ဂန့်ဂေါခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနရုံးဝန်း၌ ဝန်ထမ်းအိမ်ရာသစ်(၂)လုံး ဆောက်လုပ်နေမှု တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ဂန့်ဂေါ ဇန် ၂၂

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ရှိ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနတွင် ဆောက်လုပ်လျက်ရှိသည့် ဝန်ထမ်းအိမ်ရာသစ်(၂)လုံးအား ဇန်နဝါရီ ၂၁ ရက်က ဂန့်ဂေါခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးနှင့် ခရိုင်/မြို့နယ် တည်ဆောက်လုပ်ငန်း စိစစ်ရေကော်မတီဝင်များက ကြည့်ရှုစစ်ဆေးခဲ့သည်။ 

ထိုသို့စစ်ဆေးရာတွင် ခရိုင်အုပ်ချုပ်ရေးမှူး၊ ဦးဇော်လွင်ဦးနှင့် တာဝန်ရှိသူများသည် ဝန်ထမ်းအိမ်ရာသစ်များ၏ အတွင်း/အပြင် ဆောက်လုပ်မှုများကို ကြည့်ရှု့စစ်ဆေးရာ ဆုထူးစံကုမ္ပဏီမှ မန်နေဂျာ ဦးမျိုးသက်က တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး၊ ဦးဇော်လွင်ဦးက အဆောက်အဦများအား သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မီစွာတည်ဆောက်ရေးနှင့် လုပ်ငန်းများအချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန်၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ကူညီဆောင်ရွက်ပေးရမည့် ကိစ္စရပ်များရှိပါက တင်ပြပေးရန် လမ်းညွှန်မှာကြား ခဲ့သည်။

ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် မိုးလုံလေလုံ အားကစားရုံသစ်ကြီးနှင့် ဘောလုံးကွင်းများ သန့်ရှင်းရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဝန်ထမ်းအိမ်ရာများမှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ် လျက်ရှိသည့် ခရိုင်ဝန်ထမ်းအိမ်ရာ (၃၄ x ၈၀)ပေ၊ (RC) ၁ ထပ်၊ (၄)ခန်းတွဲ ခွင့်ပြုရန်ပုံငွေ (၇၂.၄)သန်းနှင့် မြို့နယ်ဝန်ထမ်းအိမ်ရာ (၃၄ x ၈၀)ပေ၊ (RC) ၁ ထပ်၊ (၄)ခန်းတွဲ ခွင့်ပြုရန်ပုံငွေ (၇၂.၄)သန်းဖြင့် ဝန်ထမ်းအိမ်ရာ အတွင်း/အပြင် ရေ၊ မီး၊ Apron & Drain ပါဝင်သောအမျိုးအစားဖြစ်ပြီး တင်ဒါအောင်မြင်သည့် ဆုထူးစံ ကုမ္ပဏီလီမိတက်မှ တာဝန်ယူဆောက်လုပ်နေခြင်းဖြစ်သည်။ 

မောင်မျိုးမင်း(ယော)