစစ်ဆေးပြီး အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

လေးမျက်နှာ ဒီဇင်ဘာ ၆

 

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် ဒီဇင်ဘာ ၅ ရက် မွန်းလွဲ ၂ နာရီခွဲက လေးမျက်နှာမြို့နယ် စာရေးကွင်းကျေးရွာအုပ်စု စာရေးကွင်းကျေးရွာရှိ တောင်သူ ဦးဌေးအောင်ပိုင်ဆိုင်သည့် ဆောင်းသီးနှံမတ်ပဲစံပြကွက် စိုက်ပျိူးထားရှိမှုနှင့် ပိုက်ဆံလျှော် စိုက်ပျိူးထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးကာ မတ်ပဲနှင့် ပိုက်ဆံလျှော် ထွက်ရှိမှုပမာဏ၊ တင်ပို့ရောင်ချမှု အခြေအနေများ၊ မြေသြဇာသုံးစွဲမှုအစား ပိုက်ဆံလျှော်သုံးစွဲရာတွင် အဆင်ပြေမှုရှိ/မရှိ မေးမြန်ရာ တောင်သူဦးဌေးအောင်မှ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တောင်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ရန် မှာကြားခဲ့သည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်သည် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသော ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

 

အခမ်းအနားတွင် ဝန်ကြီးချုပ်က လေးမျက်နှာမြို့နယ်၊ လ.ဝ.က ဦးစီးမှူးရုံးအနေဖြင့် ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်/ကျေးရွာများတွင်   ရာခိုင်နှုန်းတော်တော်များများ အောင်မြင်အောင် ဆောင်ရွက်နိုင်မှုတွေ့ရကြောင်း၊ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဧရာဝတီတိုင်းတစ်တိုင်းလုံး၏ အချုပ်အားဖြင့် ၅၂ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးလျက်ရှိကြောင်း၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများကလည်း ပန်းခင်းစီမံချက် အောင်မြင်စွာဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းကာ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းပြီး ကြိုးစားပမ်းစား ဆောင်ရွက်ပေးနေသည့် လ.ဝ.က ရုံး ဝန်ထမ်းများကိုလည်း ဂုဏ်ယူပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကိုလည်း ထိထိရောက်ရောက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်း၏ အသက် (၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ဒီဇင်ဘာလကုန်တွင် ၅၀ ရာခိုင်းနှုန်းပြီးစီးအောင် ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ လေးမျက်နှာမြို့နယ်အတွင်းရှိ  ရပ်ကွက်/ကျေးရွာအုပ်စု (၄၇)အုပ်စုမှ ပြည်သူများအား ဒီဇင်ဘာ ၃ ရက်အထိ နိုင်ငံသားစိစစ်ရေးကတ် (၂၀၉၃)နှင့် အိမ်ထောင်စုလူဦးရေစာရင်း (၁၀၆၃)စုအား ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက် ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားပြီး ဝန်ကြီးချုပ်က ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၀၀)နှင့် အိမ်ထောင်စုလူဦးရေစာရင်း(၁၅၂)စုအား ပြည်သူများ လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။

 

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ် ပြည်သူ့ဆေးရုံသို့သွားရောက်၍ ဆေးကုသမှုခံယူနေသူများ၏ အခြေအနေများအား မေးမြန်းကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့သည်။

 

ကျော်ဟိန်(ပြန်/ဆက်)