ဂွါဒီယိုလာရဲ့ ပစ်မှတ် လူကာကူ  ပေါင်သန်း ၂၀၀နဲ့  မန်စီးတီးရောက်လာနိုင်

၁၇  ဇန်နဝါရီ

 

မန်ယူကနေ အင်တာမီလန်ကို ပြောင်းသွားခဲ့တဲ့  တိုက်စစ်မှူး လူကာကူကို  နည်းပြ ဂွါဒီယိုလာက  မန်စီးတီးဆီကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့  တယ်လီဂရပ်ဖ်သတင်းဌာနက ဖော်ပြပါတယ်။

 

မန်စီးတီးအသင်းမှာ ဝါရင့်တိုက်စစ်မှူး အဂွဲရိုးနေရာမှာ  အစားထိုးဖို့  ဗဟိုတိုက်စစ်မှူးနေရာမှာကစားနိုင်မယ့်  အင်တာတိုက်စစ်မှူး လူကာကူ၊ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းနဲ့  ဘင်ဖီကာတိုက်စစ်မှူး ဒါဝင်နူးနက်စ်တို့ သုံးဦးကို ချိတ်ဆက်နေတာပါ။ ဂွါဒီယိုလာကတော့  ပရီမီယာလိဂ်အတွေ့အကြုံရှိပြီးသား  လူကာကူအတွက် ပေါင်သန်း ၂၀၀ အထိ သုံးစွဲဖို့ အစီအစဉ်တွေ ချထားတယ်လို့ ဆိုပါတယ်။ 

 

 မန်စီးတီး တိုက်စစ်မှူး အဂွဲရိုးဟာ ကစားသမျှ ပွဲတိုင်းမှာ  ခြေစွမ်းပြကစားနိုင်ပေမယ့်   ဒီနှစ်ဘောလုံးရာသီမှာ ဒဏ်ရာပြဿနာတွေကြောင့်   ကလပ်အသင်းအတွက် ကစားပေးနိုင်ခြင်း မရှိတာကြောင့် နည်းပြဂွါဒီယိုလာက လောလောဆယ်    ဒီဘရိုင်းနားကို False Nine အဖြစ် အသုံးပြုနေရပါတယ်။

 

လူကာကူဟာ ၂၀၁၇ခုနှစ်နွေဈေးကွက်မှာ အဲဗာတန်အသင်းကနေ မန်ယူအသင်းကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၉၀နဲ့ ရောက်ရှိလာပြီး နည်းပြ မော်ရင်ညိုနဲ့  ဆိုးလ်ရှားတို့လက်အောက်မှာ  ၉၆ပွဲဝင်ရောက်ကစားခွင့်ရခဲ့ကာ  ၄၂ ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ အဲဒီနောက်   မန်ယူကနေ အင်တာမီလန်ဆီကို အငှားစာချုပ်နဲ့ လာရောက်ကစားခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တဲ့အတွက် အင်တာက သူ့ကို ပေါင် ၇၂သန်းနဲ့ အပြီးသတ်ဝယ်ယူခဲ့ပါတယ်။ အင်တာအတွက်  ၇၃ပွဲမှာ  ၅၁ဂိုးသွင်းယူပြီး စီးရီးအေမှာ သူဟာ ထိပ်တန်းတိုက်စစ်မှူးတစ်ဦးဆိုတာကို သက်သေပြနေပါတယ်။

 

 ဒီတော့ လူကာကူအနေနဲ့ ခြေစွမ်းပြနေတဲ့  အင်တာမီလန်မှာပဲ ဆက်နေမလား၊  အသင်းဟောင်း မန်ယူကို လက်စားချေဖို့ ပြိုင်ဘက်မန်စီးတီးဆီ ပြောင်းဖို့  ဆုံးဖြတ်မလားဆိုတာ  စောင့်ကြည့်ရပါမယ်။

 

မေလဲ့သင်း