ဂျိုင်းကျေးရွာ လျှပ်စစ်မြစ်ရေတင်အပါအဝင် မြစ်ရေတင်(၆)ခုမှ ရေကျနောက် စိုက်စပါးများအတွက် အောင်ရေအခက်အခက်အခဲနှင့် နွေးစပါးအတွက် ရေလုံလောက်စွာပေးဝေနိုင်

mdn

ဘားအံ   ၂  ဇန်နဝါရီ

 

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ယခုနှစ် ဇူလိုင်လမှစတင်ကာ မိုးရွာသွန်းမှုများပြီး ရေကြီးရေလျှံမှုကြောင့် မိုးစပါးများ ထိခိုက်ပျက်စီးသွားသော လယ်မြေများအား  ပြန်လည်စိ်ုက်ပျိုးလယ်မြေများ၊ ရေနက်ကွင်းများတွင် ရေကျနောက် စိုက်လယ်မြေများ အောင်ရေအခက်အခဲရှိခဲ့ရာ ဂျိုင်းကျေးရွာ လျှပ်စစ်မြစ်ရေတင်အပါအဝင် မြစ်ရေတင်(၆)ခုမှ လယ်ယာစိုက်ပျိုးသူ တောင်သူများအနေဖြင့် အခက်အခဲမရှိရေးအတွက် ရေလုံလောက်စွာ ပေးဝေနိုင်ခဲ့ပြီး နွေးစပါးအတွက် အဆင်သင့်ပေးဝေနိုင်ရေး တောင်သူများနှင့် ညှိနှိုင်းပြီး ကွင်းဆင်းဆောင်ရွက်ထားကြောင်း သိရသည်။

 

ကရင်ပြည်နယ်အတွင်း မိုးစပါးစိုက်ဧက (၃၄၀၄၂၁)ဧကတွင် ရေကြီးနစ်မြုပ်ခဲ့မှု (၅၄၅၁၉)ဧကရှိပြီး ထိခိုက်မှု (၄၂၇၂၉)ဧက၊ ပျက်စီးမှု (၃၀၄၉၈)ဧကရှိခဲ့ရာ ပြန်စိ်ုက်ဧက (၁၉၈၅၆)ရှိကြောင်း၊ ဘားအံမြို့နယ်တွင် မိုးစပါးစိ်ုက်ဧက (၁၁၂၀၆၅)ဧကတွင် ရေကြီးနစ်မြုပ်ခဲ့မှု (၄၂၄၈၀)ဧကရှိပြီး ထိခိုက်မှု (၃၃၃၇၃)ဧက၊ ပျက်စီးမှု (၂၅၁၃၃)ဧကရှိခဲ့ရာ ပြန်စိ်ုက်ဧက (၁၄၇၅၅)ရှိကြောင်း၊ ရေကြီးနစ်မြုပ်မှု ရက်ရှည်သောကြောင့် မိုးစပါးစိုက်ပျိုးလယ်မြေများ  ပြန်လည်ထူထောင်နိုင်ရေးအတွက် တစ်ပြည်နယ်လုံး အတိုင်းအတာအရ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် မျိုးစပါးများနှင့် ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနတို့ ပူးပေါင်းကာ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ မိုးစပါးများ ထိခိုက်ပျက်စီးသွားသော လယ်မြေများအား  ပြန်လည်စိ်ုက်ပျိုးလယ်မြေများ၊ ရေနက်ကွင်းများတွင် ရေကျနောက်စိုက်လယ်များ အောင်ရေနှင့် နွေစပါးထွန်ယက်ရေ၊ ပျိုးထောင်ရေတို့အတွက် ရေဘုတ် ရေလှောင်ကန်၏ ဆည်ရေသောက်ဧရိယာနှင့် အလှမ်းဝေးသော လယ်မြေများအတွက် ဘားအံမြို့နယ်အတွင်းရှိ လျှပ်စစ်မြစ်ရေတင်များဖြစ်သည့် တရုတ်လှမြစ်ရေတင်၊ ဘားကပ်မြစ်ရေတင်၊ ထုံးအိုင်မြစ်ရေတင်၊ ဇာသပြင်မြစ်ရေတင်၊ ဂျိုင်းမြစ်ရေတင်နှင့် သံလှယ်မြစ်ရေတင် ဧရိယာအတွင်း စပါးစိုက်ဧကများအတွက် မြစ်ရေတင်စီမံကိန်း (၆)ခုဖြင့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ မြစ်ရေတင် ရေပေးဝေလျက်ရှိကြောင်း သိရသည်။

 

“ကျွန်တော်က ဒီဒေသခံတစ်ဦးဖြစ်ပြီး အသက်(၂၀) အရွယ်ကတည်းက မိရိုးဖလာ လယ်လုပ်စားနေခဲ့ပါတယ်။ အခုဆိုရင် မိုးစပါးလုပ်ကိုင်ခဲ့ရာကနေပြီး မိုးစပါးအပြင် နွေစပါးကိုပါ (၁၀)ဧက လုပ်ကိုင်နေပါတယ်။ ဒီနှစ်က ရေကြီးလို့ မိုးစပါးပျက်စီးခဲ့တာလည်းရှိလို့ သက်ဆိုင်ရာက မျိုးစပါးရယ် မြေသြဇာ ကူညီပေးတာလည်း ရှိပါတယ်။ ပြန်စိုက်ပျိုးခဲ့တဲ့ စပါးတွေအတွက်ရယ် နောက်စိုက်ပျိုးမယ့် နွေစပါးအတွက် မြစ်ရေတင်ကိုပဲ အားကိုးရတာမို့ အမြဲပဲလိုအပ်ပါတယ်”ဟု ဂျိုင်းကျေးရွာနေ တောင်သူဦးထွန်းငွေက ပြောသည်။

 

ယခုနှစ် မြစ်ရေတင်(၆)ခုမှ ရေပေးဝေနိုင်မှု အကျိုးပြုဧက (၁၇၂၀)လျာထားပြီး ဂျိုင်းလျှပ်စစ်မြစ်ရေတင် စီမံကိန်းအနေဖြင့် ယခင်ဒီဇယ် အင်ဂျင်မြစ်ရေတင်ခြင်းမှ လျှပ်စစ်ဖြင့် မြစ်ရေတင်လုပ်ငန်းအား ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်က တည်ဆောက်ပြီး အကျိုးပြု ဧက(၆၀ဝ)ကို ရေပေးဝေနိုင်မည်ဖြစ်သည်။ လျာထားချက်ဧကလည်း ပြည့်မီကာ နွေရာသီတွင်မက မိုးစပါးရေကျနောက် စိုက်စပါးဧကများအတွက် ရေပေးဝေနိုင်ပြီး ရေပေးဝေနိုင်မှုမရှိသော အမြင့်ပိုင်းနေရာများဖြစ်သော ဂျိုင်းကျေးရွာအုပ်စုအတွင်း ကျေးရွာများရှိ မြေဧကများတွင် ဆောင်းသီးနှံများဖြစ်သည့် ပဲတီစိမ်း၊ ပဲလွန်းဖြူများ စိုက်ပျိုးကြောင်း သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)