ဧဝရိတ်တောင်က အမှိုက်တွေကို ရွှေအဖြစ် ပြောင်းလဲ

၂၆ အောက်တိုဘာ 

 

နီပေါနိုင်ငံ ခတ္တမန်ဒူမြို့တော်ရှိ ကြယ်ငါးပွင့် ဟိုတယ်မှာနေကြတဲ့ ကမ္ဘာလှည့် ခရီးသည်တွေ ရေသောက်နေတဲ့ အစိမ်းရောင် ရေခွက်တွေဟာ ဧဝရတ်တောင်က စွန့်ပစ်ခဲ့တဲ့ အမှိုက်တွေကို အသုံးပြုပြီး ပြုလုပ်ထားတာ ဖြစ်ပါတယ်။ 

 

မြို့တော် ခတ္တမန်ဒူရှိ နေအိမ်တွေမှာလည်း ရီဆိုက်ကယ် ပစ္စည်းတွေဖြစ်တဲ့ အိုးခွက်တွေကအစ  မီးအိမ်တွေအဆုံး ဧဝရတ်တောင်က စွန့်ပစ်ပစ္စည်းတွေကို အသုံးပြုပြီး ထုတ်လုပ်ထားတာကို တွေ့ရပါတယ်။ 

 

ဒေသတွင်း ရီဆိုက်ကယ် အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Blue Waste to Value (BW2V) အဖွဲ့က နာဘင် ဘီကတ်ရှ် မဟာဂျန် က စွန့်ပစ်ပစ္စည်းတိုင်းက စွန့်ပစ်စရာ မလိုပါဘူး။ ဧဝရတ်တောင်ရဲ့ စွန့်ပစ်အမှိုက်တွေထဲမှာ အလူမီနီယမ်၊ ဖန်၊ ပလပ်စတစ်နဲ့ သံတွေ ပါဝင်ပါတယ်။ အဲဒီပစ္စည်း အများစုက ရီဆိုက်ကယ် လုပ်လို့ရတယ်။ တန်ဖိုးမြင့်ပစ္စည်းအဖြစ် အသုံးပြုလို့ရတယ်လို့ ပြောပါတယ်။ 

 

နီပေါအစိုးရနဲ့ တောင်တက်အဖွဲ့တွေကို ဧဝရတ်တောင်က အမှိုက်ကိစ္စနဲ့ ပတ်သတ်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ လုပ်ခဲ့တဲ့အတွက် သီတင်းခြောက်ပတ်ကြာ တောင်ပတ်ဝန်းကျင် သန့်ရှင်းရေး လုပ်ဆောင်ခဲ့ ပါတယ်။ အမြင့်ပေ ၂၆,၃၀၀ ရှိ ဧဝရတ်တောင်ထိပ်နဲ့ အနီးဆုံး ရပ်နားစခန်းမှာ အဖွဲ့ ၁၄ ဖွဲ့က သန့်ရှင်းရေး လုပ်ဆောင်ရာ အမှိုက် ၁၀ တန် ရရှိခဲ့ပါတယ်။ 

 

အဲဒီအမှိုက်တွေကို မြို့တော် ခတ္တမန်ဒူရှိ ရီဆိုက်ကယ်စင်တာကို သယ်ယူလာပြီး အလုပ်သမားတွေက အမှိုက်တွေကို လက်နဲ့ ရွေးချယ်ပြီး အမျိုးအစားခွဲခြားခဲ့ပါတယ်။ သံတွေကို သံချောင်းထုတ်လုပ်တဲ့ ကုမ္ပဏီများဆီကို ပို့ဆောင်ခြင်း၊ အလူမီနီယံကို ကိရိယာပစ္စည်း ထုတ်လုပ်သူများဆီ ပို့ဆောင်ခြင်းနဲ့ ပုလင်းတွေကိုတော့ အိမ်သုံးပစ္စည်း ထုတ်လုပ်သူတွေဆီကို ပို့ဆောင်ပေးခဲ့ကြပါတယ်။ 

 

၂၀၂၀ ခုနှစ် အစောပိုင်းကနေစပြီး တစ်ခါသုံး ပလပ်စတစ်နဲ့ တစ်ခါသုံး ပုလင်းတွေကို ဧဝရတ်တောင်မှာ အသုံးပြုခွင့် တားမြစ်သွားမယ်လို့ ဧဝရတ်တောင် စည်ပင်သာရေးကော်မတီက ပြီးခဲ့တဲ့ သြဂုတ်လက ပြောကြားပါတယ်။ 

 

လွန်ခဲ့တဲ့ ခြောက်နှစ်က တောင်တက်အသင်း တစ်သင်းကို အမှိုက်အတွက် အမေရိကန်ဒေါ်လာ ၄,၀၀၀ စပေါ်ငွေ ကောက်ခံပါတယ်။ တကယ်လို့ တောင်တက်သမား တစ်ဦးကို အမှိုက် ၁၈ ပေါင် (၈ ကီလိုဂရမ်) အနည်းဆုံး တောင်ပေါ်ကနေ တောင်အောက်ကို ပြန်သယ်ခဲ့ရင် စပေါ်ငွေ ပြန်အပ်ပေးပါတယ်။ ဒါပေမယ့် တောင်တက်သမား တစ်ဝက်လောက်သာ အမှိုက်တွေ ပြန်သယ်လာကြောင်း သိရပါတယ်။ 

 

MDN

ကိုးကား - AFP