Fever Clinic Monywa ကိုစက်တင်ဘာလ(၂၁)ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ်မုံရွာမြို့ လူငယ်စင်တာ တွင် ဖွင့်လှစ်မည်

မုံရွာ ၁၉ စက်တင်ဘာ

 

Fever Clinic Monywa ကိုစက်တင်ဘာလ(၂၁)ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ်မုံရွာမြို့ လူငယ်စင်တာတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆရာဝန်အသင်း(မုံရွာ) နာယက ဒေါက်တာဝင်းမော် (စိုပြေဆေးရုံ)ထံမှ သိရသည်။

 

"Fever Clinic ကို ပြန်ဖွင့်ရင် အရင်ဖွင့်တုန်းကလို မြန်မာနိုင်ငံဆရာဝန်အသင်း(မုံရွာ) နဲ့အတူ စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ (Save Monywa -Monywa Rescue )နဲ့စေတနာ့ဝန်ထမ်းလူငယ်တွေ ပူးပေါင်းဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။ မုံရွာမှာပုဂ္ဂလိကဆေးရုံ ၁၀ ရုံရှိတယ်။ ဆေးရုံတစ်ရုံက တစ်လကို ဆရာဝန် ၁ဦးက တစ်ရက်တာဝန်ယူပေးကြမှာ ဖြစ်ပါတယ်။ ဒါကအခု ဒုတိယအကြိမ်ပြန်ဖွင့်ရာမှာ မဖြစ်မနေတာဝန်ယူဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ ကျန်တာက အရင်လို ပြင်ပဆရာဝန်တွေက စေတနာနဲ့လာထိုင် ကုသပေးကြမှာဖြစ်ပါ တယ်" ဟု ဒေါက်တာဝင်းမော်က ပြောသည်။

 

Fever Clinic Monywa ကို ကိုဗစ်ကာလ ၂၀၂၀ ပြည့်နှစ် မေလ၁ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး ဖျားနာသူများကို အဓိကထား ကုသလာရာ ဇွန်လကုန်တွင် ရပ်နားခဲ့ပြီး ယခု ဒုတိယအကြိမ် ပြန်ဖွင့်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။

 

Fever Clinic Monywa ကိုတစ်ပတ်လျှင် ဗုဒ္ဓဟူးနှင့်တနင်္ဂနွေနေ့ ၂ရက်ပိတ်မည်ဖြစ်ပြီး ဖွင့်ရက် ၅ ရက်တွင် နံနက် ၉ နာရီမှ ၁၁ နာရီအထိ ဖွင့်လှစ်ကုသပေးမည်ဖြစ်သည်။ ဆေးခန်းပြသလိုသည့် လူနာများအနေဖြင့် ဆေးခန်း၏Hot Line ဖုန်းနံပါတ် ဝ၉၆၆၀ဝ၁၀ဝ၀ဝ သို့ဖုန်းဆက်၍ကြိုတင် စာရင်းပေးသွင်းရန် လိုအပ်မည်ဖြစ်သည်။

 

မျိုးဝင်းထွန်း (မုံရွာ)