ဂျော်ဒန်ဆိပ်ကမ်း၌ အဆိပ်ဖြစ်စေသော ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွား၊ ၁၂ ဦးသေဆုံးပြီး ၂၅၁ ဦး ဒဏ်ရာရရှိ

အမ်မန် ဇွန် ၂၈

 

ဂျော်ဒန်နိုင်ငံ အကာဘာဆိပ်ကမ်းမြို့တွင် ဇွန် ၂၇ ရက်က ကုန်သေတ္တာတစ်ခုမှ ဓာတုဓာတ်ငွေ့ ယိုစိမ့်မှုဖြစ်ပွားခဲ့ပြီးနောက် လူ ၁၂ ဦး သေဆုံးပြီး ၂၅၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဂျော်ဒန်နိုင်ငံပိုင် ရုပ်သံလွှင့်ဌာနက ဖော်ပြထားသည်။

 

ဂျော်ဒန်အစိုးရသည် ပင်လယ်နီဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သည့် အကာဘာဆိပ်ကမ်းမြို့ရှိ ဆေးရုံများအနေဖြင့်  စွမ်းဆောင်ရည်ပြည့်မီသည့်အတွက်  အဆိပ်ဖြစ်စေသော ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများအား ကုသပေးရန် အကာဘာမြို့တွင် ကွင်းပြင်ဆေးရုံကြီးကို ဖွင့်လှစ်ထားကာ ဒဏ်ရာရရှိသူများကို ယင်းဆေးရုံများတွင် ဆေးဝါးကုသပေးလျက်ရှိကြောင်း နိုင်ငံပိုင်အယ်လ်မမ်လာကာရုပ်သံလွှင့်ဌာန၏ ဖော်ပြချက်အရ သိရသည်။ 

 

ဒဏ်ရာရရှိသူများသည် ဒဏ်ရာအသင့်အသင့်မှ ပြင်းထန်သောဒဏ်ရာအခြေအနေများ ဖြစ်ကြကြောင်းကြောင်း သိရသည်။ မြို့ထဲတွင် ဓာတ်ငွေ့ယိုစိမ့်မှု အန္တရာယ်ရှိနေသေးသည့်အတွက်  ဒေသခံပြည်သူများအနေဖြင့် နေအိမ်များထဲတွင် နေထိုင်ကြရန် ဒေသဆိုင်ရာကျန်းမာရေးဌာန ဒါရိုက်တာဂျာမာလ်အိုဘီဒတ်က သတိပေး ထားသည်။

 

ဂျော်ဒန်ဝန်ကြီးချုပ် ဘီရှာခါဆော်နက်သည် ဓာတ်ငွေ့တိုင်ကီပေါက်ကွဲမှု၏ ဂယက်ရိုက်ခတ်မှုအား ကိုင်တွယ်ဖြေရှင်းရန် ဇွန် ၂၇ ရက် ညနေပိုင်းက အကာဘာမြို့သို့ ရောက်ရှိလာကြောင်း သိရသည်။

 

ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် သေဆုံးသူများ၏ မိသားစုများနှင့်  ထပ်တူဝမ်းနည်းကြေကွဲမိပါကြောင်းနှင့် ဒဏ်ရာရရှိသူများ၏ ဒဏ်ရာ အမြန်သက်သာပါစေဟု ဆုမွန်ကောင်းတောင်းပေးပါကြောင်း ဝန်ကြီးချုပ်က ထုတ်ဖော် ပြောကြားသည်။

 

ထို့အပြင် ဝန်ကြီးချုပ်ခါဆော်နက်က ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ပြည်ထဲရေးဝန်ကြီး မာဇင်ဖါရာယအား ညွှန်ကြားလိုက်ကြောင်း ဝန်ကြီးဋ္ဌာနက ထုတ်ပြန်သည့်ကြေညာချက်အရ သိရသည်။ 

 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ